စပိန်နိုင်ငံ Barcelona မှာ လူ ၁၄ ဦးထက်မနည်း သေဆုံးပြီး၊ ၁၀၀ ကျော် ဒဏ်ရာရခဲ့တဲ့ အကြမ်းဖက်ဝါဒီတွေရဲ့ ကားနဲ့တိုက်ခိုက်မှု ၂ ခုနဲ့ ဆက်နွယ်ပြီး၊ ၄ ယောက်မြောက် လူတဦးကို ဖမ်းဆီးလိုက်ကြောင်း၊ Catalonia ဒေသ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဖမ်းဆီးမှုနဲ့ ပတ်သက်လို့ ရဲတပ်ဖွဲ့က ဒီကနေ့ပဲ Twitter အင်တာနက် လူမှုကွန်ယက်မှာ အတည်ပြုကြေညာခဲ့ပေမဲ့၊ အသေးစိတ်ကိုတော့ ပြောဆိုခြင်း မရှိပါဘူး။
ရဲတပ်ဖွဲ့က ဖမ်းဆီးထားသူတွေထဲက တဦးနဲ့ ညီအကိုတော်သူ တဦးကို ဆက်လက် ရှာဖွေနေကြောင်း ရဲတပ်ဖွဲ့က ပြောပေမဲ့၊ အလိုရှိနေတဲ့ Moussa Oukabir ဆိုသူဟာ တိုက်ခိုက်ရာမှာ အသုံးပြုခဲ့တဲ့ကားကို မောင်းသူ ဟုတ်၊ မဟုတ် အတိအကျ မသိရသေးဘူးလို့လည်း ဆိုပါတယ်။
လွတ်မြောက်နေသူနဲ့ ညီအကိုတော်သူ Driss Oukabir ကိုတော့ Barcelona မြို့တော်မြောက်ဖက် ကီလိုမီတာ ၁၀၀ လောက် အကွာမှာရှိတဲ့ Ripoll မြို့မှာ မနေ့ကပဲ ဖမ်းဆီးခဲ့တာပါ။ မနေ့တုန်းက တိုက်ခိုက်မှု အတွင်းမှာတော့ Barcelona မြို့တော်က Las Ramblas လမ်းမကြီးပေါ်မှာ ဗင်ကားတစင်းကို အရှိန်ပြင်းပြင်းနဲ့မောင်းပြီး လမ်းတလျှောက်က လူတွေကို ဝင်တိုက်ခဲ့တာပါ။ ခြေလျင်ထွက်ပြေးသွားတဲ့ ဗင်ကားမောင်းသူကိုတော့ အခုအခါ အာဏာပိုင်တွေက ရှာဖွေနေကြပါတယ်။
Barcelona မြို့တော် တောင်ပိုင်းက Cambrils မြို့မှာလည်း အလားတူ ကားနဲ့တိုက်ခိုက်မှု ဖြစ်ပွားရာမှာ၊ လမ်းသွားလမ်းလာတွေနဲ့ ရဲကားတစင်းတို့ကို ဝင်တိုက်ခံခဲ့ရပါတယ်။ ရဲတပ်ဖွဲ့ကတော့ ကိုယ်ပေါ်မှာ ဖောက်ခွဲရေးပစ္စည်းတွေပတ်ထားတဲ့ တိုက်ခိုက်သူ ၅ ဦးကို အသေဖမ်းဆီးမိခဲ့ကြောင်း ပြောဆိုခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ဖောက်ခွဲရေး ပစ္စည်းတွေဟာ အတုတွေဖြစ်နေကြောင်း တွေ့ရှိခဲ့ကြပါတယ်။ Cambrils မြို့က တိုက်ခိုက်မှုမှာတော့ အရပ်သား ၆ ဦးနဲ့ ရဲတပ်ဖွဲ့ဝင် ၁ ဦး ဒဏ်ရာရခဲ့ပါတယ်။ တိုက်ခိုက်မှု ၂ ခုဟာ ဆက်နွယ်မှုရှိကြောင်း Catalonia ပြည်ထဲရေးဝန်ကြီးက ပြောပေမဲ့ အသေးစိတ်ကိုတော့ ရှင်းမပြပါဘူး။
Catalonia ဒေသက အိမ်တလုံးမှာ မနေ့တုန်းက ပေါက်ကွဲမှုဖြစ်ပွားပြီး လူတဦး သေဆုံးခဲ့တဲ့ ဖြစ်ရပ်နဲ့ အခုနောက်ဆုံး ကားနဲ့တိုက်ခိုက်မှုတွေဟာ ဆက်နွယ်မှုရှိမယ်လို့လည်း ရဲတပ်ဖွဲ့က ယူဆထားပါတယ်။ IS အစ္စလာမ် အစွန်းရောက် အဖွဲ့ကတော့ Barcelona မြို့တော်က တိုက်ခိုက်မှုဟာ သူတို့အဖွဲ့ဝင်တွေရဲ့ လက်ချက်ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
Barcelona မြို့တော်က ဒီကနေ့ အောက်မေ့ဖွယ် အခန်းအနားကိုတော့ စပိန်ဘုရင်နဲ့ ဝန်ကြီးချုပ်တို့လည်း တက်ရောက်ခဲ့ကြတာပါ။ ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ၃ ရက်ကြာ သတ်မှတ်လိုက်ကြောင်းလည်း ဝန်ကြီးချုပ် Mariano Rajoy ကကြေညာခဲ့ပါတယ်။ ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး Jean-Yves Le Drian ကတော့ တိုက်ခိုက်မှုကြောင့် အပြင်းအထန် ဒဏ်ရာရသူ ၁၁ ဦး အပါအဝင်၊ ထိခိုက်ဒဏ်ရာရသူ ပြင်သစ်နိုင်ငံသား ၂၆ ဦး ပါဝင်ကြောင်း ဒီကနေ့ပဲ ပြောဆိုခဲ့တာပါ။
အမေရိကန် သမ္မတ Donald Trump ကတော့ စပိန်နိုင်ငံကို လိုအပ်သလို ကူညီသွားမယ့်အကြောင်း မနေ့တုန်းကပဲ Twitter အင်တာနက် လူမှုကွန်ယက်ကနေ ပြောဆိုခဲ့သလို၊ နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ကလည်း အကြမ်းဖက်ဝါဒီတွေကို အမေရိကန်နဲ့ မဟာမိတ်တွေက ပူးပေါင်းရှာဖွေပြီး၊ တရားမျှတမှုရအောင် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
The United States condemns the terror attack in Barcelona, Spain, and will do whatever is necessary to help. Be tough & strong, we love you!
— Donald J. Trump (@realDonaldTrump) August 17, 2017
Your browser doesn’t support HTML5