သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 သေဒဏ်စီရင်မှု ပြည်ပရောက် မြန်မာတချို့ကန့်ကွက်ဆန္ဒပြ


ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ ၄ ဦးကို အင်းစိန်ထောင်တွင်း အဆုံးစီရင်ခဲ့မှုအတွက် ဝါရှင်တန်ဒီစီတွင် ဆန္ဒပြနေသူများ (၂၆ ဇူလိုင် ၂၀၂၂)
ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ ၄ ဦးကို အင်းစိန်ထောင်တွင်း အဆုံးစီရင်ခဲ့မှုအတွက် ဝါရှင်တန်ဒီစီတွင် ဆန္ဒပြနေသူများ (၂၆ ဇူလိုင် ၂၀၂၂)

မြန်မာ့ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ ၄ ဦးကို အင်းစိန်ထောင်တွင်း ကွက်မျက် အဆုံးစီရင်လိုက်တဲ့ လုပ်ရပ်ဟာ မတရားတဲ့ လုပ်ရပ်အဖြစ် အမေရိကန် ၊ ကနေဒါနဲ့ နယ်သာလန်နိုင်ငံရောက် မြန်မာတွေက အင်္ဂါနေ့မှာ ဆန့်ကျင်ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။ ပြစ်ဒဏ်စီရင်ပြီးကြောင်း အာဏာပိုင်တွေ အတည်ပြု လိုက်ပြီးနောက် ခုလိုဆန္ဒပြကြတာပါ။

သေဒဏ်စီရင်မှု ပြည်ပရောက် မြန်မာတချို့ကန့်ကွက်ဆန္ဒပြ

{{Zawgyi/Unicode}}
မြန်မာ့ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ ၄ ဦးကို အင်းစိန်ထောင်တွင်း ကွက်မျက် အဆုံးစီရင်လိုက်တဲ့ လုပ်ရပ်ဟာ မတရားတဲ့ လုပ်ရပ်အဖြစ် အမေရိကန် ၊ ကနေဒါနဲ့ နယ်သာလန်နိုင်ငံရောက် မြန်မာတွေက အင်္ဂါနေ့မှာ ဆန့်ကျင်ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။ သေဒဏ်ပြစ်ဒဏ် စီရင်ပြီးကြောင်း အာဏာပိုင်တွေ အတည်ပြု သတင်းထုတ်ပြန်လိုက်ပြီးနောက် ခုလိုဆန္ဒပြကြတာပါ။ ကိုဉာဏ်ဝင်းအောင်က စုစည်း တင်ပြထားပါတယ်။

သေဒဏ်အမိန့် ချမှတ်ခံထားရတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ ၊ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်တို့နဲ့အတူ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေဖြစ်တဲ့ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ (၄)ဦးစလုံးကို ပြစ်ဒဏ်စီရင်ပြီးဖြစ်ကြောင်း စစ်ကောင်စီထိန်းချုပ်ထားတဲ့ သတင်းစာက တနင်္လာနေ့မနက်မှာ ဖေါ်ပြခဲ့တာပါ။

အခုလို အဆုံးစီရင်တဲ့လုပ်ရပ်ကို လက်မခံနိုင်တဲ့အတွက် အမေရိကန်အရှေ့ခြမ်း မေရီလန်း၊ ဗာဂျီးနီးယား ဝါရှင်တန်ဒီစီတဝိုက်က မြန်မာတွေစုရုံးပြီး ဇူလိုင်(၂၆)မွန်းလွဲပိုင်း ၊ ဒီစီ မြန်မာသံရုံးရှေ့ လာရောက်ဆန္ဒပြရတာ ဖြစ်တယ်လို့ ဆန္ဒပြပွဲဦးဆောင်သူ ဦးရင်အေးက VOA ကို ပြောပါတယ်။

