မူဆလင်ဆန့်ကျင်ရေးဟာ ပြုပြင် ပြောင်းလဲရေး အတွက် ကြီးမားတဲ့ခြိမ်းခြောက်မှု - ကင်တာနား

ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာ ကင်တာနား ကုလသမဂ္ဂတတိယ ညီလာခံ တွင် မြန်မာ့အရေးဆွေးနွေးစဉ်။ (အောက်တိုဘာလ ၂၄၊ ၂၀၁၃)။

ရခိုင်ပြည်နယ်အတွင်းဖြစ်တဲ့အခြေအနေတွေဟာ မြန်မာနိုင်ငံတွင်း မူဆလင်ဆန့်ကျင်ရေးအယူအဆတွေကို ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာစေပြီး၊ ဒါဟာ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်အတွက် အကြီးမားဆုံးခြိမ်းခြောက်မှုတရပ်ဖြစ်စေတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေး ကိုယ်စားလှယ်က ပြောလိုက်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးအခြေအနေတိုးတက်လာတယ်ဆိုပေမယ့် လွတ်လပ်စွာ ဆန္ဒသဘောထားထုတ်ဖော်မှုကြောင့် ဖမ်းဆီးခံရမှုတွေ ရှိနေသေးတဲ့ အခြေအနေကိုလည်း ထောက်ပြခဲ့ပါတယ်။ မြန်မာအစိုးရကိုယ်စားလှယ်ကတော့ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ်ဟာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတိုးတက်မှုတွေကို ပြည့်ပြည့်စုံစုံ ဖော်ပြနိုင်ခြင်းမရှိဘူးလို့ ပြန်လည်ထောက်ပြခဲ့ပါတယ်။ မနေ့တုန်းက ကုလသမ၈္ဂ အထွေထွေ ညီလာခံအတွင်း မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေးအခြေအနေ ဆွေးနွေးချက်တွေကိုတော့ ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။

ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ တတိယကော်မတီမှာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် သောမတ် အိုဟေးကင်တာနား ဆွေးနွေးသွားချက်တွေထဲမှာ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးအခြေအနေတွေ တိုးတက်လာမှုတွေကိုအသိအမှတ်ပြုခဲ့သလိုပဲ၊ စိုးရိမ်စရာတွေနဲ့ မြန်မာအာဏာပိုင်တွေဖက်ကလုပ်ဆောင်စရာတွေ ကျန်နေသေးတာကိုလည်း ထောက်ပြခဲ့ပါတယ်။

လက်ရှိ မြန်မာအစိုးရလုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းတွေမှာ သိသာထင်ရှားတဲ့ အောင်မြင်မှုတွေရတယ်လို့ အသိအမှတ်ပြုသလိုပဲ၊ ပဋိပက္ခဖြစ်တဲ့နေရာက ဒေသခံတွေ ဒုက္ခသည်တွေ အမျိုးသမီးတွေရဲ့ ဆန္ဒသဘောထား အယူအဆတွေကိုလည်း ထည့်သွင်းစဉ်းစားဖို့လိုမယ်လို့ ထောက်ပြထားပါတယ်။ ဒါ့အပြင် တရားဥပဒေစိုးမိုးရေးအတွက် လူ့အခွင့်အရေးချိုးဖောက်မှုတွေအပေါ် တာဝန်ခံတဲ့ တာဝန်ရှိသူတွေကို အရေးယူတဲ့ Accountability ကိစ္စကိုလည်း အလေးထားဆောင်ရွက်ဖို့ မြန်မာအစိုးရကို တိုက်တွန်းခဲ့ပါတယ်။ အထူးသဖြင့်ကတော့ ရခိုင်ပြည်နယ်မှာဖြစ်တဲ့ကိစ္စဟာ အဓိက စိုးရိမ်စရာဖြစ်တယ်လို့ မစ္စတာကင်တာနားက ပြောခဲ့ပါတယ်။

ရခိုင်ပြည်နယ်အခြေအနေဟာ တနိုင်ငံလုံးပါ ရိုက်ခတ်တဲ့အထိဖြစ်ခဲ့ပြီး၊ အခုသွားနေတဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကိုပါ ထိခိုက်နိုင်တယ်လို့ ထပ်မံ သတိပေးခဲ့ပါတယ်။

“ ရခိုင်ပြည်နယ်က အခြေအနေဟာ မြန်မာနိုင်ငံတွင်း မူဆလင် ဆန့်ကျင်ရေးအယူအဆတွေကိုကျယ်ကျယ်ပြန့်ပြန်ဖြစ်စေခဲ့ပြီး၊ ဒါဟာ လက်ရှိ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေအပေါ်မှာ ကြီးမားတဲ့ စိုးရိမ်စရာခြိမ်းခြောက်မှုဖြစ်နေပါတယ်။”

