အာဏာသိမ်းမှု ဆန့်ကျင်လှုပ်ရှားသူတွေ ကွပ်မျက်ခံရမှု အောက်မေ့ဖွယ် အမေရိကန်သံရုံးဖော်ပြ 

ကျဆုံးသူများအမှတ်တရ ရန်ကုန်အမေရိကန်သံရုံးဝန်းအတွင်းရှိ အထိမ်းအမှတ်နေရာရှေ့တွင်တွေ့ရတဲ့ သံရုံးတာဝန်ခံ Susan Stevenson (ဇူလိုင် ၂၃၊ ၂၀၂၄)

မြန်မာနိုင်ငံ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုအတွင်း ထင်ရှားတဲ့ တက်ကြွလှုပ်ရှားသူတွေ ဖြစ်ကြတဲ့ ကိုဂျင်မီ၊ ဖြိုးဇေယျာသော်၊ လှမျိုးအောင်နှင့် အောင်သူရဇော်တို့ကို စစ်ကောင်စီက ကွပ်မျက်ခဲ့တဲ့ ၂ နှစ်ပြည့် အောက်မေ့ဖွယ်အဖြစ် ရန်ကုန် အမေရိကန်သံရုံးက လူမှုကွန်ယက်မှာ ဖေါ်ပြပါတယ်။

ရန်ကုန် အမေရိကန်သံရုံးဝင်းအတွင်းမှာ ထားရှိတဲ့ မြန်မာစစ်ကောင်စီလက်ချက်ကြောင့် သေဆုံးသွားသူတွေအတွက် အောက်မေ့ဖွယ်နေရာမှာ သံရုံးတာဝန်ခံ Susan Stevenson နှင်းဆီပန်းအနီရောင် သွားချနေတဲ့ ပုံကိုလည်း ဖော်ပြခဲ့တာပါ။

အာဏာရှင် အဖွဲ့အစည်းကြောင့် အသက်သေဆုံးခဲ့သူတွေကို ဂုဏ်ပြုပြီး အမေရိကန်သံရုံးမှာရှိတဲ့ ကျဆုံးသူတွေအတွက် အမှတ်တရ အထိမ်းအမှတ်နေရာမှာ ကျောက်တုံးပေါင်း ၅,၄၀၀ နီးပါး ထားရှိပြီး ဖြစ်တာကိုလည်း ဖေါ်ပြပါတယ်။ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအတွင်း ပဋိပက္ခတွေကြားမှာ အသက်ဆုံးရှုံးခဲ့သူတွေအတွက် စိတ်မကောင်း သောကဖြစ်ရတဲ့အကြောင်း သံရုံးရဲ့ ကြေညာချက်မှာ ဖေါ်ပြပါတယ်။

၈၈ မျိုးဆက် ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဂျင်မီ ခေါ် ကိုကျော်မင်းယု၊ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်နဲ့အတူ လေးယောက်ကို ဖမ်းဆီးအကျဉ်းချထားချိန်မှာ ကွပ်မျက်လိုက်တဲ့အကြောင်း စစ်ကောင်စီက ၂၀၂၁ ခုနှစ် ဇူလိုင်လမှာ ကြေညာခဲ့တာပါ။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းတွေအရ စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်တပ်ရဲ့ လက်ချက်နဲ့ သေဆုံးခဲ့သူ ၅၄၁၄ ယောက်ရှိတဲ့အကြောင်း ဖေါ်ပြပါတယ်။ ဖမ်းဆီးခံရသူ ၂၇၀၈၉ ယောက်ရှိပြီး အကျဉ်းထောင်တွင်း မတရား ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခံရသူတွေ၊ အကျဉ်းထောင်တွင်းက ခေါ်ထုတ်ခံရပြီး သေဆုံး ပျောက်ဆုံးသူတွေ သိသိသာသာ ပိုများလာနေတဲ့အကြောင်း ပြောဆိုထားပါတယ်။

Your browser doesn’t support HTML5

အာဏာသိမ်းမှု ဆန့်ကျင်လှုပ်ရှားသူတွေ ကွပ်မျက်ခံရမှု အောက်မေ့ဖွယ် အမေရိကန်သံရုံးဖော်ပြ