" ကျနော်တို့ရဲ့မျိုးဆက် ခေါင်းဆောင်တွေကို စစ်ကောင်စီက လူမဆန်စွာ လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ အတွက်ကြောင့် အဲဒီလုပ်ရပ်အတွက် ပြတ်ပြတ်သားသား ဆန့်ကျင်တယ်။ ဒီလို လုပ်ရပ်တွေဟာ ကျနော်တို့ကို ကြောက်ရွံ့စရာ မဖြစ်စေပဲနဲ့ ဒီလုပ်ရပ်ကြောင့် မို့လို့ ကျနော်တို့ဟာ မပြီးဆုံးသေးတဲ့ နွေဦးတော်လှန်ရေးကြီးမှာ စစ်အာဏာရှင်စနစ်ဆိုးကြီးကို မြန်မာပြည်ကနေ အမြစ်ပြတ်သည်အထိ ၊ အဆုံးထိ တိုက်ကြရမယ်ဆိုတဲ့ သန္နိဌာန်ကို ကျနော်တို့ ခိုင်ခိုင်မာမာ ချတဲ့အနေနဲ့ ဒီနေ့ ဒီနေရာမှာ လာပြီး ဆန္ဒပြကြတာဖြစ်တယ်။ စစ်အာဏာရူးတွေ ကျနော်တို့ တိုင်းပြည်မှာ ရှိနေသမျှ ကာလပတ်လုံး ဒီလိုမျိုး လူမဆန်တဲ့လုပ်ရပ်တွေဆိုတာ အမြဲ ဆက်တိုက် ဖြစ်နေဦးမှာပဲဖြစ်တယ်။ ဒါကြောင့်မို့လို့ တတိုင်းပြည်လုံးမှာရှိတဲ့ ကျနော်တို့ပြည်သူ အားလုံးက စစ်ကောင်စီ စစ်အုပ်စုနဲ့ပတ်သက်တဲ့ စီးပွားရေးမှန်သမျှ သူတို့လုပ်ငန်းတွေ အားလုံးကို ပြတ်ပြတ်သားသားဆန့်ကျင် သပိတ်မှောက် စည်းခြားရတော့မယ့် အချိန်ပဲဖြစ်ပါတယ်။ "

နယူးယောက်မြို့ Queens မြို့နယ်တွင်း Broadway လမ်းမပေါ်မှာလည်း NYCBC မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့က ဦးဆောင်ပြီး လူရာချီ အင်္ဂါနေ့နေ့လည်ပိုင်းမှာ ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြရတဲ့ အကြောင်းနဲ့ ပတ်သက်လို့ ဦးဆောင်ပါဝင်သူ ဦးနေတင်မြင့် ပြောတာက -

" ဒီ စစ်မိစ္ဆာ စစ်ဘီလူးတွေရဲ့ ဥပဒေမဲ့လုပ်ရပ်ကို ကျနော်တို့က ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချတယ်။ နိုင်ငံတကာ သိအောင် ဆန္ဒပြ ဖေါ်ထုတ်ခြင်းလည်းဖြစ်တယ်။ ဒီလို ဆန္ဒပြရုံတင်မကဘူး နယူးယောက်မှာရှိတဲ့ ကျနော်တို့ ညီအစ်ကိုမောင်နှမ တွေရဲ့ သန္နိဌာန်ကတော့ အမိမြန်မာပြည်မှာ စစ်အာဏာရှင်စနစ်ကို မြေမြှုပ်သင်္ဂြိုလ်တဲ့အထိ တတ်စွမ်းသမျှ ဆက်လက်ပြီးတော့ တိုက်ပွဲဝင်သွားမယ်ဆိုတဲ့ သန္နိဌာန်နဲ့ ကျနော်တို့ လုပ်ဆောင်နေခြင်းဖြစ်ပါတယ်။ "

နယူးယောက်မြို့က ဆန္ဒပြနေသူများ (ဓါတ်ပုံ - NYCBC )
နယူးယောက်မြို့က ဆန္ဒပြနေသူများ (ဓါတ်ပုံ - NYCBC )

မြန်မာ့ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ ၄ ဦးကို ကွက်မျက်လိုက်ရုံနဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုတွေ ရပ်တန့်သွားမှာ မဟုတ်ပဲ သူတို့ရဲ့ကိုယ်ပွားတွေ ဆက်လက် ပေါ်ပေါက်နေမှာ ဖြစ်တယ်လို့ ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့က ကျောင်းသူတဦးဖြစ်တဲ့ မဟန်နာက ပြောပါတယ်။

