မြန်မာအသွင်ကူးပြောင်ရေးကာလ ဒုက္ခသည်တွေကို မေ့မထားဖို့ ကုလတိုက်တွန်း

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေနဲ့အတူ သိသာတဲ့ ဒီမိုကရေစီ အပြောင်းအလဲတခုကို ဖော်ဆောင်နေ တဲ့ မြန်မာနိုင်ငံမှာ လူတိုင်းက ဒီအကျိုးအမြတ် တွေကို ခံစားခွင့် ရရှိနေတာ မဟုတ်ဘူးလို့ - မကြာသေးခင်က မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးရုံး (OCHA) ရဲ့ ညွှန်ကြားရေးမှူးတဦးဖြစ်တဲ့ John Ging က ပြောဆိုလိုက်ပါတယ်။

မြန်မာပြည် ပြုပြင်ပြောင်းလဲလာတာနဲ့အမျှ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်က ဒုက္ခသည်တွေနဲ့ ပတ်သက်လို့ အတော်လေး စိုးရိမ်ကြောင်း - နယူးယောက်ခ်မြို့က ကုလသမဂ္ဂဌာနချုပ်မှာ မတ်လ ၁ ရက် အင်္ဂါနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း သူက ပြောကြားခဲ့တာပါ။ အကြောင်းစုံကို မနန္ဒာချမ်း က တင်ပြထားပါတယ်။

ဖေဖော်ဝါရီလ ၂၂ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ ၄ ရက်ကြာ မြန်မာနိုင်ငံကို သွားရောက်တဲ့ခရီးစဉ်အတွင်း - ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေက ဒုက္ခသည်တွေနဲ့ ပတ်သက်လို့ အတော်လေး စိုးရိမ်ကြောင်းကို ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးရုံး OCHA ရဲ့ ညွှန်ကြားရေးမှူး John Ging က ပြောဆိုခဲ့တာပါ။ မြန်မာနိုင်ငံမှာ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က နိုဝင်ဘာရွေးကောက်ပွဲမှာ မဲအပြတ်အသတ်အနိုင်ရခဲ့ပြီးနောက် လာမယ့် ရက်ပိုင်းအတွင်း သမ္မတအမည်တွေကြေညာပြီး အစိုးရသစ်ဖွဲ့ဖို့လို ဒီမိုကရေစီအသွင်ကူးပြောင်းလဲရေး ကို ဖော်ဆောင်နေပေမဲ့လို့လည်း - ဒီအသီးအပွင့်တွေကို မြန်မာပြည်သူအားလုံး မခံစားရသေးဘူးလို့လည်း သူက ပြောဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလက မြန်မာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြပေမဲ့ - ကချင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ ဒုက္ခသည် ၁ သိန်းကျော် ရှိနေဆဲဖြစ်ပြီး၊ သူတို့တွေဟာ ယာယီဒုက္ခသည်စခန်းတွေမှာ ဆင်းဆင်းရဲရဲ နေထိုင်နေကြရတာ ဖြစ်ပါတယ်။ လတ်တလော ကချင်လူမှုအသိုင်းအဝိုင်း တွေကြားမှာ - အဓိကစိုးရိမ်စရာဖြစ်နေတဲ့ ကိစ္စကတော့ မြေမြှုပ်မိုင်းအသုံးပြုမှုပဲဖြစ်တယ်လို့ မစ္စတာ Ging က ပြောကြားသွားခဲ့ပါတယ်။

“ကချင်ပြည်နယ်မှာ ဒေသခံတွေနဲ့ တွေ့ဆုံစကားပြောတဲ့အခါ မြေမြှုပ်မိုင်းတွေနဲ့ပတ်သက်လို့ အင်မတန် စိုးရိမ်ကြတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံဟာ မြေမြှုပ်မိုင်းတွေ၊ ပေါက်ကွဲစေတဲ့ ပစ္စည်းတွေကြောင့် ထိခိုက်သေကျေမှု ကမ္ဘာမှာ တတိယ အများဆုံးလည်းဖြစ်ပါတယ်။ ဒီကိစ္စက ဒေသခံတွေအတွက် အကြီးအကျယ် စိုးရိမ်စရာ ဖြစ်နေပါတယ်။ ဒုက္ခသည်စခန်း ၂ ခုက ပဋိပက္ခဒဏ်ခံကြရတဲ့ သူတွေနဲ့လည်း ကျနော် တွေ့ပါတယ်။ ဒီစခန်းတွေက အစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိကြပါဘူး။ ဒီစခန်းတွေမှာ အကူအညီပေးနေတဲ့ NGOs အဖွဲ့တွေကပဲ ကျနော့်ကို အစီရင်ခံကြပါတယ်။ ဒီအဖွဲ့တွေ အနေနဲ့လည်း အိုးအိမ်စွန့်ခွာထွက်ပြေး နေကြရတဲ့ အခြေအနေနဲ့ ပတ်သက်လို့ စိုးရိမ်နေကြပါတယ်။”

