မြန်မာနိုင်ငံက တိုင်းရင်းသားကလေးငယ်တွေကို အခမဲ့ပညာသင်ကြားပေးခဲ့တဲ့ တရုတ်နိုင်ငံသား ခရစ်ယာန်သင်းအုပ် ဆရာ John Sanqiang Caoကို တရုတ်အစိုးရက ဖမ်းဆီးထားပြီး ထောင်ဒဏ်၇နှစ်ချမှတ်ထားပါတယ်။ လူတွေစုဆောင်း ပြီး နယ်စပ်ကို တရားမဝင်ဖြတ်ကျော်မှုနဲ့ သူ့ကိုဖမ်းဆီးခဲ့တာပါ။ ဆရာ ဂျွန်နဲ့ သူ့ရဲ့မိသားစုလည်း အဖမ်းခံရပြီးကတည်း က အဆက်အသွယ်မရပဲဖြစ်နေပြီး သူ့အပေါ်ပြစ်ဒဏ်လျှော့ပေါ့ပေးစေချင်နေပါတယ်။ ဒီအကြောင်းကိုကျော်အောင်လွင်က ဆက်ပြီး ပြောပြပါလိမ့်မယ်။
တရုတ်လူမျိုးခရစ်ယာန်သင်းအုပ်ဆရာ John Sanqiang Caoဟာ မြန်မာနိုင်ငံက တိုင်းရင်းသားကလေးငယ်တွေ အတွက် အခမဲ့ပညာရေးသင်ကြားပို့ချနေသူတဦးပါ။ ပြီးခဲ့တဲ့နှစ် ၂၀၁၇ မတ်လ ၅ရက်နေ့တုန်းကတော့ မြန်မာပြည်ကနေပြန်လာတဲ့ ဆရာဂျွန်နဲ့တခြားဆရာ တဦးကို တရုတ်လုံခြုံရေးတပ်ဖွဲ့တွေက ယူနန်ပြည်နယ်မှာ ဖမ်းဆီးခဲ့ပါတယ်။ မြစ်ကိုဖြတ်ကူးပြီး ပြန်လာတဲ့အချိန်မှာ သူတို့ကိုစောင့်ဖမ်းခဲ့တာပါ။ အဲဒီအချိန်မှာပဲ ဆရာဂျွန်က သူ့ရဲ့တယ်လီဖုန်းကို ရေထဲပစ်ချခဲ့ပါတယ်။
အကြောင်းကတော့ အဲဒီဖုန်းထဲမှာ မြန်မာပြည်က တိုင်းရင်းသား ကလေးငယ်တွေကို ပညာသင်ပေးဖို့ သူစည်းရုံးစုဆောင်း ထားတဲ့ တရုတ်ဆရာငါးဆယ်ကျော်ရဲ့ ကိုယ်ရေးအချက်အလက်တွေပါဝင်လို့ပါပဲ။ ပြီးခဲ့တဲ့လကတော့ လူတွေစုဆောင်းပြီး တရားမဝင်နယ်စပ်ဖြတ်ကျော်မှုနဲ့ တရုတ်အစိုးရက ဆရာဂျွန်ကို ထောင်ဒဏ်၇နှစ် ချမှတ်လိုက်ပါတယ်။ ဒီပြစ်မှုက များသော အားဖြင့် လူကုန်ကူးမှုနဲ့ဖမ်းဆီးတတ်တဲ့အမှုပါ။
အသက်၅၈နှစ်ရှိပြီဖြစ်တဲ့ ဆရာဂျွန်ဟာ အမေရိကန်အမျိုးသမီးနဲ့လက်ထပ် ထားသူဖြစ်ပေမဲ့ အမေရိကန်နိုင်ငံသားမခံယူပဲ တရုတ်နိုင်ငံသားအဖြစ်နဲ့ အမေရိကန်မှာ အမြဲတန်းနေထိုင်ခွင့်Green Cardကို ကိုင်ဆောင်ထားသူဖြစ်ပါတယ်။ သူ့မှာ သား၂ဦးရှိပြီး အသက်၂၆နှစ်အရွယ် Amos