၀န်ကြီးချုပ်ဟောင်း တပ်ခ်ဆင် ထိုင်းနိုင်ငံပြန်လာမည်

ထိုင်းဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra

ပြည်ပမှာ တိမ်းရှောင်နေတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra မကြာခင် နိုင်ငံကို ပြန်လာတော့မယ်လို့ သမီးဖြစ်သူက ဒီနေ့ပဲ ပြောလိုက်ပါတယ်။ Thaksin သမီးဖြစ်သူ ဦးဆောင်တဲ့ Pheu Thai ပါတီက စစ်တပ်ကို ထောက်ခံတဲ့ နိုင်ငံရေး ပါတီတချို့ အပါအဝင် ပါတီပေါင်း ၁ ဒါဇင်ကျော်နဲ့ ညွန့်ပေါင်းအစိုးရဖွဲ့မယ့် အစီအစဉ်သစ်ကို ကြေညာလိုက်တဲ့ တချိန်တည်းမှာပဲ ဝန်ကြီးချုပ်ဟောင်း ပြန်လာမယ့်အကြောင်း သမီးဖြစ်သူက အတည်ပြုလိုက်တာပါ။

ဖခင်ဖြစ်သူ ပြန်လာတာကို တတ်နိုင်ရင် လူကိုယ်တိုင်ကြိုဆိုလို့ ရသလို၊ ရုပ်မြင်သံကြားကနေ စောင့်ကြည့်လို့လည်း ရပါတယ်လို့ Pheu Thai ပါတီရဲ့ ဝန်ကြီးချုပ်အဖြစ် အဆိုပြုခံထားရသူ တဦးလည်းဖြစ်၊ Thaksin ရဲ့ အငယ်ဆုံး သမီးလည်းဖြစ်တဲ့ Paetongtarn Shinawatra က ဒီကနေ့ သူ့ရဲ့မွေးနေ့ အခမ်းအနားမှာ ပြောလိုက်တာပါ။

ဆက်သွယ်ရေးလုပ်ငန်းရှင် သူဌေးကနေ ၂၀၀၁ ခုနှစ်မှာ ဝန်ကြီးချုပ် ဖြစ်ခဲ့တဲ့ တပ်ခ်ဆင်ကိုတော့ ၂၀၀၆ ခုနှစ်မှာပဲ စစ်တပ်က အာဏာသိမ်း ဖယ်ရှားခဲ့ပြီး၊ ၂၀၀၈ ခုနှစ်မှာ အဂတိလိုက်စားမှုနဲ့ ထောင်ဒဏ်စီရင်ချက်ကြောင့် ပြည်ပမှာ တိမ်းရှောင်နေခဲ့တာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံကို ပြန်လာမယ်ဆိုရင်လည်း ပြစ်ဒဏ်စီရင်ချက် ရှိနေဆဲ ဖြစ်တာကြောင့် ဖမ်းဆီးခံရမယ့် အခြေအနေမှာ ရှိနေတာပါ။ ဒါပေမဲ့လည်း စစ်တပ် လိုလားတဲ့ နိုင်ငံရေး ပါတီတွေနဲ့ အပေးအယူညှိနှိုင်းပြီး ဝန်ကြီးချုပ်ဟောင်း ပြန်လာခွင့်ရတာ ဖြစ်နိုင်တယ်လို့လည်း အကဲခတ် တချို့က ခန့်မှန်းနေတာပါ။

ထိုင်းနိုင်ငံရဲ့ မေလရွေးကောက်ပွဲမှာ အများစု အနိုင်ရခဲ့တဲ့ Move Forward Party အစိုးရဖွဲ့နိုင်ရေး စစ်တပ်လိုလားတဲ့ နိုင်ငံရေး အင်အားစုတွေရဲ့ ဟန့်တားမှုတွေ ကြုံခဲ့ရပြီးနောက် ဒုတိယမဲအများဆုံးရခဲ့တဲ့ Pheu Thai ပါတီက ဦးဆောင်ပြီး အစိုးရသစ် ဖွဲ့နိုင်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

၀န်ကြီးချုပ်ဟောင်း တပ်ခ်ဆင် ထိုင်းနိုင်ငံပြန်လာမည်