ရုရှားအရေးစုံစမ်းကြားနာမှု Steve Bannon ငြင်းဆန်

အိမ်ဖြူတော်ရဲ့ မဟာဗျူဟာဆိုင်ရာ အကြီးအကဲဟောင်း Steve Bannon

၂၀၁၆ ခုနှစ် အမေရိကန် ရွေးကောက်ပွဲမှာ ရုရှားတို့ ကြားဝင်နှောင့်ယှက်ခဲ့မှုကို စုံစမ်းနေတဲ့ လွှတ်တော် အမတ်တွေရဲ့ မနေ့ အင်္ဂါနေ့က မေးမြန်းမှုတွေကို အိမ်ဖြူတော်ရဲ့ မဟာဗျူဟာဆိုင်ရာ အကြီးအကဲဟောင်း Steve Bannon က ဖြေဆိုဖို့ ငြင်းဆန်ခဲ့ပါတယ်။

ရုရှားအရေး စုံစမ်းစစ်ဆေးနေတဲ့ အဖွဲ့တွေထဲက တခုဖြစ်တဲ့ အောက်လွှတ်တော် ထောက်လှမ်းရေး ကော်မတီ ရှေ့မှောက်မှာ မစ္စတာ Bannon နာရီပေါင်းများစွာ ကြာမြင့်ခဲ့ပါတယ်။ မစ္စတာ Bannon ဘက်က ငြင်းဆိုမှုအပေါ် ကော်မတီက ဆင့်ခေါ်စာထုတ်ပြီး တု့ံ့ပြန်ခဲ့ပါတယ်။ ကော်မတီရဲ့ ထိပ်တန်း ဒီမိုကရက် လွှတ်တော် အမတ် Adam Schiff ကတော့ အိမ်ဖြူတော် တာဝန်ရှိသူတွေက မစ္စတာ Bannon ကို မေးခွန်းတွေ မဖြေဖို့ ညွှန်ကြားထားတာလို့ ပြောဆိုခဲ့ပါတယ်။

ဘယ်သူကမှ သူ့ကို တိုက်တွန်းထားတာ မရှိဘူးလို့ အိမ်ဖြူတော် ပြောခွင့်ရ Sarah Huckabee Sanders က သတင်းထောက်တွေကို ပြောပါတယ်။ သမ္မတ Trump အစိုးရ အနေနဲ့ လက်ရှိ စုံစမ်းစစ်ဆေးမှုတွေမှာ အပြည့်အ၀ ပူးပေါင်းဆောင်ရွက်နေပြီး လွှတ်တော် အနေနဲ့ လျို့ဝှက် အချက်အလက်တွေကို မရယူခင်မှာ အိမ်ဖြူတော်နဲ့ တိုင်ပင်ရမယ်လို့ အိမ်ဖြူတော် ပြောခွင့်ရက ပြောဆိုခဲ့ပါတယ်။

မစ္စတာ Bannon ကိုတော့ လွှတ်တော် ကော်မတီရှေ့မှောက် ထပ်ရောက်လာဦးမယ်လို့ မျှော်လင့်ကြောင်း အောက်လွှတ်တော် အမတ် Schiff က ပြောပါတယ်။ တချိန်တည်းမှာဘဲ သမ္မတ Trump ရဲ့ စည်းရုံးရေး အဖွဲ့နဲ့ ရုရှားကြား အဆက်အသွယ်တွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေတဲ့ ခုံအဖွဲ့ရှေ့မှောက် လာရောက် ထွက်ဆိုဖို့ မစ္စတာ Bannon ကို အထူးစုံစမ်းရေးမှူး Robert Mueller က ပြီးခဲ့တဲ့ သတင်းပတ်က ဆင့်ခေါ်ခဲ့တယ်လို့ New York Times က ဖော်ပြပါတယ်။

Your browser doesn’t support HTML5

ရုရှားအရေးစုံစမ်းကြားနာမှု Steve Bannon ငြင်းဆန်