Caoကတော့ အမေရိကန် ပြည်ထောင်စု မီချီဂန် တက္ကသိုလ်မှာ ပညာသင်ကြားနေပါတယ်။ သူက သူ့ရဲ့ဖခင်ဟာ လူသားချင်း စာနာမှုဆိုင်ရာ စေတနာဝန် ထမ်းဆောင်ပေးသူတဦးလည်းဖြစ်ပြီး အဖမ်းခံရပြီး ကတည်းက သူတို့မိသား စုနဲ့လုံးဝအဆက်အသွယ်မရခဲ့ဘူးလို့ဆို ပါတယ်။
"ကျနော့အဖေက တရုတ်နိုင်ငံတောင်ပိုင်းဟူနန်နယ်သားတဦးဖြစ်ပြီး တောင်ပိုင်းမှာ တင်မက မြန်မာပြည်နဲ့ကပ်နေတဲ့ ယူနန်ပြည်နယ်ထဲမှာပါ ဆယ်စုနှစ်တွေနဲ့ချီပြီး သူ့ရဲ့အပေါင်းအပါတွေနဲ့ သမ္မာကျမ်းစာသင်ကြား ပို့ချမှုတွေတင်မကပဲ လူသားချင်းစာနာမှုဆိုင်ရာ စေတနာ့ ဝန်ထမ်းလုပ်ငန်းတွေပါလုပ်ဆောင်နေတဲ့သူပါ။ ဒီလုပ်ငန်းတွေကို တရုတ်နိုင်ငံထဲမှာသာမက မြန်မာ၊ လာအိုနဲ့ ငလျှင်လှုပ် ပြီးနောက်ပိုင်းမှာ နီပေါလ်နိုင်ငံတွေကိုပါ သွားရောက်လုပ်ဆောင်နေခဲ့တာပါ။"
မြန်မာပြည်ထဲမှာ ဆရာဂျွန်လုပ်ဆောင်တဲ့လုပ်ငန်းတွေအကြောင်းလည်း Amos Caoကရှင်းပြပါတယ်။
" မြန်မာပြည်ထဲမှာကျနော့်အဖေလုပ်တာတွေကတော့ စာသင်ကျောင်းတွေဆောက်တဲ့ လုပ်ငန်းပါ။ ကျောင်းတွေဆောက်ပြီး လို့ လုပ်ငန်းလည်ပတ်လို့ရပြီဆိုရင် မြန်မာအစိုးရဆီကို အပ်ပါတယ်။ မြန်မာအစိုးရနဲ့ကျနော်အဖေတို့လုပ်ငန်းနဲ့ဆက်ဆံ ရေးက တော်တော်ကောင်းပါတယ်။ မြန်မာပညာရေးဝန်ကြီးဌာနရဲ့ခွင့်ပြုချက်နဲ့ ကျောင်းဆောက်လုပ်ရေးတွေကိုလုပ် တာပါ။"
ဆရာဂျွန်တို့အဖွဲ့ထူထောင်ခဲ့တဲ့စာသင်ကျောင်းတွေက မြန်မာနိုင်ငံ ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေထဲမှာပဲ တဒါဇင်ကျော်ရှိပါတယ်။ တရုတ်ပြည်အလယ် ပိုင်းနဲ့ တောင်ပိုင်းမှာလည်း ကျောင်းအိပ်ကျောင်းစား သမ္မာကျမ်းစာသင်တဲ့ကျောင်းတွေကို ဆရာဂျွန်က တဒါဇင်ကျော် ထူထောင်ထားတာပါ။ အဲဒီ ကျောင်းတွေမှာတက်ခဲ့တဲ့ တချို့ကျောင်းသားတွေက မြန်မာပြည်ထဲက ဆရာဂျွန်ရဲ့ကျောင်းတွေမှာ ဆရာတွေဖြစ်တဲ့သူ ဖြစ်နေပါပြီ။
