ဗြိတိန်ဝန်ကြီးချုပ် Theresa May အပေါ်အယုံအကြည်မရှိ မဲခွဲမှု အရေးရှုံးနိမ့်

ဥရောပသမဂ္ဂ EU ကနေ ဗြိတိန်နိုင်ငံခွဲထွက်ရေး Brexit အစီအစဉ်နဲ့ပတ်သက်လို့ ဗြိတိန် ဝန်ကြီးချုပ် ထရီဆာမေရဲ့ ကိုင်တွယ်ဆောင်ရွက်ပုံနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ်အပေါ် အယုံအကြည်မရှိအဆိုကို ကွန်ဆာဗေးတစ် အစိုးရ လွတ်တော်ကိုယ်စားလှယ်တွေကြား လျှို့ဝှက်မဲပေးခဲ့ကြပါတယ်။ လာမယ့်လပိုင်းအတွင်း EU ကနေ ခွဲထွက်တော့မယ့် အချိန်မှာပဲ ဒီကိစ္စနဲ့ပတ်သက်ပြီး ဗြိတိန်နိုင်ငံရေးအမှာ အကြီးအကျယ် သဘောထားကွဲနေတာဖြစ်ပါတယ်။ အပြည့်အစုံကို နန်းလောင်ဝ်ဆက်ပြီးတင်ပြပါ့မယ်။

EU ကနေ ဗြိတိန်နိုင်ငံခွဲထွက်ရေးကိစ္စနဲ့ပတ်သက်ပြီး ဗြိတိန်ဝန်ကြီးချုပ်မေ အပေါ် အယုံအကြည်မရှိအဆိုကို ခုအသံမလွှင့်ခင်နာရီပိုင်းကပဲ ကွန်ဆာဗေးတစ် ပါတီတွင်း လျှို့ဝှက်မဲပေးခဲ့တာမှာ အယုံအကြည်ရှိကြောင်းထောက်ခံမဲ၂၀၀ ရပြီး၊ ကန့်ကွက်မဲကတော့ ၁၁၇ မဲရှိခဲ့တဲ့ အတွက် ဝန်ကြီးချုပ်မေအဖို့ ရာထူးကဆင်းပေးရမယ့် အခြေအနေက ရှောင်ရှားနိုင်လိုက်ပါတယ်။ ခုလိုသူ့အပေါ် ပါတီတွင်းမှာ ဆက်ပြီးအယုံအကြည်ရှိကြောင်း ထောက်ခံလိုက်တဲ့ အပေါ် ဝန်ကြီးချုပ်မေက ခုလိုပြောပါတယ်။

"ခုလို ကျမပေါ် ဆက်ပြီးထောက်ခံခဲ့ကြ တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျမအပေါ် အယုံအကြည်မရှိကြတဲ့လုပ်ဖော်ကိုင်ဖက် ၁၁၇ ဦးရှိနေတာကိုလည်း အသိအမှတ်ပြုပါတယ်။ သူတို့ရဲ့ အသံကိုလည်း ကျမကြားပါတယ်။ ခုချိန်ကစပြီး ဗြိတိန်ပြည်သူတွေလိုလားတဲ့ အလုပ်အကိုင်တွေဖန်တီးပြီး နိုင်ငံ အတွက်ပိုကောင်းတဲ့အနာဂတ်ကို ဖန်တီးဖို့ စပြီး လုပ်ကိုင်ရပါတော့မယ်။ ပြည်သူတွေမဲဆန္ဒနဲ့ ရွေးခဲ့တဲ့ EU ကနေ ဗြိတိန်ခွဲထွက်ရေး Brexit အစီအစဉ် ကြောင့် ကျတို့ရဲ့ ငွေကြေးတွေ၊ ကျမတို့ရဲ့ နယ်စပ်တွေ နဲ့ ကျမတို့ရဲ့ ဥပဒေတွေ ပြန်ပြီး ထိန်းချုပ်နိုင်ကြတော့မှာပါ။ ဒါဟာ လုံခြုံစိတ်ချမှုရှိတဲ့အလုပ်အကိုင်ဖန်တီးရေးနဲ့ စည်းလုံးညီညွှတ်မှုကိုလည်း ပြန်ပြီးဆောင်ကြည်းပေးမယ့်အပြင် နိုင်ငံထဲမှာ စိတ်ဝမ်းကွဲပြားသွားတာထက် တပေါင်းတစည်းထဲ ပြန်ပြီးဖြစ်လာစေမှာပါ။ အဲဒီလုပ်ရပ် အားလုံး ဘက်ပေါင်းစုံပါဝင်တဲ့နိုင်ငံရေးသမားတွေနဲ့ ဟောဒီနေရာကနေ စတင်ကြ ရမှာဖြစ်ပါတယ်။"

