[[Zawgyi/Unicode]]
မြန်မာနိုင်ငံတွင်း စစ်ရေးပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာပြီး ထွက်ပြေးနေရသူတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ အတော်လိုအပ်နေပါတယ်။ တချို့ဆို ယာယီစစ်ရှောင်စခန်းတွေမှာ အချိန်တော်တော်ကြာ နေထိုင်နေရပြီး အခြေခံလိုအပ်ချက်တွေ ဖြည့်တင်းနိုင်ဖို့အတွက်ပါ ခက်ခဲနေကြတာပါ။ အခက်ကြုံနေရတဲ့ ဒီဒုက္ခသည်တွေအတွက် နိုင်ငံတကာရဲ့ အကူအညီရရှိရေး အလားအလာက ဘယ်လိုအခြေအနေမှာ ရှိနေပါသလဲ။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်း မဆုမွန်က တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းချိန်ကစလို့ အခုနှစ် မေလ အစောပိုင်းအထိ ပြည်တွင်းနေရပ်စွန့်ခွာသူ ဦးရေဟာ ၉၃၆,၀၀၀ ကျော်အထိ ရှိထားတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ UNOCHA က ထုတ်ပြန် ထားပါတယ်။ သူတို့တွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ သွားရောက်ကူညီခွင့်ပေးဖို့ကလည်း အမြန်ဆုံးလိုအပ်နေတယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေကြား အပြန်အလှန်ပစ်ခတ်မှုတွေရှိနေလို့ နေအိမ်စွန့်ခွာ ဘေးလွတ်ရာထွက်ပြေးနေကြရတဲ့ ကယားပြည်နယ် (ကရင်နီ) က ဒေသခံအများစု စစ်ရှောင်တဲ့နေရာတွေမှာလည်း စားနပ်ရိက္ခာနဲ့ နေထိုင်ရေးအခက်အခဲတွေပါ ကြုံတွေ့နေရပါတယ်။ စစ်ဘေးဒုက္ခသည် ၁ သောင်းဝန်းကျင်အတွက် ဒေသခံတွေကသာ အဓိကကူညီပေးနေပြီး အချိန်ကာလကြာလာတာနဲ့အမျှ နိုင်ငံတကာရဲ့ ထောက်ပံ့မှုရနိင်ဖို့ကိုလည်း ကြိုးပမ်းနေတယ်လို့ ကူညီပေးနေသူတဦးက ပြောပါတယ်။
"(နိုင်ငံတကာအကူအညီရဖို့) အဲဒီဟာကို ကျနော်တို့ကြိုးစားနေတယ်။ ကြိုးစားနေတယ်ဆိုတာ ဥပမာပေါ့ - နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း သူတို့ရဲ့ Policy တွေရှိတယ်ပေါ့နော်။ Guideline တွေရှိတယ်။ အခု Local မှာ ကျနော်တို့ဖွဲ့ထားတဲ့ အဖွဲ့နဲ့ အဲဒီနိုင်ငံတကာက အကူအညီရယူနိုင်မယ့် အခွင့်အလမ်းက လောလောဆယ်ကတော့ မမြင်သေးဘူးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတကာအကူအညီတွေက သူတို့အကူအညီပေးတော့မယ် ဆိုရင်တောင်မှ သူတို့ရဲ့ Policy နဲ့ သူတို့ရဲ့ Guideline တွေနဲ့ညီမှ သူတို့ကကူညီထောက်ပံ့တာဆိုတော့။"
ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေ၊ ပင်းတယနဲ့ တောင်ကြီးမြို့နယ်တို့မှာ ယာယီခိုလှုံနေကြတဲ့ ကယားပြည်နယ်က နေရပ်စွန့်ခွာလာသူတွေကို ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP က စားနပ်ရိက္ခာ ဖြန့်ဖြူးပေးနေပြီး၊ ဒေသခံအရပ်ဘက် အဖွဲ့တွေနဲ့ ပူးပေါင်းဆောင် ရွက်နေတယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက ထုတ်ပြန်ထားပါတယ်။ WFP အနေနဲ့ မြန်မာနိုင်ငံတွင်းက အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အသုံးပြုဖို့အတွက် ဒိန်းမတ်နိုင်ငံက အမေရိကန်ဒေါ်လာ ၃.၈ သန်းကိုလည်း ကူညီထားပါတယ်။
