သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာအရေး လူ့အခွင့်အရေးကောင်စီ အထူးစည်းဝေးခေါ်ယူမှု Bangladesh ရှင်းလင်း


 ကုလသမဂ္ဂဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ် M Shameem Ahsan ရှင်းလင်းစဉ် (web tv UN)
ကုလသမဂ္ဂဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ် M Shameem Ahsan ရှင်းလင်းစဉ် (web tv UN)

ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာမူဆလင်နဲ့တခြားလူနည်းစုတွေရဲ့လူ့အခွင့်အရေး အခြေအနေတွေနဲ့ပတ်သက်ပြီး ကုလသမဂ္ဂလူ့အခွင့် အရေးကောင်စီမှာ ဒီကနေ့အထူးအစည်းအဝေးခေါ်ယူကျင်းပဖို့ရှိပါတယ်။ မနေ့တုန်းကတော့ အထူးအစည်းအဝေးခေါ်ယူ ရတဲ့အကြောင်းအရင်းနဲ့ ဘယ်လိုအကြောင်းအရာတွေကို ဆွေးနွေးကြမယ်ဆိုတာတွေကို ဒီအစည်းအဝေးခေါ်ယူဖို့အဆို တင်သွင်းကြတဲ့နိုင်ငံတွေက ရှင်းပြခဲ့ကြပါတယ်။ ဒီအကြောင်း ကိုကျော်အောင်လွင်က ပြောပြပါလိမ့်မယ်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာ ရိုဟင်ဂျာနဲ့ရခိုင်ပြည်နယ်အတွင်းက တခြားလူနည်းစုတွေရဲ့လူ့အခွင့်အရေး အခြေအနေနဲ့ပတ်သက်လို့ အထူးအစည်းအဝေးခေါ်ယူပြီး ဆွေးနွေးကြဖို့အဆိုတင်သွင်းခဲ့ကြတဲ့နိုင်ငံတွေကတော့ ဘင်္ဂလားဒေ့ရှ်နဲ့ ဆော်ဒီအာရေးဗျနိုင်ငံတွေပါ။ သူတို့ရဲ့အဆိုတင်သွင်းမှုကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံပေါင်း၇၃ကလည်း ထောက်ခံခဲ့ကြပါတယ်။ အဲဒီနိုင်ငံတွေထဲမှာ ၃၃နိုင်ငံက ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့အဖွဲ့ဝင်နိုင်ငံတွေပါ။ လူ့အခွင့်အရေးကောင်စီမှာ အဖွဲ့ဝင် ၄၇ နိုင်ငံရှိပြီး၊ အထူးစည်းဝေးပွဲခေါ်ယူနိုင်ဖို့ အနည်းဆုံး အဖွဲ့ဝင်တွေရဲ့ထောက်ခံမှု သုံးပုံတပုံ ဒါမှမဟုတ်အနည်းဆုံး ၁၆ နိုငိငံရဲ့ထောက်ခံမှုရရှိဖို့ လိုအပ်တာဖြစ်ပါတယ်။ ဂျီနီဗာက ကုလသမဂ္ဂဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ် M Shameem Ahsan ကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရောက် လာကြတဲ့ရိုဟင်ဂျာဦး ရေစုစုပေါင်းက တသန်းလောက်ရှိနေပြီလို့ဆိုပါတယ်။