EU ခေါင်းဆောင်တွေနဲ့ လပေါင်းများစွာ အကြိတ်အနယ် ညှိနှိုင်းဆောင်ရွက်ပြီးမှ ရခဲ့တဲ့ သဘောတူညီချက်ကို ဗြိတိန်ပါလီမန်မှာ မဲခွဲဆုံးဖြတ်မယ့် အစီအစဉ်ကို ဝန်ကြီးချုပ်မေက တနင်္လာနေ့မှာ ရက်ရွှေ့ဆိုင်းခဲ့တဲ့အတွက် အခြေအနေတွေ ပိုပြီး ရှုပ်ထွေးခဲ့ရပါတယ်။ ဒါကြောင့်လည်း ဗြိတိန်ခွဲထွက်ရေး ကိုင်တွယ် ဆောင်ရွက်ပုံနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ်အပေါ် အယုံအကြည်မရှိအဆိုကို ကွန်ဆာဗေးတစ် လွှတ်တော်အမတ်တွေက တံခါးပိတ်မဲပေးဖို့ ဖြစ်လာရတာဖြစ်ပါတယ်။ မစ္စမေအပေါ် အယုံအကြည်ရှိကြောင်း ထောက်ခံမဲတွေရလိုက်ပေမယ့်လည်း ပါတီတွင်း သြဇာလွှမ်းမိုးမှု ကျဆင်းလာတယ်လို့လည်း လွှတ်တော်အမတ်တွေက သုံးသပ်ကြပါတယ်။

ဝန်ကြီးချုပ်မေကတော့ အခုအချိန်မှာ ခေါင်းဆောင်မှု အပြောင်းအလဲ လုပ်တာဟာ ဗြိတိန်နိုင်ငံ ခွဲထွက်ရေးကို ထိခိုက်နိုင်ကြောင်းလည်း ပါလီမန်မှာ မနေ့အစောပိုင်းကခုလို သတိပေးခဲ့ပါတယ်။

"မသေချာမရေရာမှုတွေကို ထပ်ဖြစ်မလာအောင် ကျမတို့ အသေအချာလုပ်ကိုင်ဖို့လိုပါတယ်။ အဲဒီလို မရောရာတဲ့အနာဂတ်မျိုး ထပ်ပြီး ဖန်တီးတာမျိုးလုပ်လို့ မရပါဘူး။ ဒါကြောင့်လည်း အဲဒီလိုမရောရာမှုတွေ ပျောက်ကွယ်သွားအောင်လုပ်ပေးဖို့ဆိုပြီး ဗြိတိန်ပြည်သူလူထုက မဲပေးခဲ့ကြတာပါ။ ဥရောပသမဂ္ဂကနေ ခွဲထွက်ရေး ဆွေးနွေးညှိုှုနှိုင်းမှုတွေကို အတိုက်အခံ လေဘာပါတီလက်ထဲ ထည့်ပေးလို့ မဖြစ်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ လေဘာပါတီလက်ထဲ ရောက်သွားရင် ဗြိတိန်ခွဲထွက်ရေး ကိစ ္စနှောင့်နှေးသွားနိုင်သလို EU ကနေ ဗြိတိန်နိုင်ငံခွဲထွက်ရေးကိစ္စ ရပ်ဆိုင်းသွားတာမျိုးတောင် ဖြစ်သွားနိုင်ပါတယ်။ အဲဒီကိစ္စရပ်တခုကမှ နိုင်ငံရဲ့ အကျိုးစီးပွါး မဟုတ်ပါဘူး။ဒါကြောင့် ကျမတို့ ရှေ့ဆက်လုပ်ကိုင်သွားဖို့ လိုပါတယ်။ ဒါဟာ ဗြိတိန်အတွက် အကျိုးရှိတဲ့ ခွဲထွက်ရေးသဘောတူညီမှုဖြစ်ပါတယ်။"

