ဗဟိုအစိုးရ အသုံးစားရိတ် ဖြတ်တောက်မဲ့ အလားအလာနဲ့ အမေရိကန် အခွန်ငွေ ဆောင်မှု အနာဂတ်အရေးအပြင် အမေရိကန် နိုင်ငံကို ကလေးဘ၀ ကတည်းက ရောက်ရှိလာတဲ့ တရားမဝင် အခြေချသူတွေ သိန်းပေါင်းများစွာတို့ရဲ့ကံကြမ္မာနှင့် ပတ်သက်လို့ အမေရိကန် လွှတ်တော်အမတ်တွေက အခြေတင်ဖြစ်နေကြတဲ့ အတွက်ကြောင့် လွှတ်တော်မှာ အင်္ဂါနေ့က တင်းမာမှုတွေနဲ့ စိုးရိမ်မှုတွေ လွှမ်းမိုး နေပါတယ်။
သမ္မတ ဒေါ်နယ်ထရမ့်က ဒီမိုကရက် ထိပ်တန်းလွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံဖို့ စီစဉ်ထားတာကို ကြိုတင်ပြီး ပျက်ရယ်ပြုခဲ့တဲ့ အတွက် အောက်လွှတ်တော် အမတ် အနည်းစုခေါင်းဆောင် Nancy Pelosi နဲ့ အထက်လွှတ်တော် အမတ် အနည်းစုခေါင်းဆောင် Chuck Schumer တို့က သမ္မတနဲ့ မတွေ့ဆုံဖို့ ဆုံးဖြတ်ခဲ့ပြီးတဲ့နောက် အစိုးရ ယာယီပိတ်ရမဲ့ အခြေအနေ ရှောင်ရှားနိုင်ဖို့ အတွက် ဒီမိုကရက်နဲ့ ရီပတ်ဘလစ်ကင် ၂ ပါတီစလုံးတို့က သဘောတူညီမှုရဖို့ ကြိုးပမ်းခဲ့ကြပါတယ်။
ဒီမိုကရက်နဲ့ အိမ်ဖြူတော်ကြား သဘောတူညီမှုရဖို့ သမ္မတက မမြင်တဲ့အတွက် လွှတ်တော်ရှိ ရီပတ်ဘလစ်ကင် အမတ်တွေနဲ့ ဆက်လက် ဆွေးနွေးခြင်းဟာ အကောင်းဆုံး နည်းလမ်းဖြစ်တယ်လို့ သူတို့ ယုံကြည်တဲ့အကြောင်း Pelosi နဲ့ Schumer တို့ရဲ့ ပူးတွဲကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
အမေရိကန် အစိုးရရဲ့ အသုံးစားရိတ် အသုံးပြုခွင့်အာဏာဟာ ဒီဇင်ဘာလ ၈ ရက်နေ့မှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။ ဒီအသုံးပြုခွင့်အာဏာကို လွှတ်တော် ၂ ရပ်စလုံးက အချိန်တိုးပေးဖို့ သဘောတူညီမှု မရှိဘူးဆိုရင် အမေရိကန် အစိုးရကို တစိတ်တပိုင်း ပိတ်ပစ်ရမဲ့ အခြေနေရှိပါတယ်။
ရီပတ်ဘလစ်ကင် လွှတ်တော် သဘာပတိ Paul Ryan နဲ့ အထက်လွှတ်တော် အမတ်အများစု ခေါင်းဆောင် Mitch McConnell တို့ကလည်း အထက်ပါကိစ္စနဲ့ ပတ်သက်ပြီး ကြေညာချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။
Your browser doesn’t support HTML5
ကန်အစိုးရ တစိတ်တပိုင်းပိတ်ရမယ့် အခြေမဆိုက်စေဖို့ လွှတ်တော်ကြိုးပမ်း