"သြဂုတ်လ ၂၅ရက်နေ့ကစလို့ ရိုဟင်ဂျာ၆သိန်း၂သောင်းလောက်ဟာ မြန်မာပြည်တွင်းက အဓမ္မတွန်းအားပေးမှုတွေ ကြောင့် ဘင်္ဂလားဒေ့ချ်နိုင်ငံမှာလာပြီးခိုလှုံနေကြပါတယ်။ သူတို့တွေထဲက ၆၀ရာခိုင်နှုန်းဟာ ကလေးသူငယ်တွေပါ။ နောက်ထပ် ရိုဟင်ဂျာ တသိန်း၂သောင်းလောက် ဒါမှမဟုတ် ဒီထက်ပိုတဲ့လူအရေအတွက်ဟာ မြန်မာပြည်တွင်းမှာပဲ အိုးအိမ်စွန့်ခွါထွက်ပြေးနေရသူတွေအတွက်တည်ဆောက်ထားတဲ့စခန်းတွေမှာ ဘယ်ကိုမှရွှေ့ပြောင်းခွင့်မရှိပဲ နေနေကြရ ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှာရောက်နေတဲ့ ရိုဟင်ဂျာလူဦးရေစုစုပေါင်းကအခုဆို တသန်းလောက်ရှိနေပါပြီ။ သြဂုတ်လ ၂၅ရက်နောက်ပိုင်း ရောက်လာကြတဲ့သူတွေဟာ မြန်မာပြည်အတွင်း မှာ ရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်တွေကို ခံစားခဲ့ကြရတဲ့သူတွေပါ"

မကြာခင်တုန်းကပဲ မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်၂နိုင်ငံအကြားသဘောတူညီချက်အရ ရိုဟင်ဂျာဒုက္ခသည်တွေကို နေရပ်ပြန် ခေါ်ရေးလုပ်ငန်းကို ၂လအတွင်းလုပ်ဆောင်မယ်လို့ဆိုပါတယ်။ ဒီလုပ်ငန်းက အချိန်လည်းတော်တော် ကြာမှာဖြစ်ပြီး လုပ်ငန်းစဉ်တွေလည်း တော်တော်များတဲ့ကိစ္စလို့လည်း သံအမတ်ကြီးကပြောပါတယ်။ ရိုဟင်ဂျာပြဿနာကိုဖြေရှင်းရာ မှာ အဓိကအချက်၂ချက်ရှိပြီးပထမအချက်ကို သံမတ် Shameem Ahsan အခုလိုစရှင်းပါတယ်။

"ဒီနိုင်ငံမဲ့ဖြစ်နေတဲ့လူနည်းစုအခြေအနေကို ထိထိရောက်ရောက်ဖြေရှင်းရေးမှာ သူတို့အပေါ် လူမျိုးရေးနဲ့ ဘာသာ ရေး ဆိုင်ရာမုန်းတီးမှုတွေကိုရပ်တန့်ရမှာဖြစ်သလို သူတို့ကို အသိအမှတ်မပြုပဲ မြန်မာနိုင်ငံအတွင်း နေထိုင်ခဲ့တာကြာ ပေမဲ့ တရားမဝင်နေထိုင်သူတွေဆိုတဲ့ပြောဆိုမှုတွေကိုလည်း ရပ်တန့်ရမှာဖြစ်ပါတယ်။ မစ္စတာ ကိုဖီအာ နန်အဖွဲ့ရဲ့ အကြံပေးချက်တွေကိုလည်းအပြည့်အဝလိုက်နာရမှာဖြစ်ပါတယ်။"

ရိုဟင်ဂျာပြဿနာဖြေရှင်းရေးဆိုင်ရာ ဒုတိယအချက်ကိုလည်း ဘင်္ဂလားဒေ့ချ်သံအမတ်က ဆက်ပြီးပြောပါတယ်။

"ဒုတိယအချက်အနေနဲ့ ကုလသမဂ္ဂရဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့ကို ဝင်ခွင့်ပြုရပါလိမ့်မယ်။ ဒီနိုင်ငံမဲ့ လူနည်း စုတွေ အပေါ်လူ့အခွင့်အရေးချိုးဖေါက်မှုတွေကျူးလွန်ခဲ့တယ်ဆိုတဲ့အချက်တွေကို စုံစမ်းစစ်ဆေးဖို့ဖြစ်ပါတယ်။ ပြစ်မှု ကျုးလွန်သူတွေကိုလည်း အရေးယူရပါလိမ့်မယ်။ ဒါဟာ အိုးအိမ်မဲ့ဖြစ်နေသူတွေအတွက် ယုံကြည်မှုတည်ဆောက်နိုင် ရေးမှာ သိပ်ပြီးအရေးပါတဲ့အချက်ဖြစ်ပါတယ်။ ပိုပြီးရေးကြီးတာကတော့ ဒီအဖိနှိပ်ခံလူနည်းစုတွေနောက်ထပ်နှိပ်စက် မခံ ရအောင် ဒီနည်းနဲ့အကာအကွယ်ပေးဖို့ပါပဲ။"

