ဝမ်းဒါရိုက်ရှင်း One Direction ဂီတအဖွဲ့ထဲက Liam Payne လီယမ်ပိန်း ဗျူနိုအေးရိစ်မြို့တော် ဟိုတယ်ခန်း လသာဆောင်ကနေ ပြုတ်ကျသေဆုံးမှုနဲ့ ပတ်သက်ပြီး လူ ၃ ဦးကို တရားစွဲဆိုထားတယ်လို့ အာဂျင်တီးနား အစိုးရရှေ့နေတွေက နိုဝင်ဘာလ ၈ ရက် ကြာသပတေးနေ့မှာပဲ ပြောသွားပါတယ်။
ဘယ်သူဘယ်ဝါဆိုတာမကြေညာသေးတဲ့ မသင်္ကာဖွယ် လူ ၃ ဦးကို "လူတယောက်ကို စွန့်ထားခဲ့ပြီး သေဆုံးစေတာ” နဲ့ "မူးယစ်ဆေးဝါး သုံးစွဲဖို့ ထောက်ပံ့ပေး" တဲ့ ပြစ်မှုတွေနဲ့ အစိုးရရှေ့နေ Andrés Madrea အန်ဒရက်စ် မာဒရီယာက တရားစွဲဆိုလိုက်တာ ဖြစ်ပါတယ်။ သူက တရားသူကြီး လော်ရာ ဘရူနီယာ့ဒ်ကို ဖမ်းဝရမ်းထုတ်ပေးဖို့လည်း တောင်းဆိုခဲ့ပြီး တရားသူကြီးကတော့ အဲဒီ ၃ ဦးကို နိုင်ငံကနေ ထွက်ခွာခွင့်မရှိလို့ အမိန့်ချလိုက်ပါတယ်။
အာဂျင်တီးနားမြို့တော်က ချမ်းသာတဲ့ ပါလာမိုရပ်ကွက် ဟိုတယ်တတိယထပ်၊ သူတည်းခိုနေတဲ့ ဟိုတယ်ခန်းဝရံတာကနေ လီယမ်ပိန်း ပြုတ်ကျခဲ့တာဖြစ်ပါတယ်။ အလောင်းကို ဆေးစစ်ကြည့်တော့ ဒဏ်ရာအများကြီးနဲ့ အတွင်းကြေကြေ သွေးထွက်လွန်ပြီး သေဆုံးခဲ့တာလို့ဆိုပါတယ်။ လီယမ်ပိန်းရဲ့ ကိုယ်တွင်းသွေးဆိပ်စစ်ဆေးချက်မှာတော့ သူမဆုံးခင်က အရက်၊ ကိုကိန်းနဲ့ စိတ်ကျဆေးသုံးစွဲထားတာ တွေ့ရှိရတယ်လို့ " အစိုးရရှေ့နေတွေက ပြောပါတယ်။
လီယမ်ပိန်း ဟိုတယ်ခန်းက ပြုတ်ကျချိန်မှာ အခန်းမှာ သူတယောက်ထဲပဲ ရှိတယ်လို့ အမှုလိုက်တွေက ပြောပေမဲ့ တရားစွဲဆိုခံရသူ ၃ ယောက်ထဲက တယောက်က လီယမ်ပိန်း ဗျူနိုအေးရိစ်မှာ ရှိနေစဉ် သူနဲ့အတူ မကြာခဏ ရှိနေခဲ့တယ်လို့ ပြောပါတယ်။ နောက်တယောက်ဖြစ်တဲ့ ဟိုတယ်ဝန်ထမ်းကတော့ လီယမ်ပိန်း အောက်တိုဘာ ၁၃ ကနေ ၁၆ ရက်အထိ ဟိုတယ်မှာတည်းနေစဉ် ကိုကိန်းရှာပေးခဲ့တဲ့ပြီး နောက်ဆုံးတယောက်ကတော့ မူးယစ်ဆေးရောင်းတဲ့သူဖြစ်တယ်လို့ အစိုးရရှေ့နေရုံးက နိုဝင်ဘာ ၇ ရက်နေ့ ကြာသပတေးက ပြောပါတယ်။