မကြာခင်နှစ်တွေအတွင်းကတော့ တရုတ်နိုင်ငံထဲမှာထူထောင်ခဲ့တဲ့ ဆရာဂျွန်ရဲ့ကျောင်းတွေတော်တော်များ များဟာ အာဏာပိုင်တွေရဲ့ ဝင်ရောက် စီးနင်းမှုတွေနဲ့ ပိတ်ပင်မှုတွေကြုံခဲ့ရတယ်လို့ ဆရာဂျွန်ကိုအားပေးထောက်ခံသူတွေ ကပြောကြပါတယ်။ ကွန်မြူနစ်ဝါဒကြီးစိုးတဲ့တရုတ်နိုင်ငံမှာ Protestants ခရစ်ယာန် ဘာသာဝင်တွေက အခုဆို ၃၈သန်း ကျော်ရှိတယ်လို့ တရားဝင် ခန့်မှန်းချက်တွေထုတ်ထားပါတယ်။
ကျွမ်းကျင်သူတွေရဲ့ခန့်မှန်းချက်တွေအရတော့ လာမယ့် ဆယ်စုနှစ် အနည်းငယ် အတွင်းမှာပဲ တရုတ်နိုင်ငံဟာ ကမ္ဘာမှာခရစ်ယာန် ဘာသာဝင်အများဆုံး ရှိလာမယ့်နိုင်ငံ လို့ဆိုပါတယ်။
ပြီးခဲ့တဲ့ဖေဖေါ်ဝါရီလတုန်းကပဲ အသစ်ထုတ်ပြန်ခဲ့တဲ့ တရုတ်အစိုးရရဲ့ ဘာသာရေးဆိုင်ရာ စည်းမျဉ်းသစ်တွေအရ အစိုးရရဲ့ ခွင့်ပြုချက်မပါပဲ နိုင်ငံခြားကို ဘာသာရေးလုပ်ငန်းတွေနဲ့ သွားတဲ့သူဆိုရင် ဒဏ်ငွေအဖြစ်တရုတ်ယွမ်ငွေ ၂သိန်း၊ အမေရိကန် ဒေါ်လာနဲ့ဆို ၃သောင်း၂ထောင်နီးပါးပေးရမယ်လို့ဆိုပါတယ်။ အဲဒါကြောင့်လည်း တရုတ်နိုင်ငံအတွင်း မှာရှိတဲ့ ခရစ်ယန် ဘုရား ကျောင်းတွေရဲ့ ခေါင်းဆောင်တွေအတွက် နိုင်ငံခြားထွက်ဖို့ အခက်ကြုံနေရပါတယ်။
အခု ခရစ်ယန်သင်းအုပ်ဆရာ John Sanqiang Cao အဖမ်းခံနေရတဲ့ကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အလွန်စိုးရိမ်ပူ ပန်နေပြီး လူသားချင်း စာနာမှုဆိုင်ရာရှုဒေါင့်ကကြည့်ပြီး သူ့ကိုပြန်လွှတ်ပေးဖို့ တရုတ်အစိုးရကို တိုက်တွန်းထားတယ်လို့ ဆိုပါတယ်။ ဆရာဂျွန်ကလည်း သူလွတ်မြောက်လာမယ်ဆိုရင် လုပ်ငန်းတွေကနေအနားယူပြီး အမေရိကန်မှာရှိတဲ့ သူ့ရဲ့ မိသားစုနဲ့အတူပြန် နေထိုင်ဖို့ရည်ရွယ်ချက်ရှိတယ်လို့လည်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ပြောရေးဆိုခွင့်ရှိ သူ တဦးက အေပီသတင်း ဌာနကိုပြောပါတယ်။
Your browser doesn’t support HTML5