မြန်မာသမ္မတအနေနဲ့ ရခိုင်ပြည်နယ်ကို ကိုယ်တိုင်သွားခဲ့သလို၊ မတူကွဲပြားတဲ့ လူများ ဘာသာဝင်တွေအကြား အပြန်အလှန်ယုံကြည်လေးစားဖို့ဆိုတာကို အလေးပေးပြောခဲ့တယ်ဆိုတာကိုလည်း သူက အသိအမှတ်ပြုပြောပါတယ်။ ဒါပေမယ့်လို့လည်း အားနည်းတဲ့လူမှုအသိုင်းအဝိုင်းတွေကို အကာအကွယ်ပေးဖို့နဲ့၊ မတူကွဲပြားချက်တွေကို ခွဲခြားဆက်ဆံတဲ့ အယူအဆအမြင်တွေ ကျယ်ပြန့်လာတဲ့အပေါ် အစိုးရအနေနဲ့ ကိုင်တွယ်အရေးယူဖို့လိုမယ်လို့ ပြောပါတယ်။ အထူးသဖြင့်ကတော့ လူနည်းစုမူဆလင်တွေအပေါ် အမုန်းပွားတဲ့ ပြောဆိုရေးသားမှုတွေ၊ အကြမ်းဖက်မှုဖြစ်အောင် လှုံဆော်မှုတွေကို အာဏာပိုင်တွေဖက်က အရေးယူကိုင်တွယ်ဖို့ တိုက်တွန်းပါတယ်။ ဒီနေရာမှာ သတင်းမီဒီယာပိုင်းတွေမှာလည်း တာဝန်ရှိတယ်ဆိုတာကို သူက ထောက်ပြခဲ့ပါတယ်။

တချိန်တည်းမှာလည်းပဲ မြန်မာနိုင်ငံတွင်း နိုင်ငံရေးအကျဉ်းသားတွေ ရှိနေသေးတဲ့အခြေအနေကိုလည်း ထောက်ပြခဲ့ပါတယ်။ အထူးသဖြင့်တော့ ငြိမ်းချမ်းစွာစုဝေးဆန္ဒပြမှုကို ကန့်သတ်ထားတဲ့ နည်းဥပဒေပုဒ်မ ၁၈ နဲ့ ဥပဒေအချို့ကို ပြန်လည်စီစစ်ဖို့ တိုက်တွန်းပါတယ်။

“ငြိမ်းချမ်းစွာဆန္ဒပြလို့ ဖမ်းခံရသူ အများစုဟာ လယ်ယာမြေကိစ္စနဲ့ပတ်သက်ပြီး ဆန္ဒပြမှုတွေနဲ့ ပတ်သက်ဆက်နွယ်ပါတယ်။ စစ်တပ်ကနေ လယ်ယာမြေတွေကို အရင်တုန်းက မတရားသိမ်းယူထားတာနဲ့ အခု လက်ရှိ ဖွံဖြိုးရေးစီမံကိန်းတွေကို တိုးချဲ့လုပ်လာတာတွေကြောင့် ၊ လယ်ယောမြေကိစ္စဟာ အစိုးရအတွက်အတော်လေးကို အထိအရှမခံ ဖြစ်နေပါတယ်။”

မြန်မာအစိုးရ ကိုယ်စားလှယ်ကတော့ မစ္စတာကင်တာနားရဲ့ အစီရင်ခံစာဟာ ပြည့်စုံတဲ့ အစီရင်ခံစာမဟုတ်ဘူးလို့ ငြင်းချက်ထုတ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့ တကယ်အဖြစ်မှန်ကို ထပ်ဟပ်မှုမရှိတဲ့ အချက်တွေအများကြီးပါရှိတဲ့အပြင်၊ အစိုးရရဲ့အာဏာပိုင်တွေရဲ့ ဆောင်ရွက်ချက် ပြောဆိုချက်တွေကိုလည်း ပြည့်ပြည့်စုံစုံ ထည့်သွင်းထားမှုမရှိဘူးလို့ ပြန်လည်ဝေဖန်သွားပါတယ်။

“ အထူးကိုယ်စားလှယ်အနေနဲ့ မြန်မာနိုင်ငံတွင်းက တိုးတက်မှုအချို့ကို အသိအမှတ်ပြုထားပေမယ့်လည်း၊ သူ့အစီရင်ခံစာထဲမှာ လူ့အခွင့်အရေးနဲ့ပတ်သက်လို့ အစိုးရက ဆောင်ရွက်ပေးနေတဲ့ ကိစ္စရပ်တွေကို လုံလုံလောက်လောက်ထည့်သွင်းရေးသားထားခြင်းမရှိပါဘူး။”