ဒါ့အပြင် ရခိုင်ပြည်နယ်ကို သွားရောက် လေ့လာခဲ့တဲ့ ခရီးစဉ်အတွင်းမှာတော့ - ၂၀၁၂ ခုနှစ်ကတည်းက လူ့အသိုင်းအဝိုင်း ၂ ခုကြား ဖြစ်ပွားခဲ့တဲ့ လူမျိုးရေးပဋိပက္ခတွေကြောင့် မူဆလင် ၁ သိန်း ၂ သောင်းနဲ့ ရခိုင်လူမျိုး ၅ ထောင်လောက်ဟာ အခုအချိန်ထိ IDP ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြရဆဲ ဖြစ်တယ်လို့ မစ္စတာ Ging က ပြောပါတယ်။ သူသွားရောက်ခဲ့တဲ့ မြေပုံမြို့နယ်တွင်းက IDP ဒုက္ခသည်စခန်းတွေမှာဆိုရင် ရိက္ခာနဲ့ ဆေးဝါး လုံလောက်မှုမရှိတာ၊ ကျန်းမာရေးစောင့်ရှောက်မှု ဆေးရုံဆေးခန်း လုံလုံလောက်လောက် မရှိတာ၊ သောက်သုံးရေနဲ့ မိလ္လာစနစ် ညံ့ဖျင်းမှု အခြေအနေတွေကို အံ့သြစွာ မြင်တွေ့ခဲ့ရပြီး၊ အထူးသဖြင့် မူဆလင် ဒုက္ခသည်တွေ နေထိုင်ရတဲ့ အခြေအနေတွေ နိမ့်ကျနေတာ တွေ့ခဲ့ရတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။ အမျိုးသမီးတယောက်ဟာ ဆိုရင်လည်း တလသားတောင် မပြည့်သေးတဲ့ ကလေးငယ် နေထိုင်မကောင်းဖြစ်ချိန်မှာ အနီးအနားက ဆေးရုံကို ပို့ခွင့်မရတဲ့အတွက် သေဆုံးခဲ့ရတဲ့အကြောင်း သူ့ကို ပြောပြတာ ကြားခဲ့ရတယ်လို့လည်း OCHA ညွှန်ကြားရေးမှူး John Ging က ပြောပါ တယ်။

“ဒါဟာခွဲခြားဆက်ဆံလွန်းတဲ့ မူဝါဒတွေကြောင့် ကြေကွဲစရာနဲ့ ကြုံရတဲ့ နမူနာတခုပါ။ ဒါတွေဟာ လူမျိုးပေါင်းစုံ နေထိုင်တဲ့ သမိုင်းအစဉ်အလာရှိပြီး၊ သည်းခံနိုင်စွမ်းရှိတဲ့ မြန်မာလူထုရဲ့ စံတန်ဘိုးတွေကိုလည်း ရောင်ပြန်ထင်ဟပ် မနေပါဘူး။ ဒီလို အခြေအနေမျိုးတွေကို မြန်မာနိုင်ငံရဲ့ လူမှုဘဝတွေမှာ ပြန်လည်ရရှိလာအောင် လုပ်ကြရပါလိမ့်မယ်။ လူမှုအသိုင်းအဝိုင်းက တုံ့ပြန်ကြတဲ့ အပြုအမူတွေ အပေါ်မှာလည်း ကျနော့်အနေနဲ့ အင်မတန်မှ လေးစားမိပါတယ်။ တဖက်နဲ့တဖက် ထိတွေ့မှုရှိအောင် ကြိုးစားနေကြပါတယ်။ သည်းခံဖို့၊ ပြန်လည်သင့်မြတ်ဖို့ စကားတွေ ပြောကြပါတယ်။ ဒါတွေဟာ တိုးတက်မှုတွေရအောင် တည်ဆောက်သွားနိုင်မယ့် အခြေခံတွေပါ။”

မြန်မာနိုင်ငံမှာ အားကျလောက်အောင် တိုးတက်ပြောင်းလဲမှုတွေကို တွေ့မြင်နေရပြီဆိုပေမဲ့ - ဘယ်သူ့ကိုမှ နောက်ချန်ထားတာမျိုး၊ ဘေးဖယ် ထားတာမျိုး မဖြစ်သင့်ဘူးလို့လည်း မစ္စတာ ဂင်း (Ging) က တိုက်တွန်းသွားခဲ့ပါတယ်။

ဒီအတောအတွင်း ဖေဖော်ဝါရီ ၂၉ ရက်နေ့ကနေ မတ်လ ၂၄ ရက်နေ့အထိ ကျင်းပနေတဲ့ လူ့အခွင့်အရေးကောင်စီ ၃၁ ကြိမ်မြောက် ညီလာခံမှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အထူး စုံစမ်းစစ်ဆေးရေးမှူး မစ္စ် ယန်ဟီးလီ က မတ်လ (၁၄) ရက်နေ့မှာ အစီရင်ခံဖို့ရှိသလို၊ UPR ခေါ် နိုင်ငံအလိုက် လူ့အခွင့်အရေးအခြေအနေ ပြန်လည်သုံးသပ်မှုကိုလည်း မြန်မာနိုင်ငံနဲ့ပတ်သက်လို့ မတ်လ ၁၇ ရက်နေ့ အစီရင်ခံ တင်သွင်းဖို့ ရှိပါတယ်ရှင်။