သီရိလင်္ကာနိုင်ငံရဲ့ ပထမဆုံးလက်ဝဲယိမ်း သမ္မတဖြစ်လာတဲ့ Anura Kumara Dissanayaka ဟာ တနင်္လာနေ့မှာ သမ္မတကျမ်းသစ္စာကျိန်ဆိုပါတယ်။
ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေနဲ့ စစ်တပ်အသိုင်းအဝိုင်းတို့ တက်ရောက်ပါတယ်။ အခမ်းအနားမှာ သမ္မတသစ် Dissanayaka ကနိုင်ငံရေးသမားတွေအပေါ် လူထုယုံကြည်မှု အပြည့်အဝရအောင် အစွမ်းကုန် ကြိုးစားလုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။
သီရိလင်္ကာစီးပွားရေး ၂၀၂၂ ခုနှစ်မှာ ပြိုလဲခဲ့ပြီးတဲ့နောက်ပိုင်း မက်စ်ဝါဒီ လွှတ်တော်အမတ် နိုင်ငံရေးသမားတဦးဖြစ်တဲ့ Dissanayaka ကို လူကြိုက်များ ထောက်ခံလာကြတာပါ။ အလုပ်သမားလူတန်းစားဘက်က ရပ်တည်တယ်လို့ သိကြတဲ့ Dissanayake ဟာ အသက် ၅၅နှစ်ရှိပြီး၊ လက်ဝဲယိမ်း အမျိုးသားပြည်သူအာဏာပါတီ JVP ကို ဦးဆောင်သူဖြစ်ပါတယ်။
သမ္မတသစ် Dissanayaka က ဒီနှစ်နှောင်းပိုင်း ပါလီမန်မစခင်အချိန်ထိ သူ့ပါတီကိုယ်ပိုင်အစိုးရကို ဖွဲ့စည်းလိုတယ်လို့ပြောဆိုထားပါတယ်။ သူ့ကိုယ်ပိုင်ပါတီ JVP ဟာ တချိန်က အစွန်းရောက်အဖွဲ့တခုဖြစ်ပြီး အမတ်နေရာ ၂၂၅ နေရာရှိတဲ့ လွှတ်တော်မှာ သုံးနေရာပဲ ရထားတာပါ။ သူ့ မဟာမိတ်ညွန်ပေါင်းအဖွဲ့ထဲမှာတော့ နိုင်ငံရေးပါတီတွေ လူငယ်အဖွဲ့တွေ အရပ်ဘက်လူမှုအဖွဲ့တွေ အမျိုးသမီးအဖွဲ့တွေနဲ့ အလုပ်သမားသမဂ္ဂတွေ ပါဝင်ပါတယ်။
သီရိလင်္ကာနိုင်ငံမှာ လွန်ခဲ့တဲ့ ၂ နှစ် နိုင်ငံ စီးပွားရေး ပြိုလဲခဲ့တာကြောင့် ပြုပြင်ပြောင်းလဲမှုတွေ လိုလားနေကြချိန်မှာပဲ၊ ဆင်းရဲမွဲတေမှုနဲ့ အဂတိလိုက်စားမှုတွေကို တိုက်ဖျက်သွားမယ်လို့ Dissanayake က ကတိပြုခဲ့သလို ပြီးခဲ့တဲ့နှစ် နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ IMFနဲ့ ညှိနှိုင်းခဲ့တဲ့ ကယ်ဆယ်ရေးအစီအစဉ်တွေကို ဆက်ပြီးလုပ်ဆောင်သွားမယ်လို့လည်း ပြောဆိုထားပါတယ်။
Your browser doesn’t support HTML5