Trump စာရင်းမှာ နိုင်ငံခြားရေးဝန်ကြီးသစ်အဖြစ် တစ်ပြေးနေသူ အပေါ်ဝေဖန်မှုတိုး

Rex Tillerson

ရုရှားသမ္မတနဲ့ ခင်မင်ရင်းနှီးသူအဖြစ် လူသိများထင်ရှားတဲ့ စီးပွားရေးလုပ်ငန်း အမှုဆောင်အကြီးအကဲ Rex Tillerson ဟာ Trump အစိုးရသစ် လက်ထက်မှာ နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာနိုင်ခြေရှိသူတဦးအဖြစ် တနင်္လာနေ့အထိ ဆက်လက် ထိပ်ကပြေးနေဆဲ ရှိပါတယ်။ သူဟာ ၄၁ နှစ်တိုင်တိုင် ExxonMobil ရေနံကုမ္ပဏီ မှာ လုပ်ကိုင်ခဲ့သူတယောက်ဖြစ်ပါတယ်။

ဒါပေမဲ့ Tillerson ကို ခန့်အပ်နိုင်ဖို့ လိုအပ်တဲ့ အထက်လွှတ်တော် republican ပါတီရဲ့ ထောက်ခံမှုကိုရရှိဖို့ အနေအထားက မရေမရာဖြစ်နေ တဲ့အတွက် Donald Trump အနေနဲ့ မန်စီချူးဆက်ပြည်နယ် အုပ်ချုပ်ရေးမှုးဟောင်း Mitt Romney လို တခြား ပုဂ္ဂိုလ် တယောက်ကို ရွေးချယ်စေဖို့ ဖိအားပေးခံရဖွယ်ရှိပါတယ်။

ရွေးကောက်ခံ သမ္မတ Donald Trump ကတော့ သူ့ရဲ့ Twitter လူမှု့ကွန်ယက် စာမျက်နှာမှာ သူ့အနေနဲ့ Rex Tillerson ကို နိုင်ငံခြားရေးဝန်ကြီးရာထူး အတွက် ရွေးသည်ဖြစ်စေ မရွေးသည်ဖြစ်စေ ExxonMobil ရေနံကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ်လည်းဖြစ် ဥက္ကဌ လည်း ဖြစ်တဲ့ သူဟာ ကမ္ဘာ့အဆင့်မီလုပ်နိုင်ကိုင်နိုင်စွမ်းရှိသူ ညှိနှိုင်းနိုင်စွမ်းရှိသူတယောက်ဖြစ်တယ်လို့ တနင်္ဂနွေနေ့က ရေးသား လိုက်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးအဖြစ် လက်ရှိရာထားခံရသူစာရင်းမှာ Utah ပြည်နယ် အုပ်ချုပ်ရေးမှုးဟောင်းလည်းဖြစ် တရုတ်နိုင်ငံ သံအမတ်ကြီးလည်း ဖြစ်ခဲ့သူ Jon Huntsman လည်း ပါဝင်ပါတယ်။

Tillerson အနေနဲ့ ရုရှားသမ္မတ Putin နဲ့ ဆက်နွယ်ပတ်သက်မှုရှိနေတယ် ဆိုတဲ့ အချက်က စိုးရိမ်စရာ ကောင်းတဲ့ အချက်တချက်ဖြစ်တယ်လို့ အမေရိကန်အထက်လွှတ်တော် လက်နက်ကိုင်တပ်ဖွဲ့များရေးရာ ကော်မတီ ဥက္ကဌ John McCain က တနင်္ဂနွေနေ့မှာ ပြုလုပ်တဲ့ တခြားသီးသန့် တွေ့ဆုံမေးမြန်းခန်း တခုမှာ ပြောဆိုလိုက်ပါတယ်။

အခုနှစ်စောစောပိုင်း Texas တက္ကသိုလ်မှာ အမှာစကားပြောကြားစဉ် Tillerson က သူဟာ သမ္မတ Putin နဲ့ သိကျွမ်းခင်မင်ခဲ့တာ ၁၅ နှစ်ကျော် ရှိခဲ့ပြီး၊ သူတို့ ၂ ဦးကြားမှာ အလွန်နီးစပ်တဲ့ ဆက်နွယ်ပတ်သက်မှုရှိကြောင်း ပြောကြားခဲ့ဘူးပါတယ်။

အမေရိကန်ပြည်ထောင်စုက ရုရှားအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်အရေးယူပိတ်ဆို့မှုကို ဆန့်ကျင်ပြီး ExxonMobil ရေနံကုမ္ပဏီ ကို ရုရှားကုမ္ပဏီနဲ့ ရေနံရှာဖွေတူးဖေါ် ထုတ်လုပ်ရေး ညှိနှိုင်းဖို့ လမ်းညွှန်မှုပေးခဲ့တဲ့ အတွက် Tillerson ကို Mr. Putin က ၂၀၁၃ ခုနှစ်မှာ ရုရှားရဲ့ မိတ်ဆွေကောင်းအဖြစ် ဆုချီးမြှင့်ခဲ့ဖူးပါတယ်။

Your browser doesn’t support HTML5

Trump စာရင်းမှာ နိုင်ငံခြားရေးဝန်ကြီးသစ်အဖြစ် တစ်ပြေးနေသူ အပေါ်ဝေဖန်မှုတိုး