တင်းမာမှု မတိုးလာစေဖို့ ဗြိတိန်ကို အီရန်သတိပေး

ဗြိတိန်နိုင်ငံပိုင် ရေနံတင်သင်္ဘောကို အီရန်နိုင်ငံဖမ်းဆီးလိုက်ပြီးတဲ့နောက် ၊ ၂ နိုင်ငံကြား တင်းမာမှုတွေမြင့်တက်နေတာနဲ့ ပတ်သက်ပြီး အီရန်နိုင်ငံက ဗြိတိန်နိုင်ငံကို သတိပေးလိုက်ပါတယ်။

၂ နိုင်ငံကြားတင်းမာမှုတွေဖြစ်နေတာကို ပိုပြီးတော့အရှိန်မြင့် လာအောင် လုပ်နေတဲ့ ဗြိတိန်နိုင်ငံတွင်းက နိုင်ငံရေးအင်အားစုတွေကို ဗြိတိန်အနေနဲ့ ထိန်းဖို့လိုတယ်လို့ အီရန်နိုင်ငံက ဒီကနေ့မှာ တိုက်တွန်းလိုက်ပါတယ်။ ပါရှန်ပင်လယ်ကွေ့ထဲက ဟော်မုဇ်ရေလက်ကြားမှာ ဗြိတိန်နိုင်ငံပိုင် Stena Impero ရေနံတင်သင်္ဘောကို သောကြာနေ့တုန်းက အီရန်ဘက်က ဖမ်းဆီးလိုက်တာဟာ ရန်လိုတဲ့လုပ်ရပ်ဖြစ်တယ်လို့ ဗြိတိန်နိုင်ငံက ပြောကြားလိုက်ပြီး၊ ဒီသင်္ဘောကို ဖမ်းဆီးလိုက်တာနဲ့ ပတ်သက်ပြီး အီရန်ရဲ့ ရှင်းပြချက်ကိုလည်း လက်မခံဘဲ ပယ်ချလိုက်ပါတယ်။

ဗြိတိန်အစိုးရအနေနဲ့ ၂ နိုင်ငံကြားမှာ ရှိနေတဲ့ တင်းမာမှုတွေကို ပိုပြီးတော့ မြင့်တက်လာအောင်လုပ်ချင်နေကြတဲ့ ပြည်တွင်းနိုင်ငံရေးအင်အားစုတွေကို ထိန်းဖို့လိုတယ်လို့ပြီး၊ ဒေသတွင်းမှာ အခြေအနေတွေက နည်းနည်းလေးမှ အတိမ်းအစောင်း မခံဖြစ်နေချိန်မှာ အခုလိုလုပ်တာဟာ အန္တရာယ်များပြီး ၊ ဉာဏ်အမြော်အမြင်နည်းလွန်ရာရောက်တယ်လို့ ဗြိတိန်နိုင်ငံဆိုင်ရာ အီရန်သံကိုယ်စားလှယ် Hamid Baeidinejad က တွစ်တာကနေ ပြောလိုက်ပါတယ်။ ဒါပေမဲ့လည်း အီရန်အနေနဲ့ ဘယ်လိုပုံစံမျိုးနဲ့ မဆို အခိုင်အမာ ရင်ဆိုင်သွားမှာဖြစ်တယ်လို့လည်း ပြောလိုက်ပါတယ်။

အဲဒီမတိုင်ခင်တရက်ကတော့ အီရန်အစိုးရရဲ့ လုပ်ရပ်တွေဟာ စိုးရိမ်စရာ လက္ခဏာတွေဖြစ်ပြီး၊ ဂျီဘရော်လ်တာရေလက်ကြားမှာ ဆီရီးယားနိုင်ငံကိုသွားနေတဲ့ အီရန်ရေနံတင်သင်္ဘောကို တရားဝင်ဖမ်းဆီးလိုက်ပြီးတဲ့နောက် အီရန်နိုင်ငံအနေနဲ့ ဒေသတွင်းမှာ မတည်ငြိမ်ဖြစ်အောင် အန္တရာယ်များပြီး တရားမဝင်လမ်းကြောင်းကို ရွေးချယ်တာမျိုးဖြစ်နိုင်တယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Jeremy Hunt က ပြောလိုက်ပါတယ်။ ဖမ်းဆီးခံထားတဲ့ သင်္ဘောသားတွေဟာ အန္တရာယ်ကင်းကင်းနဲ့ရှိနေသေးတယ်လို့ Hormozgan ပြည်နယ် ဆိပ်ကမ်းအာဏာပိုင်အဖွဲ့အကြီးအကဲ ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

Your browser doesn’t support HTML5

တင်းမာမှု မတိုးလာစေဖို့ ဗြိတိန်ကို အီရန်သတိပေး