" အခု ဒီအမှုဟာ ဘယ်နိုင်ငံ ဘယ်ဥပဒေနဲ့မှ ကိုက်ညီတာ မဟုတ်တဲ့အတွက် နိုင်ငံတကာအဖွဲ့အစည်းများ ၊ နိုင်ငံ့ခေါင်းဆောင်များကိုလည်း ဒီကိစ္စ အပြင်းအထန် ရှုတ်ချပေးဖို့ တောင်းဆိုပါတယ်။ ဒါ့အပြင် မြန်မာပြည်သူပြည်သားတွေရဲ့ ဒီမိုကရေစီအရေးအတွက်လည်း ဆက်လက်ကူညီပေးဖို့ တောင်းဆိုချင်ပါတယ်။ ဒီကိစ္စက မြန်မာပြည်သူပြည်သားတွေအတွက်တော့ ဒီမိုကရေစီရေးမှာ ဆက်လက် ရုန်းကန်ဖို့အတွက် လောင်စာသဘောမျိုး ဖြစ်သွားပါတယ်။ ပြီးတော့ ကျမတို့အထဲမှာ ကိုဂျင်မီတွေ ထပ်ပေါ်လာမှာပါ၊ ကိုဖြိုးဇေယျာသော်တွေ ထပ်ပေါ်လာဦးမှာပါ။ ကျမတို့အားလုံးဟာ ကိုဂျင်မီ ၊ ကျမတို့ အားလုံးဟာ ကိုဖြိုးဇေယျာသော်တွေ ဖြစ်ပါတယ်။ "

အလားတူ နယ်သာလန်နိုင်ငံရောက် မြန်မာအရေး လှုပ်ရှားသူတွေကလည်း ဒီလို ကွက်မျက် အဆုံးစီရင်မှုအပေါ် ရှုတ်ချကြောင်း နွေဦးတော်လှန်ရေးသံဃာ့ကွန်ယက်က ဆရာတော်တပါးဖြစ်တဲ့ အရှင် ဒေါက်တာ စန္ဒာဝရက ခုလို မိန့်ပါတယ်။

" ကိုဂျင်မီတို့ ကိုဖြိုးဇေယျာသော်တို့ သူတို့အပါအဝင် ၄ ယောက်ကို မတရားဖမ်းဆီးပြီး သေဒဏ်ချလိုက်တယ်။ သူတို့မိသားစုဝင်တွေကို ဘာမှ အကြောင်းမကြားပဲနဲ့ ထင်ရာစိုင်း လုပ်လိုက်တာကတော့ လွန်လွန်းသွားပြီလို့ ဦးဇင်းတို့က သတ်မှတ်တယ်။ ဒါက လူစိတ် မရှိတော့ဘူး။ သူတို့တွေ ကြိုးမိန့်ပေးပြီးလို့ နောက်ဆုံး အလောင်းပြန်ရချင်တယ်လို့ ပြောတာတောင်မှ အလောင်းတောင် ပြန်မပေးနိုင်တော့ဘူးဆိုတော့ ဒါ လုံးဝကို ကမ်းကုန်သွားပြီ။ ဦးဇင်းတို့ တတိုင်းပြည်လုံးက လှဲနေလှေအောင်းမြင်းစောင်းမကျန် ရရာလက်နက် ဆွဲကိုင်ပြီးတော့မှ သူတို့ကို ဖယ်ထုတ်ကြပါ ၊ ဖယ်ရှင်းကြပါလို့ပဲ ဦးဇင်းတို့ မှတ်ချက်ပေးချင်ပါတယ်။"

ဦးဂျင်မီတို့ (၄)ဦးကို ကွက်မျက်ခဲ့တာနဲ့ ပတ်သက်ပြီး ထိုင်းနဲ့ အခြား အာရှနိုင်ငံတွေမှာလည်း ဆန့်ကျင်ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

........................


{{Zawgyi/Unicode}}











XS
SM
MD
LG