ဆွေးနွေးပွဲပျက်ပြားမှု မြောက်ကိုရီးယားက ကန်ကိုအပြစ်တင်

သမ္မတ Donald Trump နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un (ဖေဖော်ဝါရီ၊ ၂၈၊ ၂၀၁၉)

သမ္မတ Donald Trump နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un (ဖေဖော်ဝါရီ၊ ၂၈၊ ၂၀၁၉)

နျူကလီယားဆွေးနွေးပွဲ ရှေ့မတိုးနိုင်ဖြစ်နေတာကို မြောက်ကိုရီးယားက အမေရိကန်ပြည်ထောင်စုရဲ့အပြစ်လို့ ပြောလိုက်ပြီး လက်နက်ဖျက်သိမ်းရေး တောင်းဆိုချက်ကို အမေရိကန်အစိုးရက မရုပ်သိမ်းသမျှ ဘယ်တော့မှ ဆွေးနွေးပွဲ ပြန်မစတော့ဘူးလို့ ပြောကြားလိုက်ပါတယ်။

သမ္မတ Donald Trump နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un တို့ ဟနွိုင်းမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက တွေ့ဆုံမှုဟာ သဘောတူညီမှု တစုံတရာ မရရှိခဲ့ဘဲ ပြီးဆုံးသွားတာ ဖြစ်ပါတယ်။

အမေရိကန် အစိုးရဟာ မဖြစ်နိုင်တဲ့ တောင်းဆိုချက်တွေ ပြုလုပ်ပြီး ဆွေးနွေးပွဲပျက်အောင် တမင်တကာ လုပ်ဆောင်ခဲ့တာလို့ မြောက်ကိုရီးယားပြောခွင့်ရ တဦးက စွပ်စွဲချက်ကို သောကြာနေ့က ထုတ်ပြန်တဲ့ မြောက်ကိုရီးယားအစိုးရအာဘော် Korean Central News Agency မှာ ဖော်ပြထားပါတယ်။

ဒီကြေညာချက်မှာ မြောက်ကိုရီးယားကတော့ နျူကလီယားလက်နက် စီမံကိန်း၊ ပဲ့ထိန်းတပ်ဒုံးကျည်စမ်းသပ်မှု ရပ်ဆိုင်းဖို့နဲ့ စစ်အတွင်းကကျဆုံးသွားတဲ့အ မေရိကန်စစ်သည်တွေရဲ့ ရုပ်အလောင်းတွေ ပြန်ပို့ပေးရေး ကိစ္စတွေ အပါအဝင် အရေးကြီးတဲ့ လုပ်ငန်းတွေ လုပ်ဆောင်ပေးဖို့ မျှော်လင့်ခဲ့ပေမယ့် သူတို့ရဲ့စေတနာကောင်းကို အမေရိကန်က တုံ့ပြန်ရမယ့်အစား မြောက်ကိုရီးယားအနေနဲ့ တဘက်သတ် လက်နက် လျှော့ချရေးကိုသာ ဖိဖိစီးစီး ပြောလာခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အမေရိကန်ဘက်ကတော့ ဆွေးနွေးပွဲ ပျက်ပြားရတာဟာ နျူကလီယားအစီအစဉ် တစိတ်တဒေသ ဖျက်သိမ်းမှုအတွက် အရေးယူဒဏ်ခတ်မှုအားလုံးကို ရုပ်သိမ်းပေးရမယ်လို့ မြောက်ကိုရီးယားဘက်က တောင်းဆိုတဲ့အတွက်သာ ဖြစ်ကြောင်း ပြောဆိုနေပါတယ်။

Your browser doesn’t support HTML5

ဆွေးနွေးပွဲပျက်ပြားမှု မြောက်ကိုရီးယားက ကန်ကိုအပြစ်တင်