လီယမ်ပိန်းအမှုက အမေရိကန်မှာ လွန်ခဲ့တဲ့ တနှစ်လောက်က ဆုံးသွားတဲ့ "Friends" ရုပ်သံဇာတ်လမ်းတွဲမင်းသား မက်သျူးပဲရီ သေဆုံးပြီး တရားစွဲခံထားရတဲ့အမှုတွေနဲ့ ဆင်တူနေပါတယ်။ သရုပ်ဆောင် မက်သျူး ပဲရီရဲ့ ကိုယ်ရေးကိုယ်တာအကူနဲ့ ရင်းနှီးတဲ့သူငယ်ချင်းတယောက်တို့က သူမဆုံးခင် နောက်ဆုံးလတွေမှာ ketamine ကယ်တာမင်းဆေး ရှာပေးလို့ တရားစွဲခံထားရတာပါ။
၂၀၁၈ ခုနှစ်က ရပ်အဆိုတော် Mac Miller မက်မီလာ အိုပီအိုက် မူးယစ်ဆေးအလွန်အကျွံသုံးပြီး သေဆုံးခဲ့တဲ့အမှုမှာလည်း လူငယ် ၃ ယောက်ကို အလားတူ တရားစွဲခဲ့ပါတယ်။ အခုထိတော့ လီယမ်ပိန်းရဲ့ ဖုန်းမှတ်တမ်းတွေ၊ မှုခင်းဆေးပညာ သက်သေခံချက်တွေနဲ့ ထွက်ဆိုချက်တွေကို အာဏာပိုင်တွေကို လိုက်စုနေပါတယ်။ ပျက်ဆီးသွားတဲ့သူ့ကွန်ပျူတာနဲ့ သိမ်းဆည်းထားတဲ့ တခြားပစ္စည်းတွေကိုတော့ ဖွင့်မစစ်ဆေးရသေးပါဘူး။
လီယမ်ပိန်းရဲ့ အလောင်းစစ်ဆေးချက်အရ သူ့ရဲ့ဒဏ်ရာတွေက သူ့ဖာသူလုပ်ထားတာ မဟုတ်သလို သူများက လုပ်ထားတာလည်း မဟုတ်ပါဘူး။ ပြုတ်ကျချိန်မှာ သူ့ဘာသူ ကာကွယ်တဲ့ပုံလည်း မတွေ့ရတာမို့ ပြုတ်ကျချိန် သတိလစ်နေတယ်လို့ ဆေးစစ်ချက်မှာ ဖော်ပြပါတယ်။ ပြီးတော့ သူသတ်သေတာဖြစ်နိုင်လားဆိုတဲ့ အချက်ကိုလည်း မဖြစ်နိုင်ဘူးလို့ ရှေ့နေတွေက ပြောပါတယ်။
One Direction အဖွဲ့ဟာ မကြာသေးခင်နှစ်တွေက အောင်မြင်ဆုံး အမျိုးသားတေးဆိုအဖွဲ့တခု ဖြစ်ခဲ့ပြီး ၂၀၁၆ မှာ အချိန်အကန့်အသတ်မရှိ ရပ်နားမယ်လို့ ကြေညာခဲ့တာပါ။ လီယမ်ပိန်းအပါအဝင် သူတို့အဖွဲ့ဝင်တွေအားလုံး တကိုယ်တော်တေးစီးရီးထုတ်ဖို့ လုပ်ခဲ့ကြပါတယ်။
နောက်ဆုံးသူ့ခရီးကလည်း အောက်တိုဘာလ ၂ ရက်နေ့မှာ One Direction အဖွဲ့ထဲက Niall Horan နိုင်ယယ်ဟိုရန် တကိုယ်တော်ပွဲရှိလို့ သူလိုက်အားပေးတာလို့ သူ့ရဲ့ Snapchat လူမှုကွန်ရက်စာမျက်နှာမှာ တင်ထားတာပါ။ သူ့ကောင်မလေး အမေရိကန်က နာမည်ကြီး influencer Kate Cassidy နဲ့ တွဲကနေတာ၊ ပွဲကြည့်စဉ်ကနေ သီချင်းလိုက်ဆိုနေတဲ့ပုံတွေ တင်ထားခဲ့တာပါ. ကိတ်ကက်ဆီဒီက ပွဲပြီးတော့ ပြန်သွားပေမဲ့ သူက အာဂျင်တီးနားမှာ နေခဲ့တာ ဖြစ်ပါတယ်။