ရီပတ်ဘလစ်ကန် အမတ်တွေအတွက် မဲဆွယ်ဖို့ Donald Trump ဂျော်ဂျီယာပြည်နယ်သွား

ဂျော်ဂျီယာပြည်နယ်ကို ထွက်ခွာသွားတဲ့ သမ္မတ Donald Trump နဲ့ သမ္မတကတော် Melania Trump. (ဒီဇင်ဘာ ၅၊ ၂၀၂၀)

(Zawgyi / Unicode)

အမေရိကန်ပြည်ထောင်စု ဂျော်ဂျီယာပြည်နယ်မှာ လာမယ့် ဇန်နဝါရီလထဲ တကျော့ပြန်ကျင်းပမယ့် အထက်လွှတ်တော်အမတ် ရွေးကောက်ပွဲအတွက် ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် ၂ ဦးနဲ့အတူ စည်းရုံးရေးဆင်းဖို့ သမ္မတ Donald Trump စနေနေ့မှာ သွားရောက်ပါတယ်။

ရွေးကောက်ခံသမ္မတ ဒီမိုကရက် Joe Biden စပြီး တာဝန်ယူမယ့်အချိန် အထက်လွှတ်တော်မှာ ဒီမိုကရက်နဲ့ ရီပတ်ဘလစ်ကန် ဘယ်ပါတီက အများစုနဲ့ ထိန်းချုပ်မလဲ ဆိုတာကို ဂျော်ဂျီယာပြည်နယ် အထက်လွှတ်တော်အမတ် ရွေးကောက်ပွဲရလဒ်က အဆုံးအဖြတ်ပေးမှာပါ။

တရားဝင် မကြေညာရသေးတဲ့ ရွေးကောက်ပွဲ ရလဒ်တွေအရ ဒုတိယသမ္မတဟောင်း Biden က ဂျော်ဂျီယာမှာ မဲ ၁၂,၀၀၀ နီးပါးအသာနဲ့ နိုင်ပါတယ်။

ဂျော်ဂျီယာပြည်နယ်တွင်း နိုဝင်ဘာလ ၃ ရက်နေ့ သမ္မတရွေးကောက်ပွဲ ရလဒ်တွေကို ပယ်ဖျက်ပေးဖို့ သောကြာနေ့က တရားစွဲဆိုကြောင်း သမ္မတ Trump ရဲ့ ရွေးကောက်ပွဲ စည်းရုံးရေးအဖွဲ့က ပြောဆိုထားပါတယ်။

SEE ALSO: ရွေးကောက်ပွဲဆိုင်ရာ တရားစွဲတာတွေ သမ္မတ Trump ဆက်လုပ်နေဆဲ

ရွေးကောက်ပွဲ ရလဒ်တွေကို ပြန်လည်စစ်ဆေးနိုင်ဖို့၊ နောက် ဂျော်ဂျီယာနဲ့ တခြား အကြိတ်အနယ် ယှဉ်ပြိုင်ရတဲ့ ပြည်နယ်တွေမှာ ဒီမိုကရက် Biden အနိုင်ရထားတာကို ကန့်ကွက်နိုင်ရေး ရွေးကောက်ပွဲလွန်ကာလမှာ ဆက်လက်ကြိုးပမ်းနေတဲ့ ရီပတ်ဘလစ်ကန်သမ္မတ Trump က ဂျော်ဂျီယာကို သွားရောက်တာ ဖြစ်ပါတယ်။

အထက်လွှတ်တော်မှာ အမတ်အများစုနဲ့ ဆက်လက်ထိန်းချုပ်ထားနိုင်ရေးအတွက် ရီပတ်ဘလစ်ကန်ပါတီက အထက်လွှတ်တော်အမတ်တဦး ထပ်ပြီး အနိုင်ရဖို့ လိုအပ်နေပါတယ်။

ဂျော်ဂျီယာပြည်နယ်မှာ ဇန်နဝါရီလ ၅ ရက်နေ့ တကျော့ပြန်ကျင်းပမယ့် ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် David Perdue က ပြိုင်ဘက် ဒီမိုကရက် Jon Ossoff ကို အနိုင်ရဖို့ လိုအပ်ပြီး ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် Kelly Loeffler က ဒီမိုကရက် Raphael Warnock ကို အနိုင်ရဖို့ လိုအပ်ပါတယ်။

တကယ်လို့ ရီပတ်ဘလစ်ကန်တွေ ရှုံးခဲ့မယ်ဆိုရင်တော့ အထက်လွှတ်တော်မှာ အမတ်အရေအတွက် ၅၀- ၅၀ နဲ့ တန်းတူဖြစ်သွားနိုင်ပြီး ဒီမိုကရက် ရွေးကောက်ခံ ဒုတိယသမ္မတ Kamala Harris က အဆုံးအဖြတ်မဲ ပေးရမှာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

ရီပတ်ဘလစ်ကန် အမတ်တွေအတွက် မဲဆွယ်ဖို့ Donald Trump ဂျော်ဂျီယာပြည်နယ်သွား

----------------------------

(Unicode)





SEE ALSO: ဂျော်ဂျီယာပြည်နယ် မဲပြန်ရေတွက်မှု Joe Biden ပဲ အနိုင်ရ