ဘာကြောင့်အခုလိုအထူးအစည်းအဝေးခေါ်ရသလဲဆိုတာကိုလည်း ဘင်္ဂလားဒေ့ရှ်သံအမတ် Shameem Ahsan ရှင်းပြပါတယ်။

"ဒီလူ့အခွင့်အရေးပဋိပက္ခကိုဖြေရှင်းရေးမှာ မြန်မာဘက်က စိတ်ရင်းမှန်နဲ့ ကြိုးပမ်းလုပ်ဆောင်တာ မျိုး နိုင်ငံတကာလူ့အဖွဲ့အစည်းတွေအနေနဲ့ မတွေ့ရသေးပါဘူး။ ဒီပြဿနာကိုဖြေရှင်းရေးမှာ လူသားချင်းစာနာမှုကိစ္စေ တွကိုပဲဖြေရှင်းပြီး ၂နိုင်ငံအကြားဆွေးနွေးဖြေရှင်းယုံနဲ့လုံလောက်တယ်ဆိုတဲ့ အယူဆကို ကျနော်တို့လက်မခံပါဘူး။"

အခုလိုစိတ်ပျက်ဖို့ကောင်းတဲ့အခြေအနေဟာ မြန်မာဘက်က အချိန်စွဲနေတာကြောင့် ပိုဆိုးလာပြီး အချက်အလက်ရှာ ဖွေရေးအဖွဲ့ကိုလည်း ဝင်ခွင့်မပြုတာကြောင့် ကမ္ဘာ့နိုင်ငံတော်တော်များများက ကုလသမဂ္ဂအဖွဲ့အတွင်း လူ့အခွင့်အရေးကောင်စီ အနေနဲ့ ဒီကိစ္စကို အဓိကထားကိုင်တွယ်ရမယ်လို့ ယုံကြည်လက်ခံလာတာလည်းဖြစ်ပါတယ်။

ဒီကနေ့ကျင်းပတဲ့အထူးအစည်းအဝေးအပြီး အလ်ဂျီးရီးယား၊ ဘင်္ဂလားဒေ့ရှ်၊ နိုက်ဂျီးယား၊ ဆော်ဒီအာရေးဗျ၊ ဆီနီးဂလ်နဲ့တူရကီနိုင်ငံတွေပေါင်းပြီး ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာမူဆလင်နဲ့တခြားလူနည်းစုတွေရဲ့ လူ့အခွင့် အရေး အခြေအနေတွေဆိုတဲ့ခေါင်းစဉ်နဲ့ အဆိုပြုချက်တရပ်ကို တင်သွင်းဖို့ရှိပါတယ်။

ဒီအဆိုပြုချက်ကို လူ့အခွင့်အရေး ကောင်စီအဖွဲ့ဝင်တွေအကြား ဆွေးနွေးမှု ၂ကြိမ်လုပ်ခဲ့ပြီးပါပြီ။ ဒီအဆိုပြုချက်မူကြမ်းကို သဘောတူညီချက်ရနိုင်ဖို့ ညှိနှိုင်း မှုတွေလုပ်ခဲ့ပြီး ပြဿနာကိုအဖြေရှာနိုင်ရေး လိုက်နာ ဆောင် ရွက်ရမယ့်တိုက်တွန်းချက်တွေဟာလည်း အကျိုး အကြောင်းညီညွတ်တဲ့ အဆိုပြုချက်လည်းဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်သံအမတ် M Shameem Ahsan ကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG