အမေရိကန်မှာရောက်နေတဲ့ တရုတ်သမ္မတ Xi Jinping ကို သမ္မတ Donald Trump က Florida ပြည်နယ်က သူ့ရဲ့ဇိမ်ခံအပန်းဖြေစံအိမ်ကြီးမှာ ကြိုဆိုခဲ့ပါတယ်။ ခေါင်းဆောင် ၂ ယောက်ကြား ဆွေးနွေးကြမယ့်ထဲမှာ မြောက်ကိုရီးယားကိစ္စနဲ့ ကုန်သွယ်ရေးကိစ္စတွေက အဓိကဖြစ်မယ်လို့ မျှော်လင့်ရပါတယ်။
တရုတ်နဲ့ကုန်သွယ်ရေးမှာ အမေရိကန်က နှစ်ပေါင်းများစွာ မမျှမတဖြစ်ပြီး လိုငွေပြနေတဲ့ ကိစ္စကိုဆွေးနွေးရမယ်လို့ Florida ကိုအသွား Air Force One လေယာဉ်ပေါ်မှာ သတင်းထောက်တွေကို သမ္မတ Trump ကပြောခဲ့ပါတယ်။
မြောက်ကိုရီးယား Nuclear အရေးနဲ့ပတ်သက်လို့ တရုတ်က ပိုပြီးဖိအားပေးရေးကိုလည်း ဆွေးနွေးရမှာဖြစ်တယ်လို့ အမေရိကန်သမ္မတက ပြောပါတယ်။ မြောက်ကိုရီးယားပြဿနာကို တရုတ်က မဖြေရှင်းနိုင်ရင် အမေရိကန်က ဖြေရှင်းရမယ်လို့ သမ္မတ Trump ကအခုသီတင်းပါတ် အစောပိုင်းမှာ ပြောကြားခဲ့ပါသေးတယ်။ နိုင်ငံတကာ ဘဏ္ဍာရေးစနစ်ကို မြောက်ကိုရီးယားအစိုးရ သုံးနိုင်အောင်ကူညီနေတဲ့ တရုတ်ဘဏ်တွေနဲ့ ကုမ္ပဏီတွေကို ပိတ်ဆို့ဒဏ်ခတ်ဖို့ အမေရိကန်အစိုးရက စဉ်းစားနေပါတယ်။
တရုတ်သမ္မတ Xi နဲ့ အမေရိကန်သမ္မတ Trump တို့ အခုမှ ပထမဆုံးအကြိမ်တွေ့ဆုံကြတာဖြစ်ပါတယ်။ ဒီနေ့ ကြာသပတေးနေ့ညမှာတော့ ခေါင်ဆောင် ၂ ယောက်နဲ့ သမ္မတကတော်တွေဟာ Mar-a-lago အပန်းဖြေစံအိမ်ကြီးမှာ ညစာအတူစားကြမှာဖြစ်ပါတယ်။ ဆွေးနွေးမှုတွေကို သောကြာနေ့မှာ စတင်ကြမှာဖြစ်ပါတယ်။
ဆွေးနွေးမှုတွေ ဘယ်လိုဖြစ်မယ်ဆိုတာ သူကြိုမသိနိုင်ဘူးလို့ သမ္မတ Trump က ကြာသပတေးနေ့က ပြောကြားခဲ့ပါတယ်။ ကုန်သွယ်ရေးနဲ့ပါတ်သက်လို့ တရုတ်ဟာ အမေရိကန်အပေါ် မမျှမတလုပ်ပြီး အမြတ်ထုတ်နေတယ်လို့ သမ္မတမဲဆွယ်ကာလတလျှောက်လို့ Mr. Trump ကပြောကြားခဲ့တာပါ။ သမ္မတ Trump ဟာကြိုတင်ခန့်မှန်းရခက်သူဖြစ်တာမို့ ဆွေးနွေးမှုကနေ ဘာတွေကြိုတင်မျှော်လင့်လို့ရမလဲဆိုတာ ပြောဖို့ခက်တယ်လို့ အကဲခတ်တော်တော်များများက ပြောကြပါတယ်။
Your browser doesn’t support HTML5
Donald Trump နှင့် တရုတ်သမ္မတ တွေ့ဆုံ