အမေရိကန် Powerball ထီဆုကြေး ဒေါ်လာ သန်း ၁,၅၀၀ စံချိန်တင်

ဝါရှင်တန် ဒေသစံတော်ချိန် ဗုဒ္ဓဟူးနေ့ည ၁၁ လောက်မှာ ထွက်မယ့် အမေရိကန်ထီ Powerball ရဲ့ စုစုပေါင်း ဆုကြေးငွေဟာ အခုချိန်မှာ အမေရိကန်ဒေါ်လာ သန်း ၁,၅၀၀ ရှိသွားပြီဖြစ်တဲ့အတွက် လူအတော်များများက ထီလက်မှတ်တွေဝယ်ပြီး စိတ်လှုပ်ရှားစွာနဲ့ စောင့်ဆိုင်းနေကြပါတယ်။

တခြား အမေရိကန် နိုင်ငံသားတွေနည်းတူ ဒီမှာရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေဟာလည်း Powerball ထီကို စိတ်အားထက်သန်စွာ ထိုးထားကြတဲ့အကြောင်း မယ်ရီလန်းပြည်နယ်မှာ နေထိုင်တဲ့ ဦးယဉ်ထွေးက ပြောပါတယ်။

“အခုကတော့ အားလုံး မမျှော်လင့်တဲ့ ထီပေါ့နော်။ အရင်တုန်းကတော့ သန်းပေါင်းက ၆၅၀ ပဲရှိတယ်။ အခုက သန်း ၁,၅၀၀ ဖြစ်သွားတယ်ဆိုတော့ လူတွေအားလုံးကတော့ သို့လော သို့လော သူပဲပေါက်မလား၊ ကိုယ်ပဲ ပေါက်မလားဆိုပြီး ဖြစ်နေကြတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ကတော့ ကိုယ်လည်း ထိုးတယ်၊ သူငယ်ချင်းတွေ မိသားစုတွေလည်း အားလုံး ပါဝင်အောင်ဆိုပြီးတော့ ကျနော် အကုန် စုစည်းပြီးတော့ မိသားစုတစုကို ၁၀ နှုန်းနဲ့ ထိုးတယ်။ အစုလိုက် အစုလိုက် ထိုးတာလည်း ပါတယ်ဗျ။ အခုတင် ကျနော်တို့ အားလုံးပေါင်း မိသားစုပေါင်း ၆၈ ဦး ပေါင်းထိုးတာ ဒေါ်လာ ၆၈၀ ဖိုး ထိုးတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလိုမျိုးထီက တသက်မှာ တခါမှ မကြားဖူးတဲ့ ပေါက်ကြေးပဲလေ။ ဒါကြောင့်မို့လို့ ကျနော်တို့ ဝိုင်းပြီး မျှော်လင့်ချက်ပေါ့ဗျာ ပြောလို့မရဘူး။ လူဆိုတာ ကံဆိုတာ ကံပါလာတဲ့တနေ့ ပေါက်လာခဲ့ရင်လည်း အားလုံး ကောင်းစားမယ်ဆိုတဲ့ ဆန္ဒနဲ့ ကျနော်တို့ ဝိုင်းထိုးကြတာခင်ဗျ။”

ဒီ Powerball ထီကို အမေရိကန် နိုင်ငံသားတွေတင်သာမကပဲ တရုတ်နိုင်ငံသားတွေ အပါအဝင် နိုင်ငံတကာမှာ ရှိနေကြသူတွေကလည်း အသိမိတ်ဆွေတွေကတဆင့် အင်တာနက် အွန်လိုင်းက လှမ်းထိုးနေကြတဲ့ သူတွေလည်း ရှိနေပါတယ်။ ဒီထီဟာ အမေရိကန်နိုင်ငံအတွင်းမှာ ပြည်နယ်ပေါင်း ၅၀ ရှိတဲ့အထဲက ပြည်နယ်ပေါင်း ၄၄ ပြည်နယ်မှာ ထိုးနိုင်ကြတာ ဖြစ်ပါတယ်။

အပတ်စဉ် တပတ်မှာ ၂ ကြိမ်ဖွင့်တဲ့ ဒီ Powerball ထီကို ဒေါ်လာ သန်း ၄၀ နဲ့ စတင်တာ ဖြစ်ပေမဲ့ ပေါက်တဲ့သူမရှိရင် ဆုကြေးငွေဟာ တဖြည်းဖြည်းတိုးလာရာက လပေါင်းများစွာ ပေါက်တဲ့သူ မရှိခဲ့တဲ့အတွက် ကမ္ဘာမှာ မကြုံမှာ အများဆုံး ဆုကြေးငွေအထိ ရောက်လာခဲ့တာလည်း ဖြစ်ပါတယ်။

ဒီကနေ့ညမှာ ပထမဆုကြေးကို ပေါက်တဲ့လူ ထွက်လာမယ်ဆိုရင်တော့ အဲဒီလူဟာ Bill Gates, Warren Buffett နဲ့ Donald Trump တို့လိုပဲ ကုဋေကြွယ် သူဌေး ဖြစ်လာမှာပါ။ ဒါပေမဲ့လည်း အခုဆုကြေးငွေ ပမာဏက အခွန်မဖြတ်ခင် ပမာဏဖြစ်ပါတယ်။ ပေါက်တဲ့လူ တယောက်ယောက်က ဆုကြေးငွေကို ၂၉ နှစ်အတွင်း အကြိမ် ၃၀ နှစ်စဉ် ခွဲယူတာမျိုးမဟုတ်ဘဲ တကြိမ်ထဲနဲ့ တလုံးတခဲထဲ ယူမယ်ဆိုရင်တော့ အခွန်မဖြတ်ခင် ဆုကြေးပမာဏဟာ ဒေါ်လာ သန်း ၉၃၀ ပဲဖြစ်သွားမှာပါ။