ဝန်ကြီးချုပ်မေဟာ EU နဲ့ ရထားတဲ့ သဘောတူညီမှုကို ဒီသီတင်းပတ် အစောပိုင်း ဗြိတိန်လွှတ်တော်မှာ မဲခွဲဖို့စီစဉ်ထားတာဖြစ်ပြီး အရေးနိမ့်မယ့် အလားအလာတွေ ထွက်ပေါ်လာတဲ့အတွက် ရက်ရွှေ့ဆိုင်းခဲ့တာဖြစ်ပါတယ်။ ဒီအတွက် အတိုက်အခံ လေဘာပါတီခေါင်းဆောင်Jeremy Corbyn က ခုလို ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုခဲ့ပါတယ်။

"လက်ရှိအစိုးရအဖွဲ့ရဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေ နှောင့်နှေးနေတာတွေ အဆုံးသတ်သွားပါပြီ။ ဝန်ကြီးချုပ်က EU နဲ့ ရလာတဲ့ သဘောတူညီမှုတွေကို လာပြီး ညှိနှိုင်းနေပါတယ်။ အဲဒီ သဘောတူညီမှုဟာ တခုတည်းသော အကောင်းဆုံး သဘောတူညီမှုဆိုပြီး ကျနော်တို့ကို ပြောပါတယ်။ နောက်ထပ် အကြောင်းပြချက်တွေ၊ ထပ်ပြီး ရှောင်ရှား နေတာတွေ လုပ်လို့ မရတော့ပါဘူး။ EU နဲ့ ရထားတဲ့ အဲဒီ သဘောတူညီချက်ကို မဲခွဲဖို့ ပါလီမန်ကို တင်ပြဖို့ လိုပါပြီ။"

အတိုက်အခံ လေဘာပါတီဥက္ကဌ Ian Lavery ကတော့ ဝန်ကြီးချုပ်ရဲ့ အားနည်းချက်နဲ့ မအောင်မြင်မှုတွေဟာ တိုင်းပြည်အတွက် အရေးကြီးတဲ့ ကာလမှာ အစိုးရအနေနဲ့ လုပ်ဆောင်နိုင်စွမ်းမရှိအောင် ဖြစ်ခဲ့ရကြောင်း ဝေဖန်ခဲ့ပါတယ်။ မစ္စမေကို ထောက်ခံလိုက်တဲ့ မဲတွေဟာ သူညှိုနှိုင်းဆောင်ရွက်နေတဲ့ Brexit သဘောတူညီမှုအပေါ် ထောက်ခံမဲတွေ ဖြစ်လာပါ့မလားဆိုတာကတေ့ာ ရှင်းရှင်းလင်းလင်းမရှိသေးပါဘူး။

မူလကတည်းက ဖရိုဖရဲ ဖြစ်နေခဲ့တဲ့ ခွဲထွက်ရေး ကိစ္စမှာ အကြီးအကျယ် သဘောထားကွဲပြားနေတဲ့ အတွက် ဝန်ကြီးချုပ်မေအနေနဲ့ သတိကြီးကြီးထားကိုင်တွယ်ရမယ်လို့လည်း လွှတ်တော်အမတ် တွေကပြောပါတယ်။ ဝန်ကြီးချုပ်မေ ကတော့ သူ့ခေါင်းဆောင်မှုနဲ့ ပတ်သက်လို့ ပါတီတွင်း အယုံအကြည်မရှိမဲမပေးခင် နာရီပိုင်းအလိုမှာပဲ လာမယ့် ၂၀၂၂ အထွေထွေရွေးကောက်ပွဲမှာ ပြန်ပြီးအရွေးခံမှာ မဟုတ်ဘူူးဆိုပြီး ပြောဆိုထားတာဖြစ်ပါတယ်။

Your browser doesn’t support HTML5

ဗြိတိန်ဝန်ကြီးချုပ် Theresa May အပေါ်အယုံအကြည်မရှိ မဲခွဲမှု အရေးရှုံးနိမ့်