ဂိုလန်ကုန်းမြင့်ကိစ္စ Donal Trump ဝေဖန်ခံရ

အမေရိကန် သမ္မတ Donald Trump (မတ်၊ ၂၀၊ ၂၀၁၉)

ဂိုလန်ကုန်းမြင့်ဒေသဟာ အစ္စရေးရဲ့အချုပ်အခြာ အာဏာပိုင်ဆိုင်မှုအောက်မှာ ရှိတယ်ဆိုတာကို အသိအမှတ်ပြုတယ်လို့ အမေရိကန်သမ္မတ Donald Trump က ကြေညာခဲ့တာနဲ့ပတ်သက်ပြီး ကမ္ဘာ့ခေါင်းဆောင်တွေက ဝေဖန်နေကြပါတယ်။

ဆီးရီးယား နိုင်ငံခြားရေးဝန်ကြီးကတော့ သမ္မတ Trump ရဲ့ ကြေညာချက်ဟာ တာဝန်မဲ့ရာကျပြီး ဂိုလန်ဒေသဟာ အာရပ်နဲ့ ဆီးရီးယားတို့နဲ့ သက်ဆိုင်ခဲ့တဲ့ ဆက်ပြီးတော့လည်း သက်ဆိုင်နေဦးမယ်ဆိုတဲ့ အချက်ဟာ ပြောင်းလဲမှာ မဟုတ်ဘူးလို့မနေ့က ပြောခဲ့ပါတယ်။

အမေရိကန်ဟာ နိုင်ငံတကာ ဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖေါက်လိုက်တာပဲဖြစ်ပြီး နိုင်ငံတကာ တရားဝင်ဖြစ်မှုကို ဂရုမစိုက်ဘူးဆိုတာ ထင်ရှားတယ်လို့ ဆီးရီးယားဘက်က ကြေညာပါတယ်။

တူရကီသမ္မတ Tayyip Erdogan ကလည်း သမ္မတထရမ့်ရဲ့ကြေညာချက်ဟာ အရှေ့အလယ်ပိုင်းဒေသတွင်းမှာ အကျပ်အတည်း ပဋိပက္ခအသစ်နဲ့ တင်းမာမှုအသစ်တွေ ဖြစ်ပေါ်လာတော့မယ့် သဘောတွေ ဖြစ်သွားစေတယ်လို့ ဆိုပါတယ်။

ဘယ်လောက်ပဲ အရေးပါတဲ့နိုင်ငံပဲဖြစ်ဖြစ် ဒီလိုဆုံးဖြတ်ချက်ကို ချလို့မရဘူးလို့ အာရပ်အဖွဲ့ချုပ် အကြီးအကဲ Aboul Gheit က သမ္မတTrump ရဲ့ကြေညာချက်ကိုဝေဖန်ပါတယ်။

အာရပ်ပင်လယ်ကွေ့က ဘုရင်စံနစ်ကျင့်သုံးတဲ့ အာရပ် ၆ နိုင်ငံပေါင်း အဖွဲ့ကလည်း ဂိုလန် ကုန်းမြင့်ဟာ ဆီးရီးယားရဲ့နယ်မြေဖြစ်တယ်။ အစ္စရေးက စစ်အင်အားသုံးပြီး သိမ်းပိုက်ထားတယ်ဆိုတဲ့ အချက်ကိုပြောင်းလဲလို့ရမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

အီဂျစ်နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း သမ္မတ Trump ရဲ့ကြေညာချက်ကို ရှုတ်ချလိုက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက် ၄၉၇ မှာလည်း အစ္စရေးရဲ့ နယ်မြေသိမ်းပိုက်မှုကို ကန့်ကွက်ထားတယ်လို့ ထောက်ပြပါတယ်။ အီရန်နိုင်ငံခြားရေး ဝန်ကြီးကတော့ သမ္မတ Trump ရဲ့ ပုဂ္ဂိုလ်ရေး ဆုံးဖြတ်ချက်တွေက ဒေသတွင်း ပဋိပက္ခတွေကို ဖြစ်စေလိမ့်မယ်လို့ ဆိုပါတယ်။ ဥရောပသမဂ္ဂကလည်း ဂိုလန်ကုန်းမြင့်ကို အစ္စရေး ပိုင်တယ်ဆိုတာကို အသိအမှတ် ပြုမထားပါဘူး။ အခုလည်း ဒီရပ်တည်ချက် အတိုင်းရှိတယ်လို့ ဆိုပါတယ်။

Your browser doesn’t support HTML5

ဂိုလန်ကုန်းမြင့်ကိစ္စ Donal Trump ဝေဖန်ခံရ