တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို အဓိက ဆောင်ရွက်နေတဲ့ MPC မြန်မာငြိမ်းချမ်းရေးစင်တာကို ပြင်ဆင်ဖွဲ့စည်းပြီး၊ အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေးညီလာခံ တရပ်ကို ခေါ်ယူနိုင်ရေး ကြိုးပမ်းသွားမယ်လို့ အပစ်အခတ်ရပ်စဲရေးစောင့်ကြည့်မှုအဖွဲ့ JMC နဲ့ တွေ့ဆုံပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။ နေပြည်တော်က ဒီ အစည်းအဝေးကို သွားရောက်သတင်းယူနေတဲ့ ဗွီအိုအေ သတင်းထောက် မမေခကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်။
ကိုသားညွှန့်ဦး။ ။ မမေခရေ ဒီနေ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က JMC လို့ခေါ်တဲ့ အပစ်အခတ်ရပ်စဲရေးစောင့်ကြည့်မှုပူးတွဲအဖွဲ့ နဲ့ပထမဦးဆုံးအကြိမ်တွေ့ဆုံပါတယ်။ တွေ့ဆုံတော့ ပြောရမယ်ဆိုရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တိုက်ရိုက်ကိုင်တွယ်တာ ပထမဦးဆုံးလို့ပြောရမှာပါ။ အဲတော့ ဒီကနေ့တွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ထူးထူးခြားခြား ပြောတာဘာတွေများသတိထားမိသလဲ။
မမေခ ။ ။ ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့တဲ့ အစိုးရလက်ထက်တုန်းက ဖွဲ့စည်းထားတဲ့ MPC ကို ပြန်လည်ဖွဲ့စည်းသွားမယ်။ အားလုံးပါဝင်တဲ့အဖွဲ့အစည်းတခုဖြစ်ဖို့အတွက်ကို ဦးတည်ပြီးတော့ ဖွဲ့စည်းသွားမယ်လို့ သူကပြောတယ်ပေါ့နော်။ နောက်တခုကကျတော့ ငြိမ်းချမ်းရေးညီလာခံကို ၂ လ ၊ ၃ လ အတွင်းမှာ ကျင်းပနိုင်ဖို့အတွက်ဆောင်ရွက်သွားမယ်ဆိုပြီးတော့ ပြောသွားပါတယ်ရှင့်။
“ကျမတို့ ငြိမ်းချမ်းရေးညီလာခံကို ဆက်သွားဖို့ဆိုလို့ရှိရင် အရင်တုန်းက သဘောတူညီပြီးသား political framework ရှိပါတယ်။ ဒါပေမယ့် ဒါကလည်းအားလုံးသိတဲ့အတိုင်းပဲ ပြုသာမြင်သာအောင်လုပ်ထားတယ်ဆိုရင် ဒါတွေလည်း ကျမတို့ လိုအပ်တယ်လို့ထင်လို့ရှိရင် ပြောင်းရမှာပါ။ မပါသေးတဲ့အဖွဲ့တွေလည်း ပါဝင်လာချင်အောင်လို့ ၊ ပါဝင်နိုင်အောင်လို့ ကျမတို့ကအခြေအနေတခုကိုဖန်တီးနိုင်ရမယ်။ ဒီလိုကျမတို့ဖန်တီးတဲ့ တချိန်တည်းမှာပဲ ကျမတို့ ငြိမ်းချမ်းရေးညီလာခံကို စတင်ကျင်းပနိုင်မယ်။ ကျမအမြင်ကတော့ ငြိမ်းချမ်းရေးညီလာခံဖြစ်မြောက်ရေးနဲ့ အပစ်အခတ်ရပ်စဲရေးမှာ မပါဝင်သေးတဲ့အဖွဲ့တွေ ပါဝင်ရေးဟာ ၂ ခုစလုံး မျဉ်းပြိုင်အနေနဲ့လုပ်သွားသင့်တဲ့ကိစ္စလို့ ကျမထင်ပါတယ်။”
မမေခ ။ ။ ဒါကတော့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အစည်းအဝေးမှာပြောသွားတာပါ။
ကိုသားညွှန့်ဦး။ ။ ဟုတ်ကဲ့။ JMC ကလူတွေက ဒီဒေါ်အောင်ဆန်းစုကြည်နဲ့ ပထမဆုံးဒါတွေ့ဆုံတယ်ဆိုတော့ သူ့ရဲ့သဘောထားက ဒေါ်အောင်ဆန်းစုကြည်ပြောလာတဲ့ အပေါ်မှာ သူတို့ သဘောထားဘယ်လိုများ တီးခေါက်မိပါသလဲ။ ကျေနပ်အားရမှုရှိရဲ့လား ၊ တွေ့ဆုံရတာ လုံလုံလောက်လောက်ရှိရဲ့လား။ ဘယ်လိုများသဘောထားရှိကြပါသလဲ။
