Christine Burgener ကို မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးသံ ခန့်အပ်

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးသံတမန် Christine Schraner Burgener ။ (ဓာတ်ပုံ- ICT Switzerland)

ကုလသမဂ္ဂအထွေထွေညီလာခံ ဆုံးဖြတ်ချက်အတိုင်း အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူးသံတမန်အဖြစ် ဆွစ်ဇာလန် ဝါရင့်သံတမန်တဦးကို ခန့်အပ်လိုက်ပါပြီ။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ သံတမန်အဖွဲ့ဟာလည်း မြန်မာနိုင်ငံကို ခရီးထွက်သွားကြ ပါပြီ။ ရခိုင်ပြည်နယ်က အခြေအနေကတော့ သိပ်ကိုစိုးရိမ်စရာကောင်းနေတုန်းပဲလို့ ကုလသမဂ္ဂ ပြောပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က မြန်မာနိုင်ငံဆိုင်ရာ သူ့ရဲ့ အထူးသံတမန်သစ်ကို ရွေးချယ် ခန့်ထားလိုက်ပြီဖြစ်တဲ့အကြောင်း ကြာသပတေးနေ့ကလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stephane Dujarric က ကြေညာသွားပါတယ်။

“ဆွစ်ဇာလန်သံအမတ်ကြီး မစ္စ Christine Schraner Burgener ကို မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ခန့်ထားလိုက်ပါပြီ။ မစ္စ Burgener ဟာ သံတမန်လုပ်ငန်းမှာ ၂၅ နှစ်ကျော် အတွေ့အကြုံရှိထားသူဖြစ်ပြီး ဆွစ်ဇာလန်နိုင်ငံခြားရေးဌာနမှာ အဆင့်မြင့် အစိုးရတာဝန်အမျိုးမျိုးကို ထမ်းဆောင်ခဲ့သူပါ။ လက်ရှိတာဝန်အတွက် ခန့်ထားခံရချိန်အထိ မစ္စ Burgener ဟာ ဂျာမနီနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံအမတ်ကြီးအဖြစ် ၂၀၁၅ ခုနှစ်ကတည်းက တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ ထိုင်းနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် ထမ်းဆောင်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်က ထိုင်းနိုင်ငံမှာ အကြမ်းဖက်အခြေအနေတွေ ဖြစ်တဲ့အချိန် နှစ်ဘက်ကြား စေ့စပ်ညှိနှိုင်းမှုတွေကို ဦးစီး လုပ်ဆောင်ပေးခဲ့ပါတယ်။”

အတွင်းရေးမှူးချုပ် Antonio Guterres အနေနဲ့ အထူးသံတမန်တဦး ခန့်ထားဖို့ကိစ္စကို ကုလသမဂ္ဂ အထွေထွေညီလာခံက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ ဆုံးဖြတ်ချက်ချထားတာပါ။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ်အဖြစ် အိန္ဒိယ ဝါရင့်သံတမန် Vijay Nambiar ၂၀၁၆ ခုနှစ် ဒီဇင်ဘာလမှာ ရာထူးသက်တမ်း ကုန်ဆုံး သွားပြီးတဲ့နောက် မြန်မာနိုင်ငံဆိုင်ရာ သီးခြား အထူးသံတမန် ဒါမှမဟုတ် အထူး အကြံပေးပုဂ္ဂိုလ်တဦးဦး မရှိခဲ့တာ နှစ်နှစ်နီးပါး ကြာပြီးတဲ့နောက်မှာမှ အခု မစ္စ Burgener ကို အထူးသံတမန်အဖြစ် ခန့်ထားလိုက်တာဖြစ်ပါတယ်။

ဒီအတောအတွင်းမှာပဲ ကုလသမဂ္ဂလုံခြုံရေးကောင်စီ သံတမန်အဖွဲ့ဟာ မြန်မာနိုင်ငံကို ဧပြီလ ၂၆ ရက်၊ ကြာသပတေးနေ့မှာ ထွက်ခွာသွားကြပါပြီ။ မေလ ၂ ရက်နေ့အထိ ကြာမယ့် ဒီခရီးစဉ်အတွင်း သံတမန်အဖွဲ့ဟာ မြန်မာနိုင်ငံပြီးရင် ဘင်္ဂလားဒေ့ရှ်နဲ့ အီရတ်နိုင်ငံတွေကိုလည်း သွားရောက်မှာဖြစ်ပါတယ်။