စစ်ဘေးဒုက္ခသည် ၆,၀၀၀ ကျော်ရှိနေတဲ့ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာလည်း မိုးတွင်းကာလနီးလာလို့ လမ်းပန်းဆက်သွယ်ရေးအခက်တွေ့နေပြီး စားနပ်ရိက္ခာသယ်ယူဖို့ ခက်ခဲနေပါတယ်။
"မိုးတွင်းပိုင်းဆိုတော့ ကျနော်တို့မှာ ပထဝီအနေအထားအရ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတယ်။ မိုးရွာလာရင် လမ်းအရမ်းချော်တယ်၊ ရိက္ခာတွေပို့ဖို့ ခက်ခဲတဲ့အခါကျတော့ ဆန်၊ ဆီ စားနပ်ရိက္ခာပိုင်း အရမ်းခက်ခဲတာတွေတော့ရှိတယ်။ သွားလာဖို့ခက်ခဲတဲ့အတွက် တခြားအဖွဲ့အစည်းတွေကလည်း လာဖို့အခက်အခဲတွေ အများကြီးရှိတဲ့အတွက် ကျနော်တို့ အဲဒီစားနပ်ရိက္ခာပိုင်းကတော့ အရမ်းအခက်အခဲရှိတယ်။"
လတ်တလောမှာ စစ်ဘေးဒုက္ခသည်တွေအတွက် စစ်ရှောင်ကော်မတီကနေပဲ အလှူခံပြီး စားနပ်ရိက္ခာ ပြန်လည်ဖြန့်ဝေပေးနိုင်ဖို့ကို ကြိုးပမ်းနေရပြီး နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ လူသားချင်းစာနာမှု အထောက်အပံ့ရနိုင်ဖို့ကတော့ အလှမ်းဝေးနေတယ်လို့ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်း စစ်ဘေးရှောင်ကူညီ စောင့်ရှောက်ရေးကော်မတီရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
"အခုထိတော့ ကျနော်တို့ ဖရူဆိုအနောက်ဘက်ခြမ်းကို နိုင်ငံတကာအဖွဲ့အစည်းတွေဘက်က ကူညီထောက်ပံ့မှုတွေ ပေးမယ်ဆိုတာတော့ အခုထိမကြားမိသေးဘူး။ ဥပမာ - ကျနော်တို့ဆို အခုဆိုမိုးတွင်းပိုင်း စပြီပေါ့နော်။ ကျနော်တို့ကော်မတီကတော့ ခုနကပြောသလို တော်တော်ခက်ခဲလာတယ်။ တချို့ဆို စစ်ရှောင်နေရတာ တနှစ်လောက်ရှိပြီပေါ့နော်။ အလှူပြန်ခံဖို့ ကလည်း အရင်လိုတော့ မဟုတ်တော့ဘူးပေါ့နော်။ အခုက ဆန်ပဲရှိတယ်ဆိုရင်တောင်မှ ဆန်ကိုပဲ အနောက်ဘက်ခြမ်း တအုပ်စုလုံးဖြန့်ဖို့က လုံလောက်မှုမရှိတော့ဘူး။ ဒီတလတည်းကိုပဲ အဲလိုမျိုးအခြေအနေရှိတယ်။"
မြန်မာနိုင်ငံတွင်းက လူပေါင်း ၆ သန်း ၂ သိန်းကို လူသားချင်းစာနာမှု အကူအညီပေးနိုင်ဖို့ အခုနှစ်အတွက် အမေရိကန်ဒေါ်လာ ၈၂၆ သန်း လိုအပ်နေပြီး ဒီပမာဏက ပြီးခဲ့တဲ့ နှစ်ကထက် ၂ ဆပိုများတယ်လို့ UNOCHA က ပြောထားပါတယ်။ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP ကတော့ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကယားပြည်နယ်တို့မှာ လူသားချင်းစာနာမှု အကူအညီတွေ အရေးပေါ်လိုအပ်ချက်တွေကို ထိထိရောက်ရောက် ဖြည့်ဆည်းပေးနိုင်ဖို့အတွက် တောင်ကြီးမြို့မှာ ရုံးခန်းနဲ့ စားနပ်ရိက္ခာ သိုလှောင်ရုံတခုကို အခြေစိုက်ဖွင့်လှစ်ထားတယ်လို့ ပြောထားပါတယ်။ မြန်မာနိုင်ငံတွင်း ပဋိပက္ခတွေအတွက် လူသားချင်းစာနာမှုအကူအညီပေးရေးကိစ္စကို အာဆီယံအသင်းကြီးမှာ ဆွေးနွေးနေတာရှိပါတယ်။ ဒါပေမယ့် ဒီအကူအညီတွေပေမယ့် ပုံစံ၊ အကူအညီပေးရေးလုပ်ငန်းတွေ အကောင်အထည်ဖော်မယ့်ကိစ္စတွေနဲ့ပတ်သက်လို့ အာဆီယံအတွင်းမှာ သဘောမညီမျှမှုတွေရှိနေပါတယ်။ မြန်မာစစ်ကောင်စီကတော့ သူတို့သတ်မှတ်ထားတဲ့ မူဘောင်အတွင်းကနေ တရားဝင်ဆောင်ရွက်မယ်ဆိုရင် လက်ခံပူးပေါင်းသွားမယ်လို့ တုံ့ပြန်ထားတာရှိပါတယ်။
Your browser doesn’t support HTML5
===============
[[Unicode]]
===============