နိုဝင်ဘာ ၅ ရက်နေ့ သမ္မတရွေးကောက်ပွဲမတိုင်ခင် နောက်ဆုံးသီတင်းပတ်အဖြစ်နဲ့ အမေရိကန်သမ္မတ ကိုယ်စားလှယ်လောင်းနှစ်ဦး မဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်။ အကြိတ်အနယ် ယှဉ်ပြိုင်ရမယ့် ရွေးကောက်ပွဲမှာ ဘယ်သူ့ကိုမဲပေးရမလဲ မဆုံးဖြတ်ရသေးတဲ့ မဲဆန္ဒရှင်တွေရဲ့ မဲတွေရဖို့ ဒုသမ္မတ Kamala Harris ရော သမ္မတဟောင်းDonald Trump ကပါ မျှော်လင့်နေကြတာပါ။
ဒီမိုကရက်ပါတီကိုယ်စားလှယ် ဒုသမ္မတ Kamala Harris ဟာ ဒီမိုကရက်တွေ အမာခံဖြစ်တဲ့ Philadelphia မြို့ကိုတနင်္ဂနွေနေ့က သွားရောက်ပါတယ်။ Philadelphia မြို့ရှိရာ Pennsylvania ပြည်နယ် နှစ်ဘက်အကြိတ်အနယ်ယှဉ်ပြိုင်ရမယ့် ပြည်နယ်တခုဖြစ်တာကြောင့် ဒုသမ္မတ Harris ရော သူ့နဲ့ယှဉ်ပြိုင်မယ့် သမ္မတဟောင်း Trump တို့နှစ်ဦး ဒီပြည်နယ်ကို မကြာမကြာ လာရောက်ခဲ့သလို ရွေးကောက်ပွဲစည်းရုံးရေး နောက်ဆုံးရက်တွေမှာလည်း ဒီပြည်နယ်ကို ဦးတည်ဖို့မှန်းထားကြတာပါ။
သမ္မတ Trump ကတော့ သူ့ မွေးရပ်မြေ New York မြို့က Madison Square ဥယျာဉ်မှာ အခု တနင်္ဂနွေနေ့က ကြီးမားတဲ့လူထုစုဝေးပွဲလုပ်ပါတယ်။ ဒါပေမယ့်လည်း New York ပြည်နယ်မှာ သမ္မတဟောင်း Trump အနိုင်ရခြေ နည်းပါးတယ်လို့မဲစစ်တမ်းတွေမှာ ဖော်ပြနေပါတယ်။
လာမယ့် အင်္ဂါနေ့မှာတော့ သမ္မတအိမ်ဖြူတော်နဲ့ မလှမ်းမကမ်းက ဝါရှင်တန်ဒီစီက Ellipse ပန်းခြံမှာ ဒုသမ္မတ Harris ကမဲဆွယ်စည်းရုံးရေး မိန်းခွန်းပြောဖို့စီစဉ်ထားပါတယ်။ အဲဒီနေရာမှာပဲ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ နေ့က သမ္မတ Trump ကသူ့ထောက်ခံသူတွေကို မိန့်ခွန်းပြောခဲ့ပြီး အဲဒီနောက် အမေရိကန် လွှတ်တော် တိုက်ခိုက်ခံရမှု ကြုံခဲ့ရတာပါ။
အမေရိကန်တဝှမ်းမှာတော့ လူပေါင်း ၄၂ သန်းကျော် ကြိုတင်မဲတွေ ပေးခဲ့ပြီးပြီလို့ ဖလော်ရီဒါ တက္ကသိုလ်ရွေးကောက်ပွဲစောင့်ကြည့်မှုအဖွဲ့က ထုတ်ပြန်ပါတယ်။ အခုလာမယ့် ၂၀၂၄ နိုဝင်ဘာ ရွေးကောက်ပွဲဟာ သမ္မတလောင်းနှစ်ဦးကြား အတော်ကြီး အကြိတ်အနယ်ယှဉ်ပြိုင်ရမယ့်ပွဲလို့ နိုင်ငံရေးစစ်တမ်းတွေမှာ ဖော်ပြပါတယ်။
အထင်ရှားဆုံးသတင်းစာကြီးနှစ်ခုဖြစ်တဲ့ The New York Times နဲ့ the Washington Post သတင်းစာ တွေမှာတော့အကြိတ်အနယ်ပြိုင်ရမယ့် ပြည်နယ် ၇ ခုမှာ ဒုသမ္မတ Harris က ပြည်နယ်လေးခုမှာ ကပ်ပြီး အသာရနေတယ်လို့ ခန့်မှန်းပါတယ်။ ဒါဟာ ဒုသမ္မတ Harris အတွက် အနိုင်ရဖို့ လုံလောက်တဲ့ အခြေအနေလို့ ဆိုရမှာပါ။ ဒါပေမယ့်လည်း ABC သတင်းဌာနနဲ့ အခြားမဲခန့်မှန်းချက်တချို့မှာတော့ သမ္မတဟောင်း Trump အသာရမယ်လို့ သုံးသပ်တာတွေလည်းရှိပါတယ်။
Your browser doesn’t support HTML5