လုံခြုံရေးကောင်စီသံတမန်အဖွဲ့ လာရောက်ဖို့ ပန်ကြားတဲ့ကိစ္စကို အစောပိုင်းမှာ မြန်မာ အစိုးရက ငြင်းပယ်ထားခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့ ဧပြီလဆန်းမှာမှာ သဘောတူလိုက်တာ ပါ။ သံတမန်အဖွဲ့ရဲ့ မြန်မာနိုင်ငံခရီးစဉ် အသေးစိတ်ကိုတော့ အတိအကျ မသိရသေး ပါဘူး။

လုံခြုံရေးကောင်စီသံတမန်အဖွဲ့ မြန်မာနိုင်ငံခရီးစဉ် ထွက်ခွာသွားပြီဖြစ်တဲ့အကြောင်း ပြောခွင့်ရ Dujarric က သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားတဲ့တချိန်ထဲမှာပဲ ရခိုင်ပြည်နယ်က အခြေအနေနဲ့ပတ်သက်လို့လည်း ထည့်သွင်းပြောဆိုသွားပါတယ်။

“ရခိုင်ပြည်နယ်က အခြေအနေဟာ အလွန်အမင်းကို စိုးရိမ်ဖွယ်ရာရှိနေဆဲပါ။ ရခိုင်ပြည်နယ်မြောက်ပိုင်းကနေ ထွက်သွားသူတွေ ရှိနေတုန်းပဲဆိုတဲ့ သတင်းတွေ ဆက်ရနေသလို မွတ်ဆလင်အဝန်းအဝိုင်းကို ခြိမ်းခြောက် အကျပ်ကိုင်တာတွေ ရှိနေတုန်းပဲဆိုတဲ့ သတင်းတချို့လည်း ထွက်ထားပါတယ်။ မီးလောင်ပျက်စီးထားတဲ့ ကျေးရွာတွေကို ဘူဒိုဇာတွေနဲ့ မြေလှန်ရှင်းပစ်တာတဲ့ အထောက်အထားတွေ ရှိနေဆဲဖြစ်ပြီး ရခိုင်ပြည်အလယ်ပိုင်းမှာ ပြီးခဲ့တဲ့ခြောက်နှစ်အတွင်း စခန်းတွေထဲမှာ နေနေရသူတွေ အပါအဝင် ရိုဟင်ဂျာတွေကို သွားလာခွင့် ကန့်သတ်ထားတာလည်း ရှိနေတုန်းပါပဲ။”

ရခိုင်ပြည်နယ်မှာ နေထိုင်နေဆဲ ရိုဟင်ဂျာလူဦးရေ ၅၀၀,၀၀၀ ပတ်ဝန်းကျင်ရှိပြီး ခွဲခြားဆက်ဆံခံရတာ၊ ဘေးဖယ်ခံထားရတာ၊ လွတ်လပ်စွာသွားလာခွင့်ကို ဆိုးရွားစွာ ကန့်သတ်ခံရတာ၊ ကျန်းမာရေး၊ ပညာရေးနဲ့ အသက်မွေးဝမ်းကျောင်း အခွင့်အလန်းတွေ ကို ဆိုးရွားစွာ ကန့်သတ်ခံရတာတွေ ဆက်ရှိနေဆဲပဲလို့လည်း ပြောခွင့်ရ Dujarric ကပြောသွားပါတယ်။

ဒါကြောင့်လည်း ဘင်္ဂလားဒေ့ရှ်မှာရောက်နေတဲ့ ဒုက္ခသည်တွေအနေနဲ့ ဘေးရန်ကင်းစွာ၊ ကိုယ့်သဘောနဲ့ကိုယ် အခိုင်အမာ နေရပ် ပြန်တာမျိုးဖြစ်ဖို့ မျှော်လင့်ချက်မထားနိုင်သေး ဘူးလို့ လူသားစာနာမှု အကူအညီပေးနေသူတွေက ပြောတဲ့အကြောင်းလည်း ပြောခွင့်ရ Dujarric ကပြောပါတယ်။

ကုလအတွင်းရေးမှူးချုပ်ဟောင် ကိုဖီ အာနန် ဦးဆောင်ခဲ့တဲ့ ရခိုင်အရေး အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖော်တာမှာ မြန်မာအစိုးရနဲ့ လက်တွဲလုပ်ဆောင်ဖို့ ကုလသမဂ္ဂအနေနဲ့ အဆင်သင့်ရှိနေပါတယ်လို့လည်း Dujarric က ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်ခဲ့တာတွေကို လူမျိုးစုအလိုက်ရှင်းလင်းဖယ်ရှားမှုအဖြစ် ကုလသမဂ္ဂက သတ်မှတ်ခေါ်ဆိုပြီး မြန်မာ တာဝန်ရှိသူတွေကတော့ ဒါကို အစဉ်တစိုက် ငြင်းဆိုထားပါတယ်။

Your browser doesn’t support HTML5

Christine Burgener ကို မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးသံ ခန့်အပ်