မြန်မာစစ်ပွဲတွေကြောင့် ထိုင်းနိုင်ငံတွင်း မူးယစ်ဆေးဝါးတင်ပို့မှုတိုးလာ 

ထိုင်းနိုင်ငံအတွင်း ဖမ်းဆီးရမိတဲ့မူးယစ်စိတ်ကြွဆေးပြားများကိုထိုင်းရဲတပ်ဖွဲ့က ပြသပြီး သတင်းစာရှင်းလင်းပွဲကျင်းပပုံ။ (ဓာတ်ပုံ-ထိုင်းရဲတပ်ဖွဲ့)

မြန်မာနိုင်ငံအတွင်းစစ်ပွဲတွေဖြစ်နေချိန်မှာ တိုင်းရင်းသားလက်နက်ကိုင်တွေက မူးယစ်ဆေးဝါးတွေပိုထုတ်လုပ်လာနေပြီး ထိုင်းနိုင်ငံအတွင်း သယ်ဆောင်လာနေတယ်လို့ ထိုင်းဖမောင့်တပ်ရင်း တာဝန်ရှိသူ ဗိုလ်မှူးကြီးတဦးက ပြောလိုက်ပါတယ်။​ ဒီသတင်းကို ဗွီအိုအေသတင်းထောက်မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံအတွင်း စစ်ပွဲတွေဖြစ်နေချိန်မှာ အိမ်နီးချင်းဖြစ်တဲ့ထိုင်းနိုင်ငံထဲမှာ ဖမ်းဆီးရမိတဲ့ မူးယစ်စိတ်ကြွဆေးပမာဏဟာ ပိုပြီးတိုးလာနေကြောင်း ထိုင်းဖမောင့် တပ်ရင်း တာဝန်ရှိသူ ဒုဗိုလ်မှူးကြီး Col. Meechai Nilsat က ပြောပါတယ်။

(၈) လအတွင်း သိမ်းဆည်းရမိတဲ့ စုစုပေါင်းပမာဏဟာ ဘတ်ငွေ သန်းပေါင်းနှစ်သောင်းကျော် (၂၀,၀၀၀ ကျော်) တန်ဖိုးရှိတဲ့ မူးယစ်စိတ်ကြွေဆေးပြား ၁၅၁ သန်းကျော်အထိ တိုးလာခဲ့တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ သူက ပြောသွားခဲ့တာဖြစ်ပါတယ်။

အခုလို ဖမ်းမိတဲ့ပမာဏဟာ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်၊ ချင်းရိုင်ဒေသ အတွင်း မနှစ်ကထက် အများဆုံးစံချိန်တင်ဖမ်းမိခဲ့တာလို့လည်း ဆိုပါတယ်။ 'အထူးသဖြင့် ရှမ်းပြည်နယ်အတွင်းက တရုတ်နိုင်ငံနဲ့ထိစပ်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်နယ်မြေတွေမှာ အများဆုံးထုတ်လုပ်နေပါတယ်။ ပြည်တွင်းစစ် အရှိန်မြင့်လာတာနဲ့အမျှ မူးယစ်ဆေးဝါးရောင်းရတဲ့ငွေတွေနဲ့ လက်နက်တွေ ဝယ်ယူနေကြပြီး အခုလို မူးယစ်ဆေးဝါး ထုတ်လပ်ရောင်းချမှုတွေမှာ တရုတ်နိုင်ငံသား စီးပွားရေးသမား မူးယစ်ကုန်သည်တွေပါ ပါဝင်ပတ်သက်နေကြောင်း' ထုတ်ဖေါ်ပြောဆိုသွားပါတယ်။

အခုရက်ပိုင်းအတွင်း ပြုလုပ်ခဲ့တဲ့ နိုင်ငံတော်အဆင့် မူးယစ်နှိမ်နင်းရေး သတင်းစာရှင်းလင်းပွဲမှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးဘုတ်အဖွဲ့ ညွှန်ကြားရေးမှူး ဒုတိယ ရဲမှူးချုပ် ကစ်တီရတ်ဖန်က ထိုင်းဘာသာနဲ့ ခုလိုပြောဆိုသွားပါတယ်။

"ထိုင်းအစိုးရက မူးယစ်နှိမ်နင်းရေးလုပ်ငန်းတွေကို တိုးမြှင့်နေပါတယ်။ ဒါပေမဲ့ တဘက်ကလည်း ဒေသအတွင်း မူးယစ်ဆေးတွေ တင်သွင်းလာမှုဟာလည်း ပိုများလာတာ တွေ့ရမှာပါ။ ထိုင်းမူးယစ်နှိမ်နင်းရေးဗျူရိုအနေနဲ့ နယ်စပ်ဒေသတလျှောက် ထောက်လှမ်းရေး ဒရုန်းယာဉ်တွေသုံးပြီး စုံစမ်းစစ်ဆေးနေသလို နယ်ခြားစောင့်တပ်ဖွဲ့ဝင်အင်အားတွေတိုးပြီးတော့လည်း စောင့်ကြည့်စစ်ဆေးနေပါတယ်။ အဖွဲ့အစည်းပေါင်းစုံနဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့အတွက် အခုလို ထိုင်းနိုင်ငံတွင်းဝင်လာတဲ့ မူးယစ်ဆေးဝါးတွေကို ဟန့်တားနိုင်ခဲ့တာပါ" လို့ပြောသွားပါတယ်။

ထိုင်းမူးယစ်ဆေးဝါး ထိန်းချုပ်ရေးဘုတ်အဖွဲ့ (NACC) ကနေ ၂၀၂၃ ခုနှစ် အောက်တိုဘာလကနေ ၂၀၂၄ ခုနှစ် ဇွန်လအထိ ၉ လအတွင်း ထိုင်းနိုင်ငံမှာ စိတ်ကြွဆေးပြားသန်း ၅၀၀ ကျော်ဖမ်းမိကြောင်း၊ ဖမ်းမိတဲ့စိတ်ကြွဆေးအများစုဟာ မြန်မာနယ်စပ်နဲ့ထိစပ်နေတဲ့ ထိုင်းမြောက်ပိုင်းမှာဖြစ်တယ်လို့လည်း ဇွန်လကုန်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

Your browser doesn’t support HTML5

မြန်မာစစ်ပွဲတွေကြောင့် ထိုင်းနိုင်ငံတွင်း မူးယစ်ဆေးဝါးတင်ပို့မှုတိုးလာ