ထိုင်း-မြန်မာ ဆက်ဆံရေးအလားအလာ

၂၀၁၂ခုနှစ် မေလ က ထိုင်းနိုင်ငံ Samut Sakhon ဒေသသို့ လာရောက်သော ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် မိန့်ခွန်း နားထောင်ရန် လာရောက် ကြသော မြန်မာရွေ့ပြောင်း လုပ်သားများ။ ဓါတ်ပုံ - (AP Photo/Wason Wanichakorn)

ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်မယ့် အလားအလာတွေ ရှိနေသလို ဆက်ဆံရေးတွေ အားကောင်းလာမယ့် အရိပ်အယောင်တွေ တွေ့မြင်နေရတယ်လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးရဲ့ ၂ ရက်ကြာ ခရီးစဉ်နဲ့ ပတ်သက်လို့ မြန်မာ့အရေး အကဲခတ်တွေ က မြင်ကြပါတယ်။ မြန်မာ ထိပ်တန်း ခေါင်းဆောင်တွေ နဲ့ တွေ့ဆုံချိန်မှာတော့ အိမ်နီးချင်း ၂ နိုင်ငံကြား ပြဿနာတွေကိုလည်း ပူးပေါင်း ဖြေရှင်းကြဖို့ ဆွေးနွေးခဲ့ကြပါတယ်။ ထိုင်း မြန်မာဆက်ဆံရေး အခြေအနေနဲ့ ပါတ်သတ်လို့ လေ့လာသူတွေရဲ့ အမြင်တွေကို ကိုအောင်အောင်က စုစည်း တင်ပြထားပါတယ်။

ထိုင်း နိုင်ငံခြားရေးဝန်ကြီးဟာ သူ့ရဲ့ ၂ ရက်ကြာ ခရီးစဉ်အတွင်း မြန်မာ သမ္မတ ဦးထင်ကျော်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့ကို နေပြည်တော်မှာ မေလ ၉ ရက်နေ့က သီးခြားစီတွေ့ဆုံခဲ့ပါတယ်။ အစိုးရသစ်လက်ထက်မှာ ပထမဆုံး တွေ့ဆုံမှုနဲ့ ပါတ်သတ်လို့ ထိုင်းနိုင်ငံ ချူလာလောင်ကွန်တက္ကသိုလ်ရဲ့ လုံခြုံရေးနဲ့ နိုင်ငံတကာ လေ့လာရေးဌာန အကြီးတန်း သုတေသီ Kavi Chongkittavorn က အခုလိုသုံးသပ်ပြောဆိုပါတယ်။

“ထိုင်းမြန်မာ ဆက်ဆံရေးအခြေအနေဟာ အလွန်ကောင်းမွန်နေပါတယ်။ ထိုင်း ဝန်ကြီးချုပ် ပရာရွတ်ရဲ့ စေလွှတ်မှုအရ နိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမတ်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခဲ့တဲ့ ပထမဆုံး အာဆီယံ နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာပါတယ်။ ဒါဟာ မြန်မာဘက်က ထိုင်းအစိုးရကို ဦးစားပေးတွေ့ဆုံတာဖြစ်ပြီး ၂ နိုင်ငံအကျိုးစီးပွါးနဲ့ ပတ်သတ်ပြီး အတူ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်နေပါတယ်။ အရေးကြီးဆုံး ကိစ္စကတော့ ရွှေ့ပြောင်းလုပ်သား ၄ သန်းခွဲအရေးပါ။ ဒါပေမယ့် မှတ်ပုံတင်ထားတာက ၂ သန်းလောက်ပဲရှိပါတယ်။ လွန်ခဲ့တဲ့ ၁၈ လအတွင်း တုန်းကတော့ အလုပ်သမားတွေရဲ့ဘ၀ ပိုပြီးလုပ်ခြုံမှုရှိလာအောင်နဲ့ လုပ်ငန်းခွင် အနေအထား တိုးတက်လာအောင် ဆောင်ရွက်တာတွေရှိလာပါတယ်။”

