တယ်လီဂရမ်သုံးသူတွေရဲ့ ရာဇဝတ်မှုအတွက် တာဝန်မရှိကြောင်း ကုမ္ပဏီအကြီးအကဲပြော

စပိန်နိုင်ငံ ဘာစီလိုနာမြို့မှာကျင်းပတဲ့ Mobile World Congress ညီလာခံမှာ စကားပြောကြားနေတဲ့ Telegram အမှုဆောင်အရာရှိချုပ် Pavel Durov (ဖေဖော်ဝါရီ ၂၃၊ ၂၀၁၆)

Telegram လူမှုကွန်ရက်ပေါ်မှာ အသုံးပြုသူတွေကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် ကုမ္ပဏီအကြီးအကဲမှာ တာဝန်ရှိတယ်ဆိုဟာ လုံးဝအဓိပ္ပါယ်မရှိဘူးလို့ Telegram အမှုဆောင်အရာရှိချုပ် Pavel Durov ရဲ့ ရှေ့နေက ပြောကြားလိုက်ပါတယ်။ သူနဲ့ တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက်သက်ဆိုင်ခြင်း မရှိတဲ့ လူမှုကွန်ရက်ပေါ်က ရာဇဝတ်မှုတွေမှာ လူမှုကွန်ရက်လုပ်ငန်းအကြီးအကဲ ပတ်သက်နိုင်တယ်ဆိုတဲ့ ထင်မြင်ချက်ဟာ အဓိပ္ပါယ်လုံးဝ မရှိဘူးလို့ ရှေ့နေ David-Olivier Kaminski ကပြောပါတယ်။

Telegram ပေါ်မှာ တရားမဝင်ငွေလွှဲမှု၊ ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ နိုင့်ထက်စီးနင်းလုပ်နေတဲ့ ပုံတွေဖော်ပြမှု၊ မူယစ်ဆေးမှောင်ခိုကူးမှုတွေ လုပ်နေမှုတွေအတွက် ပူးပေါင်းပါဝင်ကြံစည်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြင်သစ်အစိုးရက Pavel Durov ကို အမှုဖွင့် စုံစမ်းနေပါတယ်။ ငွေကြေးခဝါချမှု၊ တရားရေးဆိုင်ရာ အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ငြင်းဆန်မှုတွေနဲ့လည်း သူ့ကို စုံစမ်းစစ်ဆေးနေပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က ပါရီလေဆိပ်မှာ ဖမ်းခံရပြီး ရဲအချုပ်မှာ ၄ ရက် စစ်ဆေးခံခဲ့ရတဲ့ Durov ကို အာမခံငွေ ဒေါ်လာ ၅.၆ သန်း၊ ရဲကို တပတ် ၂ ကြိမ် သတင်းပို့ပါမယ်ဆိုတဲ့ ကတိနဲ့ အာမခံနဲ့ လွှတ်ပေးထားပါတယ်။ Telegram အနေနဲ့ EU ဥရောပသမဂ္ဂရဲ့ ဒစ်ဂျစ်တယ်ဆိုင်ရာ စည်းကမ်းဥပဒေတွေကို လိုက်နာဆောင်ရွက်နေတယ်လို့လည်း Durov ရဲ့ ရှေ့နေက ပြောပါတယ်။

Your browser doesn’t support HTML5

တယ်လီဂရမ်သုံးသူတွေရဲ့ ရာဇဝတ်မှုအတွက် တာဝန်မရှိကြောင်း ကုမ္ပဏီအကြီးအကဲပြော