အိန္ဒိယမိဘ ၂ ပါးကမွေးဖွားသူ ကန်နိုင်ငံခြားရေးဝန်ကြီးဖြစ်ဖွယ်

တောင်ကယ်ရိုလိုင်းနားပြည်နယ် အုပ်ချုပ်ရေးမှူး Nikki Haley

အမေရိကန် ပြည်ထောင်စုရဲ့ ရွေးကောက်ခံသမ္မတ Donald Trump ဟာ သူ့ရဲ့ ထိပ်တန်းအကြံပေးတွေ၊ အစိုးရသစ်အတွက် အရေးကြီးတဲ့ တာဝန်တွေအတွက် လျာထားတဲ့ပုဂ္ဂိုလ်တွေနဲ့ ကြာသပတေးနေ့မှာ တွေ့ဆုံခဲ့ပြီး၊ နောက်ပိုင်းမှာတော့ သူ့အတွက် ပထမဆုံး နိုင်ငံခြား ဧည့်သည်တော်အဖြစ် ဂျပန်ဝန်ကြီးချုပ် Shinzo Abe နဲ့ တွေ့ဆုံဖို့လည်း စီစဉ်ထားပါတယ်။

နယူးယောက်မြို့က သူ့ရဲ့ Trump Tower မိုးမျှော်တိုက်ကြီးမှာ အစီအစဉ်တွေရေးဆွဲနေတဲ့ ရွေးကောက်ခံသမ္မတဟာ ၁၉၇၀ ပြည့်လွန် နှစ်တွေမှာ အမေရိကန် ထိပ်တန်းသံတမန်အဖြစ် အမှုထမ်းခဲ့ဖူးတဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း Henry Kissinger နဲ့လည်း တွေ့ဆုံစကားပြောမှာ ဖြစ်ပါတယ်။

ရှေ့လာမယ့် ဇန်နဝါရီလ ၂၀ ရက်နေ့မှာ သမ္မတတာဝန် စတင်ထမ်းဆောင်တဲ့အခါ နိုင်ငံခြားရေး ဝန်ကြီးအဖြစ် ရွေးချယ်နိုင်ချေရှိတဲ့ တောင်ကယ်ရိုလိုင်းနားပြည်နယ် အုပ်ချုပ်ရေးမှူး Nikki Haley နဲ့လည်း တွေ့ဆုံဖို့ စီစဉ်ခဲ့တာပါ။ အုပ်ချုပ်ရေးမှူး ဟာလေ ဟာ မဲဆွယ်ပွဲကာလမှာ ထရမ့်ကို ဝေဖန်ပြောဆိုခဲ့တာတွေ ရှိခဲ့သလို၊ ထောက်ခံမှုပေးဖို့ တွန့်ဆုတ်ခဲ့တာ ရှိပေမဲ့ နိုင်ငံခြားရေးဝန်ကြီး တာဝန်ပေးအပ်ဖို့ စဉ်းစားသူတွေထဲမှာ ပါဝင်လာတာ ဖြစ်ပါတယ်။ အုပ်ချုပ်ရေးမှူး ဟာလေ ဟာ အိန္ဒိယနိုင်ငံက ရွှေ့ပြောင်းအခြေချ နေထိုင်သူ မိဘ ၂ ပါး ကမွေးဖွားလာသူ တဦးလည်းဖြစ်ပါတယ်။

ဒီသတင်းပတ်ထဲမှာတော့ အမျိုးသားလုံခြုံရေးဆိုင်ရာ ရာထူးတွေ ခန့်အပ်ရေးကို ထရမ့်က အဓိက အာရုံစိုက်ခဲ့သလို၊ တခြားအစိုးရအဖွဲ့ဝင် နေရာတွေအတွက် စဉ်းစားတာတွေလည်း ရှိခဲ့ပေမဲ့၊ ဘယ်သူတွေကို ရွေးချယ်မလဲဆိုတာတော့ ချက်ခြင်းဆုံးဖြတ်မယ့်ပုံ မပေါ်ပါဘူး။

တာဝန်ခန့်အပ်မယ့်သူတွေရဲ့ အမည်တချို့ကို နိုဝင်ဘာလ ၂၄ ရက် ကျေးဇူးတော်နေ့ အားလပ်ရက် မတိုင်မီ ထုတ်ဖော် ပြောဆိုကောင်း ပြောဆိုနိုင်ကြောင်း ထရမ့်ရဲ့ စည်းရုံးရေးအဖွဲ့မန်နေဂျာ Kellyanne Conway က ပြောဆိုခဲ့သလို၊ ကြေညာနိုင်ချင်မှ ကြေညာနိုင်မယ်လို့လည်း ပြောဆိုခဲ့တာပါ။ နောက်ဆုံး အဆုံးအဖြတ်ကိုတော့ ထရမ့်တဦးတည်းကသာ ချမှတ်မှာ ဖြစ်တယ်လို့လည်း ရုပ်မြင်သံကြား မေးမြန်းခန်းတခုမှာ ပြောဆိုသွားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီးနောက်၊ ထရမ့်ဟာ အီဂျစ်သမ္မတ Abdel Fattah el-Sissi ဂျာမနီဝန်ကြီးချုပ် Angela Merkel ရုရှားသမ္မတ Vladimir Putin တို့ အပါအဝင် ကမ္ဘာ့ခေါင်းဆောင်တော်တော်များများနဲ့ တယ်လီဖုန်းဆက် စကားပြောခဲ့ပြီး၊ ဂျပန်ဝန်ကြီးချုပ်နဲ့ကတော့ ပထမဆုံး လူချင်းတွေ့ဆုံမှာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

အိန္ဒိယမိဘ ၂ ပါးကမွေးဖွားသူ ကန်နိုင်ငံခြားရေးဝန်ကြီးဖြစ်ဖွယ်