မမေခ ။ ။ သူတို့ကတော့ ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာတဲ့အပေါ်မှာ ကြိုဆိုမှုတွေလုပ်ကြတယ်။ နောက်ပြီး ဝမ်းသာအားရလည်းဖြစ်ကြတယ်။ အဓိကတော့ တိုင်းရင်းသားတွေဘက်ကပေါ့။ တိုင်းရင်းသားတွေဘက်က ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာတဲ့အတွက် အရမ်းကို ခရီးရောက် နိုင်မယ့်အလားအလာရှိတယ်ဆိုပြီးတော့ သူတို့ကတော့ ပြောကြတယ်ပေါ့နော်။ နောက်တခုက JMC အဖွဲ့ထဲမှာပါဝင်တဲ့ ၈၈ မျိုးဆက်ပွင့်လင်းအဖွဲ့က ဦးကိုကိုကြီးကတော့ ဒီဒေါက်တာတင်မျိုးဝင်းခန့်အပ်တာရယ် ၊ နောက်ပြီးတော့ MPC ပြန်ပြီးတော့ ဖွဲ့စည်းမှာနဲ့ပတ်သက်ပြီးတော့ သူ့အမြင်ကို အခုလိုပြောသွားပါတယ်။
“အခုကတော့ ငြိမ်းချမ်းရေးဟာ မြန်မာနိုင်ငံရဲ့အခြေခံကျတဲ့ ပြဿနာနဲ့ အကြောင်းအရင်းတခုလည်း ဖြစ်တဲ့အတွက်ကြောင့် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ငြိမ်းချမ်းရေးကို တာဝန်ယူပြီးဆောင်ရွက်တဲ့အခါမှာ ဒေါက်တာတင်မျိုးဝင်းကို ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ ဖြစ်စဉ်တွေမှာ ဆက်သွယ်ရေး ပုဂ္ဂိုလ်အဖြစ် ဒီလိုမျိုးသတ်မှတ်ပီးတော့ ဆောင်ရွက်သွားဖို့ရှိပါတယ်။ ကျန်တာကတော့ ဒီ MPC ပေါ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးစင်တာကို ပြင်ဆင်ဖွဲ့စည်းဖို့ကိစ္စနဲ့ နောက်ပြီးတော့ ငြိမ်းချမ်းရေးညီလာခံတွေကိုလည်း ကျင်းပဖို့ ကိစ္စတွေကိုလည်း ဆက်ပြီးတော့ ဆွေးနွေးဆောင်ရွက်သွားဖို့။ ကျနော်တို့ အချိန်ကာလတော့ မသတ်မှတ်ရသေးပါဘူး။ ဒါပေမယ့် အဲဒီအတွက်လိုအပ်တဲ့ ပြင်ဆင်မှုတွေ ၊ ဆွေးနွေးမှုတွေကို လုပ်သွားမယ်လို့ပဲ သိရပါတယ်။”
မမေခ ။ ။ ဒါကတော့ ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးကိုကိုကြီးပြောဆိုသွားတာပါ။
ကိုသားညွှန့်ဦး။ ။ တဆက်တည်းမှာပဲ JMC အစည်းအဝေးအတွက်ဆုံကြတယ် ဆိုတော့ JMC ကတော့ အပစ်အခတ်ရပ်စဲရေး NCA လက်မှတ်ထိုးတားတဲ့အဖွဲ့အစည်းတွေကြားမှာ အပစ်အခတ်ရှိမရှိစောင့်ကြည့်ဖို့ပေါ့နော် ၊ ဒါပေမယ့် တဘက်မှာ NCA လက်မှတ်မထိုးထားတဲ့အဖွဲ့အစည်းတွေက အခုကအဖွဲ့အစည်းတွေနဲ့ အစိုးရကြားမှာ တိုက်ခိုက်မှုတွေဖြစ်နေတဲ့ ကိစ္စတွေရှိပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်လို့ရော JMC ကဖြစ်ဖြစ် ၊ ဒေါ်အောင်ဆန်းစုကြည်ကဖြစ်ဖြစ် ပြောတာဆိုတာများ တစုံတရာရှိပါသလားခင်ဗျ။
မမေခ ။ ။ ဒေါ်အောင်ဆန်းစုကြည် ကတော့ သူ့မိန့်ခွန်းမှာထည့်ပြီးတော့ပြောသွားတယ်။ အခုလက်ရှိငြိမ်းချမ်းရေးက အကုန်လုံးပါဝင်နိုင်အောင်လို့ သူ့အနေနဲ့လုပ်သွားမယ်။ အပြစ်အခတ်ရပ်စဲရေးလက်မှတ်မထိုးထားတဲ့အဖွဲ့အစည်းတွေပါဝင်အောင်လုပ်သွားမယ်။ နောက်ပြီးတော့ ငြိမ်းချမ်းရေးညီလာခံမှာ တိုင်းရင်းသားလက်နက်ကိုင်ပေါင်းစုံ ပူးပေါင်းပါဝင်တဲ့ ညီလာခံကြီးဖြစ်အောင်လုပ်သွားမယ်လို့ သူကတော့ ပြောသွားပါတယ်။
ကိုသားညွှန့်ဦး။ ။ တပ်ဘက်က ရောဘာများပြောသွားပါသလဲ။
မမေခ ။ ။ တပ်ဘက်ကအရာရှိတဦးကိုမေးမြန်းတဲ့အခါမှာ တပ်ဘက်က အရာရှိက ဘာပြောသလဲဆိုတော့ သူတို့ အနေနဲ့က ဒီငြိမ်းချမ်းရေးကို သာမန်လူတွေထက်ပိုပြီးတော့ လိုချင်တယ်။ အစိုးရဘက်ကနေလုပ်ဆောင်လာတဲ့အပေါ်မှာလည်း သူတို့ကြိုဆိုတယ်။ အစိုးရနဲ့ ပူးပေါင်းပြီးတော့ လုပ်သွားမယ် ဆိုပြီးတော့ပြောပါတယ်။
ကိုသားညွှန့်ဦး။ ။ ဟုတ်ကဲ့ခင်ဗျ မမေခရေ ကျေးဇူးပါပဲ။”