ဒါပေမယ့်လည်း မြန်မာအစိုးရအနေနဲ့ ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းအခြေချ အလုပ်လုပ်ကိုင်နေသူတွေ အရေးအပြင် လိပ်ကျွန်းလူသတ်မှုတရားခံတွေအဖြစ် ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသားတွေအရေးကိုလည်း ဆောင်ရွက်ပေးသင့်တယ်လို့ ဧရာဝတီသတင်းအေဂျင်စီ အယ်ဒီတာချုပ် ကိုအောင်ဇော်က အခုလိုပြောပါတယ်။

“ ဒီကိစ္စနဲ့ ဆက်စပ်ပြီး ထိုင်းမြန်မာ ဆက်ဆံရေးတောင်မှ အများကြီး ဆိုးသွားနိုင်တယ်လို့ အချို့ က သုံးသပ်ခဲ့ကြတယ်။ မနှစ်က စပြီးတော့ပေါ့လေ။ ဒီကြားထဲမှာ နှစ်ဖက်က ဝိုင်း ထိမ်းကြရတာတွေ ရှိတယ်။ ဆိုတော့ ဦးထင်ကျော်နဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရအနေနဲ့ အဲဒီလို ကိစ္စမျိုးတွေအတွက် ဘယ်လိုမျိုး စင်တာ တစ်ခု တည်ဆောက်ပြီး လုပ်ပေးနိုင်မလဲ။ ဒါမှမဟုတ်ရင် ထိုင်းမှာ အခြေစိုက်တဲ့ မြန်မာသံရုံးကကော အလုပ်တွေ ဘယေ်လာက် ပိုလုပ်ပေးနိုင်မလဲ။ ”

ထိုင်းနိုင်ငံ မြန်မာသံရုံးကတော့ မြန်မာအလုပ်သမားတွေကို ကူညီစောင့်ရှောက်ဖို့ နယ်မြေအလိုက် အသင်းအဖွဲ့တွေ ဖွဲ့စည်းထားတယ် လို့ ပြောဆိုထားပါတယ်။ မြန်မာနိုင်ငံမှာ စစ်အစိုးရ အုပ်ချုပ်စဉ်ကာလအတွင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ရာစုနှစ်ဝက်ကြာ ပြည်တွင်းစစ်ဖြစ်ပါွးခဲ့ပြီး ထိုင်း မြန်မာ နယ်စပ်တလျှောက်မှာဆိုလျင်လည်း ကရင်နဲ့ မွန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တို့ အခြေစိုက်ထားတာပါ။ အခုအခါမှာတော့ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား တစုံတရာ နားလည်မှုနဲ့ အပစ်အခတ် ရပ်စဲ ထားနိုင်ခဲ့ပြီဖြစ်ပြီး ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာလည်း ထိုင်းအစိုးရဟာ ပါဝင် ဆောင်ရွက်နေတယ်လို့ Mr. Kavi က ထောက်ပြပြောဆိုပါတယ်။

“ထိုင်းနိုင်ငံအနေနဲ့ ထိုင်း မြန်မာ နယ်စပ်မှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို ထောက်ပံ့ပေးတာမျိုးမရှိဘူးဆိုတာကိုလည်း မြန်မာအစိုးရအနေနဲ့ သိရှိနားလည်လာ သလို လွန်ခဲ့တဲ့ ၂ နှစ် အတွင်း မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ သွယ်ဝိုက်ပြီးတော့လည်း ပါဝင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ အောက်တိုဘာတုန်းကလည် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲမှာ ထိုင်းအစိုးရလည်း တက်ရောက်ခဲ့ပါတယ်။”

ဒါ့အပြင် အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုများလာအောင်နဲ့ နယ်စပ်မြို့ မဲဆောက်မှာ ဆိုရင်လည်း အထူးစီးပွါးရေးဇုံဖွင့်လှစ်ဖို့ မကြာသေးခင်ကမှ ကြေညာခဲ့သလို ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း ဆက်လက်ဆောင်ရွက်ဖို့လည်း ပူးပေါင်းဆောင်ရွက်နေတယ်လို့ Mr. Kawi က ပြောပါတယ်။ ဒီကနေ့ တွေ့ဆုံဆွေးနွေးတဲ့ နေပြည်တော်က အစည်းအဝေးမှာတော့ မြန်မာသမ္မတအနေနဲ့ ထိုင်းနိုင်ငံကို အလည်အပတ်လာရောက်ဖို့ကိုလည်း ထိုင်းနိုင်ငံဖက်က ဖိတ်ကြားခဲ့ပါတယ်။