အစီရင်ခံစာအပေါ်မှာတော့ နိုင်ငံအတော်များများက ဝင်ရောက်ဆွေးနွေးကြတဲ့အထဲ မစ္စတာ ကင်တာနားရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးနဲ့ပတ်သက်လို့ ကြိုးပမ်းချက်တွေနဲ့ အစီရင်ခံစာရဲ့ ပြည့်စုံမှုတွေကို ချီးကျုးထောက်ခံပါတယ်။ မစ္စတာကင်တာနားလိုပါပဲ အမေရိကန် သြစတေးသျှ ဂျပန် စတဲ့ နိုင်ငံအတော်များများက ရခိုင်ပြည်နယ်တွင်းကိစ္စအပေါ် စိုးရိမ်ပူပင်မှုရှိတာကိုလည်း ထုတ်ပြောခဲ့ပါတယ်။ ဒါ့အပြင် အဖမ်းအဆီးတွေ ဆက်ရှိနေတဲ့အပေါ်မှာလည်း ပြန်လည်သုံးသပ်ဖို့လိုတဲ့အကြောင်း အမေရိကန် ကိုယ်စားလှယ်က ဆွေးနွေးခဲ့ပါတယ်။

“ငြိမ်းချမ်းစွာ ဆန္ဒပြသူ နှစ်ရာကျော်ကို နောက်ထပ် ဖမ်းဆီးမှုတွေ လုပ်တဲ့အပေါ်မှာ အမေရိကန်ပြည်ထောင်စုအနေနဲ့ စိုးရိမ်ပူပင်မိပါတယ်။ ဒါကြောင့် ငြိမ်းချမ်းစွာစုဝေးဆန္ဒပြခွင့်နဲ့ပတ်သက်တဲ့ ဥပဒေတွေကို ပြန်လည် ဆန်းစစ်သုံးသပ်ဖို့ဆိုတဲ့ အထူးကိုယ်စားလှယ်ရဲ့ အကြံပြုချက် ကို ထောက်ခံပါတယ်။ နောက်ထပ်ဖမ်းဆီးမှုတွေရပ်တန့်အောင် ယုံကြည်ချက်ကြောင့် အကျဉ်းကျတဲ့ နိုင်ငံရေးအကျဉ်းသားဆိုတာကို အဓိပါယ် အသေအချာဖွင့်ဖို့ လိုပါတယ်။ ဒီ အဓိပါယ်ဖွင့်ချက်နဲ့အတူပဲ အဲဒီနိုင်ငံရေး အကျဉ်းသားအားလုံးကို လွှတ်ပေးရပါမယ်။”

တောင်ကိုရီယားနိုင်ငံကလည်း လက်ရှိ မြန်မာနိုင်ငံရဲ့အပြောင်းအလဲဟာ လူတိုင်းရဲ့ လူ့အခွင့်အရေးကို အကာအကွယ်ပေးနိုင် မှ အောင်မြင်ဖို့ဖြစ်လိမ့်မယ်လို့ ပြောသွားပါတယ်။

“နိုင်ငံတဝှမ်းက လူပုဂ္ဂိုလ်အားလုံး လုံခြုံပြီး သူတို့ရဲ့လူ့အခွင့်အရေးရပိုင်ခွင့်တွေ အကာအကွယ်ပေးနိုင်မှသာ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေ အောင်မြင်နိုင်မှာဖြစ်ပါတယ်။”

မစ္စတာကင်တာနားဟာ မြန်မာနိုင်ငံ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်အဖြစ် ၆ နှစ်တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ရှေ့နှစ်မှာတော့ သူရဲ့ တာဝန်သက်တမ်း ကုန်ဆုံးပြီဖြစ်ပါတယ်။ ဒါကြောင့် ကုလသမဂ္ဂ အထွေထွေညီလာခံကို တင်သွင်းတဲ့ သူ့အစီရင်ခံစာဟာ ဒါနောက်ဆုံးဖြစ်ပါတယ်။

ဒါပေမယ့် နောက်နှစ်ဆန်းလုပ်မယ့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ကိုတော့ အစီရင်ခံစာ တစောင် တင်သွင်းရဦးမှာပါ။ ၂၀၀၈ ခုနှစ်ကနေ တာဝန်ယူခဲ့စဉ်အတွင်း မြန်မာနိုင်ငံကို ၈ ကြိမ်သွားရောက်ခဲ့ပါတယ်။ သူ့ တာဝန်ယူစဉ်အတွင်း မြန်မာနိုင်ငံအနေနဲ့ ဖြေရှင်းရမယ့် လူ့အခွင့်အရေးပြဿနာတွေ ကို သူ့အနေနဲ့ အသေအချာ ထောက်ပြနိုင်ခဲ့ တယ်လို့ ယုံကြည်တဲ့အကြောင်းလည်း မစ္စတာကင်တားနားက ပြောသွားပါတယ်။