ဆီးရီးယားနိုင်ငံမှာ အကြမ်းဖက်သမားတွေကို လက်နက်တွေ ပေးအပ်တဲ့သူ ဘယ်သူ့ကိုမဆို သေဒဏ် အပြစ်ပေးမယ့် ဥပဒေသစ်တရပ်ကို သမ္မတ Bashar al-Assad က ထုတ်ပြန်လိုက်တဲ့အကြောင်း နိုင်ငံပိုင် သတင်းတွေက ကြေညာပါတယ်။
အစိုးရ ဆန့်ကျင်သူတွေအပေါ် နှိမ်နင်းနေတာတွေ အဆုံးသတ်စေဖို့ ရည်ရွယ်ထားတဲ့ ငြိမ်းချမ်းရေး အစီအစဉ် တရပ်ကို လိုက်နာမှု ရှိမရှိ လေ့လာစောင့်ကြည့်သူတွေကို လက်ခံသွားမယ်လို့ သဘောတူခဲ့အပြီး နောက်တရက် ဖြစ်တဲ့ ဒီကနေ့မှာပဲ အစိုးရရဲ့ ကြေညာချက် ထွက်ပေါ်လာတာပါ။
သမ္မတ Assad အစိုးရကတော့ လနဲ့ချီပြီး ဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲတွေဟာ လက်နက်ကိုင် အကြမ်းဖက်အုပ်စု တွေရဲ့ လက်ချက်ဖြစ်တယ်ဆိုပြီး အပြစ်ဖို့ထားတာ ဖြစ်ပါတယ်။
အာရပ်အဖွဲ့ချုပ်ရဲ့ အစီအစဉ်ကို အစိုးရက လက်မှတ်ရေးထိုးထားပေမဲ့လည်း သွေးထွက်သံယို ပဋိပက္ခ တွေဟာ မနေ့ကအထိ ဆက်လက် ဖြစ်ပွားနေတုန်းပဲလို့လည်း တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ မနေ့တုန်းကဆိုရင် တူရကီနယ်စပ်နားက တာဝန်ချထားတဲ့ နေရာတွေကို စွန့်ခွာခဲ့ကြတဲ့ တပ်ပြေး ၇၀ လောက်ကို အစိုးရ တပ်တွေက ပစ်သတ်ခဲ့သလို တခြားနေရာ အတော်များများမှာလည်း လူပေါင်း ၃၀ လောက်ကို သတ်ဖြတ်ခဲ့တယ်လို့ တက်ကြွ လှုပ်ရှားသူတွေက ပြောခဲ့ကြတာပါ။
သွေးထွက်သံယို အဖြစ်အပျက်တွေအပေါ် ပြစ်တင်ရှုတ်ချတဲ့ ဆုံးဖြတ်ချက် တရပ်ကိုတော့ မနေ့တုန်းကပဲ ကုလသမဂ္ဂမှာ တခဲနက် ချမှတ်ခဲ့ပါတယ်။ ၉ လကြာ လူထုအုံကြွမှုတွေကြောင့် လူပေါင်း ၅,၀၀၀ ထက် မနည်း သေဆုံးခဲ့ပြီး ဖြစ်တယ်လို့လည်း ကုလသမဂ္ဂကပြောထားတာပါ။