အီရန်နိုင်ငံရဲ့ ရေနံလုပ်ငန်းကို အဓိက ပစ်မှတ်ထားတဲ့ အမေရိကန်ရဲ့ အခုနောက်ဆုံး ဒဏ်ခတ်ပိတ်ဆို့မှုကို အီရန်နိုင်ငံက ရှုတ်ချလိုက်ပြီး အမေရိကန်သမ္မတ Donald Trump အနေနဲ့ အီရန်နဲ့ ညှိနှိုင်းဆွေးနွေးဖို့ အလေးအနက် မထားဘူးဆိုတာကို ပြလိုက်တာပဲလို့ ပြောဆိုလိုက်ပါတယ်။
အခုလုပ်ရပ်က အမေရိကန်ရဲ့ တခြားသော ရန်လိုက်တဲ့ မူဝါဒတွေလိုပဲ စီးပွားရေးပိုင်းကနေ အကြမ်းဖက်တဲ့ လုပ်ရပ်မျိုး ဖြစ်တယ်လို့ အီရန် နိုင်ငံခြားရေးဌာနပြောခွင့်ရ Abbas Mousavi က အီရန်အစိုးရပိုင် ရုပ်သံသတင်းမှာ ပြောဆိုခဲ့ပါတယ်။
မနေ့ သောကြာနေ့ကပဲ အီရန်နိုင်ငံရဲ့ အကြီးဆုံး ရေနံကုမ္ပဏီဖြစ်တဲ့ ပါရှန်ပင်လယ်ကွေ့ ရေနံလုပ်ငန်းနဲ့ သူ့ရဲ့လုပ်ငန်းခွဲ ၃၉ ခုကို အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုသစ် ချမှတ်လိုက်တာဖြစ်ပြီး အကြမ်းဖက်အဖွဲ့အစည်းအဖြစ် အမေရိကန်အစိုးရက ပြီးခဲ့တဲ့ဧပြီလထဲမှာပဲ သတ်မှတ်ထားတဲ့ အီရန်တော်လှန်ရေး ပြည်စောင့်တပ်နဲ့ ဒီကုမ္ပဏီက စီးပွားရေး လက်တွဲ လုပ်ဆောင်နေတာကြေင့်လို့ ဆိုပါတယ်။
အမေရိကန်အပါအဝင် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့ အီရန်အကြား ရယူခဲ့တဲ့ ၂၀၁၅ သဘောတူညီချက်ကနေ အမေရိကန်ပြန်လည် နုတ်ထွက်ခဲ့တဲ့ ပြီးခဲ့တဲ့နှစ်ကစလို့ အီရန်အပေါ် ဒဏ်ခတ်အရေးယူမှုတွေကို သမ္မတ Trump က တိုးမြင့်လုပ်ဆောင်လာခဲ့တာပါ။
တချိန်တည်းမှာလည်း အီရန်နဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေလုပ်သွားနိုင်ဖို့ လမ်းဖွင့်ထားကြောင်းကိုလည်း သမ္မတ Trump က မကြာသေးခင်အချိန်အထိ ပြောဆိုနေခဲ့တာ ဖြစ်ပါတယ်။
Your browser doesn’t support HTML5