မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမွတ်စလင်တွေအပေါ် ပစ်မှတ်ထားပြီး လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှား မှုတွေပြုလုပ်နေတဲ့အပြင် နေ့စဉ်နဲ့အမျှ အခြေအနေ သိသိသာသာဆိုးရွားနေတဲ့အတွက် ကုလသမဂ္ဂကနေ မြန်မာနိုင်ငံအပေါ် ထိရောက်စွာအရေးယူနိုင်ရေး နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အခိုင်အမာရပ်တည်ဖို့ AI ခေါ် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးက တိုက်တွန်းလိုက်ပါတယ်။
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာ ရိုဟင်ဂျာဒုက္ခသည်အရေး အထူးစည်းဝေးပွဲ ဒီကနေ့ အင်္ဂါနေ့မှာ ကျင်းပဖို့ ပြင်ဆင်နေချိန် AI အဖွဲ့ကြီးက အခုလို တောင်းဆိုလိုက်တာဖြစ်ပါတယ်။
မအင်ကြင်းနိုင်က တင်ပြမှာပါ။
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ ဆော်ဒီအာရေဗျတို့ က ရိုဟင်ဂျာအရေး အထူးအစည်းအဝေးတရပ်ခေါ်ယူဖို့ ကောင်စီမှာ တောင်းဆိုခဲ့ပြီး အဖွဲ့ဝင်ပေါင်း ၄၇ နိုင်ငံအနက် ၃၁ နိုင်ငံက ထောက်ခံခဲ့တာဖြစ်ပါတယ်။မနေ့ တနင်္လာနေ့ကလည်း သက်ဆိုင်ရာ နှစ်နိုင်ငံလုံးရဲ့ သံအမတ်တွေကလည်းဒီအထူးစည်းဝေးပွဲ ခေါ်ယူရခြင်းအကြောင်းရင်းကို ရှင်းလင်းခဲ့ကြပြီး ဒီကနေ့ ဒီဇင်ဘာလ ၅ ရက်နေ့မှာ ဂျီနီဗာမှာ ဆွေးနွေးကြမှာဖြစ်ပါတယ်။
လူ့အခွင့်အရေးကောင်စီရဲ့ အထူးအစည်းအဝေးဟာ ရိုဟင်ဂျာတွေ ရင်ဆိုင်နေရတဲ့ ဆိုးရွားလှတဲ့ လူ့အခွင့်အရေး အကျပ်အတည်း ကို အရေးတကြီးဖြေရှင်းဖို့ လိုအပ်နေတယ်ဆိုတာ မီးမှောင်ထိုးပြနေကြောင်း မနေ့က ထုတ်ပြန်တဲ့ AI ခေါ် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
ဒါပေမယ့် ဒီအခြေအနေလောက်နဲ့တင် မလုံလောက်ပဲ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ချက်ချင်းရပ်တန့်ဖို့နဲ့ ကျူးလွန်သူတွေကို အပြစ်ပေးအရေးယူနိုင်ဖို့ မြန်မာအစိုးရနဲ့ စစ်တပ်ကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ပြတ်ပြတ်သားဖိအားပေးဖို့ လိုအပ်နေကြောင်း AI ပဋိပက္ခဆိုင်ရာ အကြီးတန်းအကြံပေး Matthew Wells ကဗွီအိုအေကို ပြောပါတယ်။
"လူ့အခွင့်အရေးကောင်စီကနေ မြန်မာ့အပေါ် ပြင်းပြင်းထန်ထန်အရေးယူတဲ့ ဆုံးဖြတ်ချက်ချမှတ်ဖို့ လိုအပ်နေပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ ရိုဟင်ဂျာတွေအပေါ် ပစ်မှတ်ထားပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ ညှမ်းပန်းနှိပ်စက်မှုတွေကို အဆုံးသတ်စေဖို့နဲ့ လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားမှုမှာ တာဝန်ရှိသူတွေကို အပြစ်ပေးအရေးယူနိုင်ဖို့ ဖြစ်ပါတယ်။"
ဒါအပြင် မြန်မာဘက်က ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်ဖို့၊ မြန်မာနိုင်ငံတဝှမ်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်းမယ့် ကုလသမဂ္ဂရဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့ကို မဖြစ်မနေလက်ခံဖို့ ဒီကနေ့ကျင်းပမယ့် လူ့အခွင့်အရေးကောင်စီရဲ့ အထူးအစည်းအဝေးမှာ မြန်မာအစိုးရကို ဖိအားပေးသင့်တယ်လို့ မြင်ကြောင်း Matthew Wells ကပြောပါတယ်။
