အမေရိကန်နိုင်ငံ ပြည်ထောင်စုအနေနဲ့ ၂၀၁၃ ကုလသမဂ္ဂ လက်နက်ကုန်သွယ်ရေး သဘောတူညီချက်ကနေ နုတ်ထွက်တယ်လို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က သောကြာနေ့ကကျင်းပတဲ့ အမေရိကန် အမျိုးသားရိုင်ဖယ်အသင်းရဲ့ နှစ်ပတ်လည် အစည်းအဝေးမှာ ကြေငြာလိုက်ပါတယ်။
သူ့ရဲ့ အစိုးရအနေနဲ့ ကုလသမဂ္ဂ လက်နက်ကုန်သွယ်ရေး သဘောတူညီချက်ကို ဘယ်တော့မှ အတည်ပြုသွားမှာ မဟုတ်ကြောင်း အဲဒီအတွက် ခင်ဗျားတို့ ဝမ်းမြောက်ကြမယ်လို့ မျှော်လင့်ကြောင်း သမ္မတထရမ့်က ဒီနှစ်ပတ်လည် အစည်းအဝေးအတွင်း ပြောပါတယ်။
ကုလသမဂ္ဂရဲ့ ဒီသဘောတူစာချုပ်ကိုတော့ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် အမေရိကန် သမ္မတအိုဘားမား အစိုးရလက်ထက်မှာ လက်မှတ်ရေးထိုးခဲ့တာပါ။ ဒါပေမဲ့ အထက်လွှတ်တော်ကတော့ ဒါကို ဘယ်တုန်းကမှ အတည်မပြုခဲ့ပါဘူး။
ပဋိပက္ခတွေဖြစ်နေတဲ့ ပြည်ပနိုင်ငံတွေကို တရားမဝင် လက်နက်တင်ပို့တာတွေ မလုပ်နိုင်အောင် တားဆီးတဲ့အနေနဲ့ ဒီသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားကြတာ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံမှာ သေနတ်ပေါင်း သန်း ၃၉၀ ကျော်ရှိပြီး ဒါဟာ ကမ္ဘာတဝှမ်း သေနတ်ကိုင်ဆောင်တဲ့ အရပ်သားတွေ ပိုင်ဆိုင်တဲ့ အရေအတွက်ရဲ့ ထက်ဝက်ကျော်ဖြစ်ပါတယ်။
အဲဒီသေနတ်ပိုင်ရှင်တွေ အများစုဟာလည်း အမေရိကန်အမျိုးသားရိုင်ဖယ်အသင်း NRA အဖွဲ့ဝင်တွေဖြစ်ကြပါတယ်။ NRA အဖွဲ့ဟာ အမေရိကန်နိုင်ငံမှာ သေနတ်ကိုင်ဆောင်ခွင့်ရှိဖို့ စည်းရုံးနေတဲ့ သြဇာအကြီးမားဆုံး အဖွဲ့အစည်းဖြစ်ပါတယ်။
Your browser doesn’t support HTML5
ကုလလက်နက်ကုန်သွယ်ရေး သဘောတူညီချက်ကနေ ကန်နုတ်ထွက်မယ်လို့ သမ္မတထရမ့်ကြေညာ