ရွှေ့ပြောင်းဝင်လာသူ ထိန်းချုပ်ရေး အောင်မြင်မယ်လို့ Trump ယုံကြည်

အမေရိကန်ကို ဝင်ဖို့ မက္ကဆီကို နိုင်ငံကို ဖြတ်လာကြတဲ့ ရွှေ့ပြောင်းအခြေချသူတွေကို ထိန်းချုပ်ရေး မက္ကဆီကိုဘက်က နှစ်ပေါင်းများစွာ ပူးပေါင်းဆောင်ရွက်မှု မရှိခဲ့ပေမယ့် အခု သဘောတူညီချက်သစ် အရ ဒီပြသနာ လျော့ပါးသက်သာလာမယ်လို့ ယုံကြည်ကြောင်း အမေရိကန် သမ္မတ Donald Trump က တနင်္ဂနွေနေ့မှာ ပြောဆိုလိုက်ပါတယ်။

ဗဟို အမေရိက နိုင်ငံတွေကနေ အမေရိကန်ကို ဦးတည်လာကြတဲ့ ရွှေ့ပြောင်းအခြေချသူတွေကို မက္ကဆီကိုဘက်က အကြောင်းတခုခုကြောင့် မတားဆီးဘူးဆိုရင်တော့ သိပ်ပြီး ထိရောက်တဲ့ အရင်က ပုံစံအတိုင်းဘဲ မက္ကဆီကို သွင်းကုန်တွေ အပေါ် အခွန်ကောက်မယ်လို့ အမေရိကန် ခေါင်းဆောင်က သတိပေးပါတယ်။

ဒါပေမယ့် လိုအပ်မယ်လို့ မထင်ပါဘူးလို့လည်း ပြောပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့က ကြေညာခဲ့တဲ့ သဘောတူညီချက် အရ ရွှေ့ပြောင်းဝင်ရောက်မှုတွေကို တားဆီးနိုင်ဖို့ အတွက် ဂါွတီမာလာနဲ့ နယ်စပ်မှာ မက္ကဆီကိုဘက်က တပ်ဖွဲ့ဝင် ၆,၀၀၀ တပ်ချထားရမှာ ဖြစ်ပြီး မက္ကဆီကို နိုင်ငံတွင်းမှာ ရောက်နေတဲ့ ရွှေ့ပြောင်းအခြေချသူတွေ အနေနဲ့ အမေရိကန်မှာ နိုင်ငံရေး ခိုလှုံခွင့် တင်ထားစဉ် အတွင်း မက္ကဆီကိုမှာဘဲ နေထိုင်ရမယ့် လုပ်ပိုင်ခွင့်ကိုလည်း အမေရိကန်ဘက်က ရရှိခဲ့ပါတယ်။

စာချုပ်ပါ ကိစ္စရပ် တခုကို ထုတ်ဖော် မကြေညာသေးတာ ရှိပေမယ့် သင့်တော်တဲ့ တချိန်မှာ ကြေညာပါမယ်လို့လည်း သမ္မတ Trump က ပြောပါတယ်။ ဆယ်စုနှစ်နဲ့ချီ မရှိခဲ့ဖူးတဲ့ မက္ကဆီကိုနဲ့ အမေရိကန်ကြား သိပ်ကောင်းတဲ့ ပူးပေါင်းဆောင်ရွက်မှု ရှိလာမယ်လို့လည်း အမေရိကန် သမ္မတက တွစ်တာ လူမှုကွန်ယက်မှာ ရေးသားခဲ့ပါတယ်။

Your browser doesn’t support HTML5

ရွှေ့ပြောင်းဝင်လာသူ ထိန်းချုပ်ရေး အောင်မြင်မယ်လို့ Trump ယုံကြည်