ဘန်ကီမွန်း ကုလအကြီးအကဲ ဒု-သက်တမ်းအတွက် မဲခွဲတော့မည်

ဘန်ကီမွန်း ကုလအကြီးအကဲ ဒု-သက်တမ်းအတွက် မဲခွဲတော့မည်

ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးကနေ အတွင်းရေးမှူးချုပ်ရာထူး ဒုတိယ ၅ နှစ် သက်တမ်းအတွက် မစ္စတာ ဘန်ကီမွန်း (Mr. Ban Ki-moon) ကို အတည်ပြုဖို့ ဒီနေ့ မဲပေး ဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ အဖွဲ့ဝင် ၁၉၂ နိုင်ငံရဲ့ ကိုယ်စားလှယ်တွေက အထွေထွေ ညီလာခံကြီးမှာ ဒီနေ့ မွန်းလွဲပိုင်း မဲပေးကြတော့မှာ ဖြစ်ပါတယ်။

အသက် ၆၇ နှစ်အရွယ် တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဟောင်း မစ္စတာ ဘန်ကီမွန်းကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက နောက်ထပ် ၅ နှစ် သက်တမ်းအတွက် ထောက်ခံခဲ့ပြီး ဖြစ်ပါတယ်။

၂၀၀၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့က စတင်ခဲ့ပြီး လာမယ့် ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ ကုန်ဆုံးတော့မယ့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ပထမသက်တမ်း အတွင်းမှာ မစ္စတာ ဘန်ကီမွန်းဟာ ဥတုရာသီ အပြောင်းအလဲ၊ လက်နက်ဖျက်သိမ်းရေး၊ ကျား မ တန်းတူရေး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးရာတွေကို ထိပ်တန်းက ဦးစားပေး ဆောင်ရွက်ခဲ့ပါတယ်။

ဒါပေမဲ့ ကြမ်းကြုတ်ရက်စက်တဲ့ ကမ္ဘာ့ အာဏာရှင်တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်နေတာတွေကို ပြစ်တင်ဖို့တော့ ပျက်ကွက်နေဆဲဖြစ်ပြီး ခပ်မဆိတ် သံတမန်နည်းကို ကျင့်သုံးနေတာကြောင့် ပွင့်ပွင့်လင်းလင်း ပြောဆိုသင့်တယ်လို့ ဝေဖန်တာတွေလည်း ရှိနေပါတယ်။