AI အဖွဲ့ရဲ့ ကြေညာချက်ထဲမှာ အခြား တိုင်းရင်းသားဒေသတွေဖြစ်တဲ့ ကချင်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာလည်း သတ်ဖြတ်ခံရမှု၊ ပျောက်ဆုံးမှု၊ ဥပဒေမဲ့ ထိန်းသိမ်းမှု၊ ညှမ်းပန်းနှိပ်စက်မှုနဲ့ အတင်းအဓမ္မ စေခိုင်းမှုစတဲ့ မြန်မာစစ်တပ်ရဲ့ ကျယ်ပြန့်လှတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေရပ်တန့်အောင် လူ့အခွင့်အရေးကောင်စီအနေနဲ့ မဖြေမနေဖြေရှင်းပေးဖို့ လိုအပ်ကြောင်း လည်းထောက်ပြထားပါတယ်။
သြဂုတ်လ ၂၅ ရက်နေ့က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ASRA ရိုဟင်ဂျာအကြမ်းဖက်အဖွဲ့က လုံခြုံရေးစခန်း ၃၀ ကို ဝင်ရောက်တိုက်ခိုက်ပြီးနောက် မြန်မာလုံခြုံရေးတပ်တွေက နယ်မြေရှင်းလင်းရေးဆောင်ရွက်ရာမှာ ဒေသခံ ရိုဟင်ဂျာမွတ်စလင်တွေကို သတ်ဖြတ်မှု၊ အဓမ္မပြုကျင့်မှု၊ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးမှု၊ တဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ကိုရိုဟင်ဂျာဒုက္ခသည် ခြောက်သိန်းကျော် ထွက်ပြေးခဲ့ရတဲ့ဖြစ်ရပ်တွေဟာ လူမျိုးစု အလိုက် ရှင်းလင်းဖယ်ရှားမှုအပြင် လူသားတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်ကြောင်း Matthew Wells က ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ AI အဖွဲ အခြေစိုက်ပြီး ဒုက္ခသည်တွေနဲ့ တွေ့ဆုံမေးမြန်းခဲ့တာတွေ၊ သူကိုယ်တိုင် သွားရောက်စုံစမ်းခဲ့တဲ့အချက်အလက်တွေပေါ် အခြေခံပြီး Matthew Wells က အခုလို ရှင်းပြပါတယ်။
"ကျနော်တို့ စုစောင်းရရှိထားတဲ့ အထောက်အထားအချက်အလက်တွေအရ ရခိုင်ပြည်နယ်မှာ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေဟာ နိုင်ငံတကာဥပဒေအရ လူသားတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်နေတယ်လို့ အထင်အရှားပြသနေပါတယ်။ ရိုဟင်ဂျာ အသိုင်းအဝိုင်းအပေါ် ပစ်မှတ်ထားပြီး စနစ်တကျနဲ့ ကျယ်ကျယ်ပြန့်ပြန့် တိုက်ခိုက်ခဲ့တာတွေ့ရပါတယ်။ အဲဒီထဲမှာ လိင်ပိုင်းဆိုင်ရာ အတင်းအဓမ္မပြုကျင့်မှု၊ ရိုဟင်ဂျာ ရွာတွေကို မီးရှို့ပြီး နေရပ်ကနေ အတင်းအကျပ် မောင်းထုတ်မှု စတာတွေပါဝင်ပါတယ်။"
ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အခုလို စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ မြန်မာစစ်တပ်က ငြင်းဆိုထားပြီး မကြာသေးခင်က ထုတ်ပြန်တဲ့ တပ်မတော် စုံစမ်းစစ်ရေးကော်မရှင်ရဲ့ အစီရင်ခံစာမှာတော့ မြန်မာလုံခြုံရေးတပ်တွေဘက် ဥပဒေနဲ့အညီ ဆောင်ရွက်ခဲ့တာသာဖြစ်ပြီး ARSA ရိုဟင်ဂျာ အကြမ်းဖက်အဖွဲ့ကသာ ကျူးလွန်ခဲ့တာ ဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။
Your browser doesn’t support HTML5