သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလလူ့အခွင့်အရေးညီလာခံ စတင်


ကုလသမဂ္ဂအတွင်းရေးမှူးချုပ်Antonio Guterres မိန့်ခွန်းပြောစဉ်
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်Antonio Guterres မိန့်ခွန်းပြောစဉ်

နိုင်ငံရေးအကျိုးအမြတ်ရဖို့အတွက် မဆင်မခြင် လုပ်ဆောင်မှုတွေကြောင့် ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ လူ့အခွင့်အရေးတွေ ခြိမ်းခြောက်ခံနေရတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး Zeid Ra’ad al-Hussein က သတိပေး ပြောကြားလိုက်ပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ တနင်္လာနေ့က စတင်တဲ့ ၃၄ ကြိမ်မြောက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ညီလာခံမှာ လူ့အခွင့်အရေးမဟာမင်းကြီးက အဲဒီလို ပွင့်ပွင့်လင်းလင်း သတိပေး ပြောကြားလိုက်တာ ဖြစ်ပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် Lisa Schlein ပေးပို့ထားတဲ့ သတင်းကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ဒုတိယကမ္ဘာ့စစ်ပြီးကတည်း ကမ္ဘာ့ကြီး တည်ငြိမ် ငြိမ်းချမ်းဖို့အရေး အောင်အောင် မြင်မြင် လုပ်ဆောင်လာတဲ့ အခြေအနေတွေဟာ အခုချိန်မှာတော့ လူကြိုက်များယုံ လုပ်ဆောင်နေကြတဲ့ မူဝါဒတွေကြောင့် ပျက်ဆီးရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပြီလို့ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး Zeid Ra’ad al-Hussein က သတိပေး ပြောကြားလိုက်ပါတယ်။

စိတ်မချမ်းမြေ့ဘွယ်ရာ စစ်ပွဲတွေနဲ့ ရင်ဆိုင်ခဲ့ရပြီးတဲ့နောက် ကမ္ဘာ့နေရာ အများအပြားမှာ ရေရှည် တည်တန့်တဲ့ ငြိမ်းချမ်းရေးနဲ့ တိုးတက် အောင်မြင်တဲ့ ဖွံ့ဖြိုးမှုအစီအစဉ်တွေ ရရှိအောင် နှစ်ပေါင်း ၇၀ လောက် လုပ်ဆောင်နိုင်ခဲ့တာဟာ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး ပဋိညာဉ်စာတမ်းနဲ့ လူ့အခွင့်အရေး သဘောတူညီချက်တွေကို နိုင်ငံတကာမှာ လက်မှတ်ထိုးနိုင်ခဲ့တဲ့အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ငံရေးခေါင်းဆောင်တွေရဲ့ မမှန်ကန်တဲ့ စိတ်ထားတွေနဲ့ မဲဆွယ် စည်းရုံးမှုတွေ၊ ဒါမှမဟုတ် အဲဒီ အခွင့်အရေးတွေကို ထောက်ပံ့ပေးနေတဲ့ အဖွဲ့အစည်းတွေ၊ သဘောတူညီချက်တွေက နှုတ်ထွက်မယ်ဆိုတဲ့ ခြိမ်းခြောက် ပြောဆိုမှုတွေအတိုင်း လိုက်နာ ဆောင်ရွက်ကြမယ်ဆိုရင် ကမ္ဘာကြီးအနေနဲ့ ကြီးမားတဲ့ ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ Zeid Hussein က သတိပေး ပြောကြားလိုက်ပါတယ်။

