လူ ၂၃ ယောက် သေဆုံးတဲ့ ဘတ်စ်ကား မီးလောင်မှုအတွက် ထိုင်းယာဉ်မောင်းကိုဖမ်းဆီး

မီးလောင်ကျွမ်းခဲ့တဲ့ ဘတ်စ်ကားကိုတွေ့ရစဉ် (အောက်တိုဘာ ၁၊ ၂၀၂၄)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဆင်ခြေဖုံးမှာ ကျောင်းသားတွေနဲ့ ဆရာတွေ လိုက်ပါလာတဲ့ ဘတ်စ်ကား မီးလောင်မှုကြောင့် လူပေါင်း ၂၃ ယောက် သေဆုံးခဲ့တဲ့ ဖြစ်ရပ်အတွက် ယာဉ်မောင်းသူကို ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ဆရာ ဆရာမ ၆ ဦး၊ မူလတန်းနဲ့ အလယ်တန်း ကျောင်းသူကျောင်းသား ၃၉ ဦး စီးနင်းလိုက်ပါလာတဲ့ ဘတ်စ်ကားဟာ ဘန်ကောက်မြို့မြောက်ဘက် အဝေးပြေးလမ်းမပေါ်မှာ မောင်းနှင်နေစဉ် မနေ့တုန်းက မီးလောင်မှု ဖြစ်ခဲ့တာပါ။ ကျောင်းလေ့လာရေးခရီးစဉ်အတွက် ဘန်ကောက်မြို့ မြောက်ဘက် ကီလိုမီတာ ၃၀၀ လောက် အကွာ Uthai Thani ပြည်နယ်ကနေ ထွက်လာတဲ့ ဘတ်စ်ကား မီးလောင်မှုဟာ မြန်ဆန်လွန်းတာကြောင့် ထွက်ပြေးဖို့ အချိန် မရခဲ့ဘူးလို့လည်း အသက်မသေ လွတ်မြောက်လာသူတွေက ပြောပါတယ်။

ကွယ်လွန်သွားသူတွေရဲ့ မိသားစုဝင်တွေဟာ အခုအခါ ဘန်ကောက်မြို့က ရဲဌာနဆေးရုံကိုရောက်နေကြပြီး သေဆုံးသွားသူတွေ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို သိရဖို့ DNA မျိုးရိုးဗီဇ လာရောက်စစ်ဆေးခံခဲ့ကြပါတယ်။ ဒီကိစ္စ အမြန်ဆုံးပြီးပြတ်ဖို့ ဆောင်ရွက်နေတယ်လို့လည်း ထိုင်းရဲတပ်ဖွဲ့ အကြီးအကဲရုံးက ထုတ်ပြန်ပါတယ်။

ဘတ်စ်ကားမောင်းသူ Saman Chanput ဟာ မီးလောင်ချိန်မှာ ထွက်ပြေးတိမ်းရှောင်သွားပေမဲ့ နာရီ အတော်ကြာမှာ လာရောက် အဖမ်းခံခဲ့တယ်လို့ ထိုင်းရဲက ပြောပြီး သူ့ကို ယာဉ်မဆင်မခြင်မောင်းနှင်မှုအပြင် တခြားသူတွေကို လွတ်မြောက်အောင် ကူညီဖို့ ပျက်ကွက်မှုနဲ့ တရားစွဲထားပါတယ်။ ယာဉ်မောင်းဟာ အစောပိုင်းမှာ မီးသတ်ဗူး ထွက်ရှာတာဖြစ်ပေမဲ့ အဲဒီနောက် ကြောက်လန့်ပြီး ထွက်ပြေးသွားတာလို့ ရဲတွေက ပြောပါတယ်။

ဘတ်စ်ကားကို ပုံမှန်အတိုင်း မောင်းနေစဉ် ကားရှေ့ဘီး ဟန်ချက်ပျက်တာကြောင့် တခြားကားတစီးကိုတိုက်မိပြီးနောက် အဝေးပြေးလမ်းမှာ ကာထားတဲ့ ကွန်ကရစ် နံရံကို ဝင်တိုက်မိရာကနေ မီးပွင့်ပြီး ကားမီးလောင်ကျွမ်းခဲ့တာလို့ ယာဉ်မောင်းက ပြောကြောင်း ဒေသဆိုင်ရာ ရဲအကြီးအကဲ Kornchai Klaiklung က သတင်းထောက်တွေကို ပြောပါတယ်။

Your browser doesn’t support HTML5

လူ ၂၃ ယောက် သေဆုံးတဲ့ ဘတ်စ်ကား မီးလောင်မှုအတွက် ထိုင်းယာဉ်မောင်းကိုဖမ်းဆီး