မဲဆောက် အထောက်အထားမဲ့မြန်မာတွေကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံ

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့က အထောက်အထားမဲ့မြန်မာများ ကိုဗစ်ကာကွယ်ဆေးထိုးရန် စောင့်ဆိုင်းနေစဉ်။ (အောက်တိုဘာ ၂၆၊ ၂၀၂၁/ ဓာတ်ပုံ VOA Burmese)

{{Zawgyi/Unicode}}

ထိုင်း မြန်မာနယ်စပ် တာ့ခ်ပြည်နယ် မဲဆောက်မြို့မှာ အထောက်အထားမဲ့ မြန်မာတွေ ဒီနေ့ အောက်တိုဘာလ ၂၆ ရက်နေ့ကစပြီး ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံခွင့်ရပြီဖြစ်ပါတယ်။ နေ့စဉ် လူ ၂၀၀ ကနေ ၃၀၀ အထိ ထိုင်းကျန်းမာရေးဝန်ကြီးဌာနရဲ့ အစီအစဉ်နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာ ကိုဗစ်ကာကွယ်ဆေး ထိုးပေးတဲ့ အစီအစဉ်အကြောင်း ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက စုံစမ်းတင်ပြပေးထားပါတယ်။

ထိုင်းမြန်မာနယ်စပ် တာ့ခ်ပြည်နယ် မဲဆောက်မြို့က မြို့ပိုင်ရုံးလို့သိကြတဲ့ မြိ့ုနယ်အုပ်ချုပ်ရေးမှူးရုံးမှာ ပြီးခဲ့တဲ့တပတ်ကစလို့ ကိုဗစ်ကာကွယ်ဆေးကို ထိုးနှံပေးပေးနေတာမှာ ဒီနေ့ အောက်တိုဘာလ၂၆ ရက် ကစပြီး အထောက်အထားမရှိသူတွေကိုပါ ကာကွယ်ဆေး စတင်ထိုးပေးနေပါတယ်။ ထိုင်းနိုင်ငံမှာ တရားဝင် နေထိုင်ခွင့် အထောက်အထားမရှိတဲ့ မြန်မာနိုင်ငံနိုင်ငံသားတွေကိုပါ ကိုဗစ်ကာကွယ်ဆေးထိုးပေးနေတယ်လို့ စေတနာဝန်ထမ်းအဖြစ် ဆောင်ရွက်နေသူ ကိုမန်းမျိုးမြင့်က အခုလိုပြောပြပါတယ်။

“သူတို့က ဒီနေ့ကနေစပြီးတော့ နေ့စဉ်ဆေးထိုးသွားပေးမယ့် အနေအထားပါ။ ဒီကနေ့မှာတော့ လူအယောက် ၃၀၀ ထိုးပေးတယ်။ မြန်မာနိုင်ငံသားတွေ လက်မှတ်ရှိရှိ မရှိရှိ ဒီနေ့ အယောက် ၃၀၀။ မနက်ဖြန်မှာ ၂၀၀ ထိုးပေးမယ်။ အရင်က ရက်ကြာမှတခါထိုးပေးတော့ လူက တထောင် နှစ်ထောင်ဖြစ်ကုန်တယ်။ အဲဒါက အဆင်မပြေဘူး။ ကျန်းမာရေးအတွက်လည်းမကောင်းဘူး။ အခု သူတို့လုပ်ပေးတာ အတော်အဆင်ပြေတယ်။ ဒီနေ့ ၃၀၀။ မနက်ဖြန်ဆို ၂၀၀ ။ နောက်နေ့ဆိုရင် ဆေးထိုးချင်ရင် လက်မှတ် ရှိရှိမရှိရှိ မနက် ၉ နာရီဆို မြို့ပိုင်ရုံးကိုသွားပါ။ ဆေးထိုးပေးတဲ့ခန်းမမှာ ဖောင်သွားယူပြီး ဖောင်ကိုဖြည့်ပါ။ နေ့လည် ၁ နာရီကိုပြန်လာပြီး ဆေးထိုးရမယ်။”

ထိုင်းအစိုးရရဲ့စာရင်းအရ ထိုင်းတနိုင်ငံလုံးက လူဦးရေ ၄၀ ရာခိုင်နှုန်းကျော်သာ ကိုဗစ်ကာကွယ်ဆေးထိုးပြီးတာမို့ စီးပွားရေးဇုန်ရှိတဲ့မဲဆောက်မြို့ကို ကိုဗစ်ကင်းစင်အောင် လျော့ကျအောင် အပူတပြင်း လုပ်ဆောင်နေတဲ့အခြေအနေရှိတယ်လို့လည်း သူကပြောပါတယ်။