“အရင် နိုင်ငံပေါင်းချုပ် အသင်းကြီး ကာလတုန်းကလိုပဲ အများနဲ့ အပြန်အလှန် ထိန်းကြောင်းရမယ့်စနစ်ကြီးကို ဖျက်လို ဖျက်ဆီးလုပ်တဲ့ အနေအထားတွေ၊ ဒီလို စနစ်ကြီးကနေ တစိတ်တပိုင်း ထွက်သွားမယ်ဆိုတဲ့ အခြေအနေတွေ ရှိလာတာကြောင့် ဒီသမိုင်းကြောင်းအတိုင်းပဲ အခုလုပ်နေကြတဲ့ နိုင်ငံရေးသမားတွေနဲ့ အဖွဲ့အစည်းတွေကို ရှင်းရှင်းလင်းလင်း သတိပေးရပါလိမ့်မယ်။ ဒီတိုင်း ထိုင်ကြည့်နေလို့ မရပါဘူး။ ဆုံးရှုံးရမှာတွေ သိပ်များမှာမို့ ကာကွယ်တားဆီးရမှာတွေကလည်း အများကြီးပါပဲ။ ကျနော်တို့ရဲ့ အခွင့်အရေးတွေ၊ အများသူငါ အခွင့်အရေးတွေ၊ ကမ္ဘာကြီးရဲ့ အနာဂတ် စတာတွေ အားလုံးဟာ လက်လွတ်စပယ် ပြောဆိုလုပ်ကိုင်နေတဲ့၊ နိုင်ငံရေး အမြတ်ထုတ်လိုတဲ့ လူတွေကြောင့် ဘေးရောက် မသွားစေသင့်ပါဘူး။"

Antonio Guterres ဟာလည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အဖြစ်နဲ့ လူ့အခွင့်အရေးကောင်စီရဲ့ ညီလာခံကို ပထမဆုံးအကြိမ် တက်ရောက်နေပါတယ်။ သူက ကမ္ဘာတဝှမ်း လူ့အခွင့်အရေးကို လျစ်လျူရှုမှုတွေ ကျယ်ပြန့်လာနေတာဟာ စိုးရိမ်စရာ ကိစ္စရပ်ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

“အများအကြိုက်ဆောင်ဝါဒနဲ့ အစွန်းရောက် ဝါဒတို့ဟာ လူမျိုးခွဲခြားရေးဝါဒ၊ နိုင်ငံခြားသား မုန်းတီးရေးဝါဒ၊ ဂျူးလူမျိုးများ မုန်းတီးရေးဝါဒ၊ မွတ်စလင် မုန်းတီးရေးဝါနဲ့ တခြား မုန်းတီးရေး ဝါဒ မျိုးစုံတို့နဲ့ အပြန်အလှန် အထောက်အကူပြု လုပ်ဆောင်နေတဲ့ ဖောက်ပြန်တဲ့ ဖြစ်စဉ်ကို တိုးမြင့် မြင်တွေ့လာနေရပါတယ်။ လူနည်းစုတွေ၊ ဌာနေတိုင်းရင်းသားတွေနဲ့ တခြား အုပ်စုတွေဟာလည်း ကမ္ဘာတဝှမ်း ခွဲခြား ဆက်ဆံခံနေကြရပါတယ်။ လိင်တူ ချစ်သူတွေဟာလည်း အဲဒီလိုပဲ ခွဲခြား ဆက်ဆံခံနေကြရပါတယ်။”

လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ ပဋိပက္ခတွေ ဖြစ်ပေါ်စေမယ့် အစောပိုင်းသင်္ကေတတွေဖြစ်တယ်လို့လည်း Guterres က သတိပေး ပြောကြားပါတယ်။ အဲဒီလို ဖြစ်ပေါ်နေမှုတွေကို လူတိုင်းက ဦးစားပေး လုပ်ငန်းစဉ်အဖြစ်နဲ့ ကြိုတင် ကာကွယ်ကြဖို့ လိုအပ်တဲ့အကြောင်း၊ ပြဿနာတွေရဲ့ အခြေခံ ဇစ်မြစ်ကို ကိုင်တွယ် ဖြေရှင်းပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဆိုင်တဲ့ စိုးရိမ်မှုတွေကို အစောဆုံးနဲ့ အထိရောက်ဆုံး ကိုင်တွယ် ဖြေရှင်းကြဖို့ လိုအပ်ကြောင်းလည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က ပြောကြားခဲ့ပါတယ်။

ကုလလူ့အခွင့်အရေးညီလာခံ စတင်
please wait

No media source currently available

0:00 0:03:32 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG