ချင်းမိုင်ခရိုင် မဲအိုင်းမြို့နယ်ထဲမှာ အမှတ် (၃) ဒေသ 3207 နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေနဲ့အတူ ဖမောင်တပ်ဖွဲ့ဝင်တွေပူးပေါင်းပြီး မူးယစ်ဆေး အများဆုံးဝင်လာနေတဲ့ နယ်ခြားလမ်းတွေကို ပိတ်ဆို့စောင့်ကြည့်နေကြစဥ် မြန်မာဘက်ကဝင်လာတဲ့ လက်နက်ကိုင် မူးယစ်ဂိုဏ်းဝင် ၁၀ ဦးခန့်နဲ့ တိုက်ပွဲဖြစ်ခဲ့ပါတယ်။ မူးယစ်လက်နက်ကိုင်တွေဘက်က ၆ ဦးသေဆုံးကြောင်း စက်တင်ဘာလ ၉ ရက်နေ့မှာပဲ ထိုင်းနယ်ခြားစောင့် တပ်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက်မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
ချင်းမိုင်ခရိုင် မဲအိုင်းမြို့နယ် ဒွိုင်လန်တောင်တန်း အမှတ် (၄) ကျေးရွာအုပ်စုအနီးက တောင်တန်းမှာ အမှတ် (၃) နယ်ခြားစောင့်တပ်နဲ့ ထိုင်း ဖမောင့်တပ် ပူးပေါင်းတပ်တွေဟာ မြန်မာနိုင်ငံဘက်ကနေဝင်ရောက်လာတဲ့ မူးယစ်ဂိုဏ်းဝင်လက်လက်ကိုင် ၁၀ ဦးခန့်နဲ့ စက်တင်ဘာလ ၇ ရက်နေ့နဲ့ ၈ ရက်နေ့တွေမှာ နှစ်ဘက် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့တာပါ။
မူးယစ်ဂိုဏ်းဝင်တွေကို ထိုင်းနယ်ခြားစောင့်တပ်က စစ်ဆေးဖို့ရပ်တန့်ခိုင်းချိန်မှာ ပစ်ခတ်မှုတွေစတင်ခဲ့ပြီး စက်တင်ဘာလ ၈ ရက်နေ့မှာတော့ တနာရီကျော််ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးတဲ့နောက် မူးယစ်လက်နက်ကိုင်တွေဟာလာလမ်းအတိုင်း ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ဆိုပါတယ်။
အမှတ် (၃) ဒေသ နယ်ခြားစောင့်တပ်က Pol. Maj. Gen. Thawatchai Phongwiwatchai (ဗိုလ်ချုပ် ထဝပ်ချိုင်း ဖုန်ဝိဝပ်ချီ) က ထိုင်းဘာသာနဲ့ အခုလိုပြောသွားပါတယ်။
“အခင်းဖြစ်တဲ့နေရာကို ထိုင်းနယ်ခြားစောင်တပ်နဲ့ထိုင်းစစ်တပ်က ရှင်းလင်းတဲ့အခါ မူယစ်လက်နက်ကိုင် (၆)ဦး သေဆုံးနေပြီးအိတ် ၁၃အိတ်ဖမ်းမိရာမှာ အဲဒီအိတ်တွေထဲမှာ စိတ်ကြွဆေးပြားတသန်းသုံးသိန်းကို တွေ့ခဲ့ပါတယ်။ နှစ်ဘက်တိုက်ပွဲအတွင်း ထိုင်းဘက်က အကျဆုံးမရှိဘူး” လို့ အခင်းဖြစ်တဲ့နေရာကိုလာရောက်ကြည့်ရှု စစ်ဆေးခဲ့တဲ့ ဗိုလ်ချုပ် ထဝပ်ချိုင်းကပြောသွားခဲ့တာပါ။ မြန်မာဘက်က မူးယစ်မှောင်ခို ဂိုဏ်းတွေဟာ ဒီလပိုင်းတွေအတွင်း စိတ်ကြွဆေးပြား သန်း ၁၀၀ လောက် ထိုင်းဘက်ကိုသွင်းမယ်ဆိုတာ သတင်းရထားတဲ့အတွက် ထိုင်းဘက်ကတပ်အင်အားတွေတိုးချဲ့ပြီး စောင့်ကြည့်နေတယ်လို့လည်း သူက သွားပါတယ်။
ဆုတ်ခွါသွားတဲ့ မူးယစ်ဂိုဏ်းဝင်တွေဟာ ၈ ရက်နေ့ ညပိုင်းမှာပဲ အခင်းဖြစ်တဲ့နေရာကိုပြန်လာပြီး စိတ်ကြွဆေးပြားတွေပြန်လာယူဖို့ ကြိုစားခဲ့တာကြောင့် နောက်ဆက်တွဲ တိုက်ပွဲတွေဆက်ဖြစ်ခဲ့တယ်လို့ ထိုင်းနယ်ခြားစောင့်က သတင်းထုတ်ပြန်ခဲ့ပါတယ်ရှင်။
Your browser doesn’t support HTML5