“ထိုင်းအနေနဲ့ သူတို့ကလည်း အပူတပြင်းလုပ်လာတဲ့အနေအထားရှိတယ်။ မဲဆောက်မြို့မှာ ကိုဗစ်ကင်းစင်ဇုံမဟုတ်တာတောင်မှ ကိုဗစ်လျော့နည်းသွားတဲ့အချိန် ရောင်းရေးဝယ်ရေး စီးပွားရေး၊ လူမှုရေး အဆင်ပြေတဲ့အနေအထားရအောင် သူတို့အားထုတ်နေပုံရပါတယ်။”

ထိုင်းနိုင်ငံ ကိုဗစ်တတိယလှိုင်းအတွင်း ရွှေ့ပြောင်းအလုပ်သမားတွေကြား အလုံးအရင်းနဲ့ ကူးစက်မှုများခဲ့တာ မဲဆောက်မှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့လတွေက ကိုဗစ်ကာကွယ်ဆေးထိုးနိုင်ဖို့ မလွယ်ကူခဲ့ပေမဲ့ အခုတော့ ထိုင်းအစိုးရအစီအစဉ်နဲ့ ရပ်ကွက်အလိုက် ကိုဗစ်ကာကွယ်ဆေးတွေကို အထောက်အထား မရှိသူ ဘယ်သူမဆို ထိုးခွင့်ရလာပါတယ်။ မဲဆောက်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာ အခု အထောက်အထားမဲ့တွေပါ ထိုးခွင့်ရလာတာဟာ ကပ်ရောဂါမပြန့်ပွားရေးကို ဦးတည်နေတယ်လို့လည်း ကိုမန်းမျိုးမြင့်ကပြောပြပါတယ်။

“ထိုင်းအစိုးရအနေနဲ့သုံးသပ်ပုံရပါတယ်။ လက်မှတ်ရှိရှိမရှိရှိ လူမှန်ရင်တော့ထိုးရမယ်လေ။ ဒီရောဂါက လည်း လက်မှတ်ရှိရှိမရှိရှိ လူမရွေးဘူးလေ။ အဲဒါကြောင့်မို့ အကုန်လုံးကိုထိုးပေးရမယ်ဆိုတာကို သူတို့ ဆုံးဖြတ်ထားပုံရပါတယ်။ အဲဒါကြောင့်မို့ အပူတပြင်း လိုက်လုပ်နေတယ်။သူတို့ရဲ့ဖောင်စာရွက်မှာရေးထားတာကတော့ ဆေး ၄ မျိုးရေးထားတယ်။ Sinovac vaccine ရယ်၊ AstraZeneca vaccine ရယ်၊ Pfizer vaccine ရယ်၊ Sinopharm vaccine ရယ်။ ဒီလေးမျိုးထဲက ဘာရမလဲမသိဘူး။ တခုခုတော့ရမယ်။ ဒါပေမယ့်အခုထိုးနေတာကတော့ Sinovac vaccine ရယ် AstraZeneca vaccine ရယ်ပေါ့နော်။”

အသက် ၁၈ နှစ်နဲ့အထက် တရားဝင် နေထိုင်ခွင့်ရှိသူတွေကိုရော အထောက်အထားလက်မှတ် မရှိသူတွေကိုပါ ကိုဗစ်ကာကွယ်ဆေးတွေ ထိုးပေးနေတာဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာ ဒီနေ့အထိ စုစုပေါင်း ၁ သန်း ၈သိန်းကျော်ရှိပါတယ်။ အတည်ပြု လူနာသစ်ကလည်း နေ့စဉ် သောင်းဂဏန်းရှိခဲ့ရာက အခု ထောင်ဂဏန်းအထိ လျော့ကျနေပါတယ်။ ထိုင်းအစိုးရက စက်တင်ဘာလကစပြီး ၄ လအတွင်းမှာ တနိုင်ငံလုံးအနှံ့ ကိုဗစ်ကာကွယ်ဆေးကို အပြီးထိုးနှံဖို့အတွက် ရည်မှန်းထားပါတယ်။ ဒါအပြင် ၂၀၂၂ နှစ်ဆန်းကစပြီး မြန်မာအပါအဝင် အိမ်နိးချင်းနိုင်ငံတွေက နယ်စပ်တွေကိုလည်း ပြန်ဖွင့်ဖို့ ရည်မှန်းထားပါတယ်ရှင်။

Your browser doesn’t support HTML5

မဲဆောက် အထောက်အထားမဲ့မြန်မာတွေကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံ


==========

{Unicode}












#Covid19 #CovidVaccine #MyanmarMigrants #VOABurmese


==========