အမေရိကန်ပြည်ထောင်စုမှာ ဆယ်နှစ်တကြိမ် ကောက်ယူတဲ့ သန်းခေါင်စာရင်းကို နောက်နှစ်ထဲ ကောက်ယူတဲ့အခါမှာ အငြင်းပွားဖွယ် နိုင်ငံသား ဖြစ်မှုဆိုင်ရာ မေးခွန်းကို ထည့်သွင်းဖို့ သမ္မတ Donald Trump က အုပ်ချုပ်ရေးအမိန့်ကို သုံးတော့မှာ မဟုတ်ပါဘူး။
ဒီလိုမေးခွန်းထည့်သွင်းမယ့်အစား နိုင်ငံတွင်းက နိုင်ငံသားဖြစ်သူနဲ့ နိုင်ငံသားမဟုတ်သူ အရေအတွက်ကို သိနိုင်အောင် လိုအပ်တဲ့ မှတ်တမ်းမှတ်ရာ အားလုံး ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကို ပေးအပ်ဖို့ အုပ်ချုပ်ရေးအမိန့်ကို လက်မှတ်ရေးထိုး ထုတ်ပြန်မှာ ဖြစ်ကြောင်း သမ္မတ Trump က ပြောပါတယ်။
သန်းကောင်စာရင်းကောက်ယူရာမှာ သမ္မတ Trump ထပ်မံ ထည့်သွင်းလိုတဲ့ မေးခွန်းကို နိုင်ငံတော် တရားရုံးက လွန်ခဲ့တဲ့ သီတင်း ၂ ပတ် တုန်းက ပယ်ချခဲ့တာပါ။ ဒါဟာ မဲဆန္ဒရှင်တွေရဲ့ ရပိုင်ခွင့်ကို ကာကွယ်ဖို့လို့ ပြောပြီး ၅ မဲ ၄ မဲ နဲ့ ပယ်ချခဲ့တာ ဖြစ်ပြီး နှစ်ပေါင်း ၇၀ အတွင်း ပထမဆုံး အကြိမ်လည်းဖြစ်ပါတယ်။
ဒါပေမယ့် သမ္မတက ဒီမေးခွန်းကို ထည့်သွင်းဖို့ အကြောင်းပြချက် ပေးနိုင်တယ်လို့လည်း နိုင်ငံတော် တရားရုံးက ကမ်းလှမ်းခဲ့တာပါ။ သမ္မတကလည်း နိုင်ငံတော် တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ပယ်ချဖို့ နည်းလမ်းတွေ စဉ်းစားနေကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကပဲ ပြောခဲ့သလို အဲဒီထဲမှာ အုပ်ချုပ်ရေးအမိန့်သုံး မယ့် နည်းလမ်းလည်း ပါဝင်နေတာပါ။
ဒီလို အုပ်ချုပ်ရေးအမိန့်သုံး မယ်ဆိုရင် နောက်ထပ် တရားရေးဆိုင်ရာ စိန်ခေါ်မှု အသစ်တွေနဲ့ ရင်ဆိုင်ရဖို့ ဖြစ်လာနိုင်ပါတယ်။
Your browser doesn’t support HTML5