Move Forward ပါတီခေါင်းဆောင် Pita အမတ်အဖြစ်က ဆိုင်းငံ့ခံရ

Move Forward ပါတီခေါင်းဆောင် Pita အမတ်အဖြစ်က ဆိုင်းငံ့ခံရ (ဇူလိုင် ၁၉၊၂၀၂၃)

ပြီးခဲ့တဲ့ ထိုင်းနိုင်ငံ ရွေးကောက်ပွဲမှာ လူထုထောက်ခံမဲ အများစု အနိုင်ရထားတဲ့ Move Forward ပါတီ ခေါင်းဆောင် Pita Limjaroenrat ကို ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံးက လွှတ်တော်အမတ် အဖြစ်က ယာယီ ဆိုင်းငံ့လိုက်ပါတယ်။ ဝန်ကြီးချုပ်သစ် နေရာအတွက် ဒီကနေ့ လွှတ်တော်မှာ ဒုတိယအကြိမ် မဲခွဲ အဆုံးအဖြတ် ခံယူဖို့ ရှိနေချိန်မှာပဲ အမတ်အဖြစ်ကနေ ခုလို ဆိုင်းငံ့ခံလိုက်ရတာပါ။
Pita ဟာ မီဒီယာ လုပ်ငန်းတခုမှာ အစုရှယ်ယာတွေ ပိုင်ဆိုင်ထားတဲ့အတွက် ရွေးကောက်ပွဲ ဥပဒေတွေကို ချိုးဖောက်ရာ ရောက်တာကြောင့် ပြီးခဲ့တဲ့ မေလ ၁၄ ရက် ရွေးကောက်ပွဲမှာ ပါဝင်ယှဥ်ပြိုင်ဖို့ အရည်အချင်း ပြည့်မီသူ မဟုတ်ဘူးလို့ ဆိုတဲ့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ တိုင်ကြားချက်ကို ဖွဲ့စည်းပုံတရားရုံးက လက်ခံခဲ့ပြီးတဲ့နောက် ဒီကနေ့ အမိန့် ချမှတ်လိုက်တာပါ။
ဒီအမိန့် ထွက်လာပြီးမှာပဲ Pita ကို ထောက်ခံသူတွေ ဖွဲ့စည်းပုံတရားရုံးရှေ့မှာ မကျေမနပ် ဆန္ဒပြခဲ့ပါတယ်။ လူထု အများစု ထောက်ခံမှု ရထားတဲ့ Pita ကို လွှတ်တော်အမတ် အဖြစ်ကနေ ရပ်ဆိုင်းတဲ့ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ဘယ်လိုမှ လက်မခံနိုင်ဘူးလို့ ဆန္ဒပြသူတွေက ပြောဆိုကြပါတယ်။ လူထုကို ကာကွယ်ရမယ့် တရားရုံးက လူထုဆန္ဒကို ဆန့်ကျင်ပြီး ခုလို ဆုံးဖြတ်ချက် မချသင့်ဘူလို့ ဆန္ဒပြသူတွေက ပြောပါတယ်။

Move Forward ပါတီခေါင်းဆောင် Pita အမတ်အဖြစ်က ဆိုင်းငံ့ခံရ (ဇူလိုင် ၁၉၊၂၀၂၃)

တိုးတက်တဲ့အမြင်ရှိပြီး အပြောင်းအလဲ လိုလားသူ အဖြစ် အသိအမှတ်ပြု ခံထားရတဲ့ အသက် ၄၂ နှစ်အရွယ် Pita ရဲ့ Move Forward ပါတီဟာ ပြီးခဲ့တဲ့ မေလ ရွေးကောက်ပွဲမှာ မဲအများစုနဲ့ အနိုင်ရခဲ့ ပြီးတဲ့နောက် သူ့ကို ဝန်ကြီးချုပ်သစ် နေရာအတွက် ရွေးချယ်ဖို့ ပြီးခဲ့တဲ့ သီတင်းပတ်က လွှတ်တော်တွင်း မဲခွဲ ခဲ့ကြပေမဲ့လို့ လုံလောက်တဲ့ ထောက်ခံမဲ မရခဲ့ပါဘူး။ ဒါကြောင့် ဒီကနေ့ ဒုတိယအကြိမ် လွှတ်တော်မှာ ထပ်မံ အရွေးခံဖို့ ရှိနေတာပါ။
ဒီတခေါက် မဲခွဲမှုမှာ ထပ်ပြီး ရှုံးနိမ့်မယ်ဆိုရင်တော့ မဟာမိတ်ပါတီတခုဖြစ်တဲ့ The Pheu Thai ပါတီကို အစိုးရဖွဲ့စေဖို့ အလှည့်ပေးမယ်လို့ Pita က ပြောထားပါတယ်။ သူ့ရဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေထဲမှာ ထိုင်းတော်ဝင်မိသားစုအပေါ် ထိပါးစော်ကားမှုတွေကို တားမြစ်ထားတဲ့ ဥပဒေကို ပြင်ဆင်မယ်ဆိုတဲ့ အချက် ပါဝင်သလို၊ ဒီအချက်က Pita ဝန်ကြီးချုပ်ဖြစ်ရေးမှာ အကြီးမားဆုံး စိန်ခေါ်မှု ဖြစ်နေတာပါ။ စစ်တပ်က ခန့်ထားတဲ့ အထက်လွှတ်တော် အမတ်တွေက ဒီအချက်ကို အဓိကထောက်ပြပြီး Pita ကို အပြင်းအထန် ကန့်ကွက်နေကြတာ ဖြစ်ပါတယ်။
#VOABurmese #thailand #pita