အမေရိကန် ပြည်ထောင်စု အရှေ့ဘက်ခြမ်း ၅.၈ ပြင်းအား မြေငလျင်လှုပ်

အမေရိကန် ပြည်ထောင်စု အရှေ့ဘက်ခြမ်း ၅.၈ ပြင်းအား မြေငလျင်လှုပ်

အမေရိကန်ပြည်ထောင်စု အရှေ့ဘက်ခြမ်းမှာ ၁၉၄၄ ခုနှစ်နောက်ပိုင်း အကြီးမားဆုံးဖြစ်တဲ့ ပြင်းအား ၅.၈ မြေငလျင်တခု အင်္ဂါနေ့မှာ လှုပ်သွားတယ်လို့ အမေရိကန် ဘူမိဗေဒ တိုင်းတာရေးဌာန အရာရှိတွေက ပြောပါတယ်။

ဗာဂျီနီးယားပြည်နယ်က မင်နရယ် (Mineral) ဆိုတဲ့ မြို့ငယ်လေးမှာ ဗဟိုပြုတဲ့ မြေငလျင်ကြောင့် မြေငလျင် ဗဟိုချက်နဲ့ မိုင် ၉၀ နီးပါးဝေးတဲ့ ဝါရှင်တန်မြို့တော်မှာလည်း ဧည့်ခရီးသွားတွေ သွားလာနေတဲ့ နေရာတွေ၊ အထင်ကရ အဆောက်အအုံတွေကို ပိတ်ပစ်ခဲ့ရပြီး ဘေးကင်းလုံခြုံမှု ရှိမရှိ ကျွမ်းကျင်သူတွေက စစ်ဆေးရမှာပါ။

နေရှင်နယ်မော ကွင်းပြင်ကျယ်ကြီးထဲမှာ တည်ရှိတဲ့ ၅၅၈ ပေ အမြင့်ရှိတဲ့ Washington Monument ကျောက်တိုင်ကြီးရဲ့ ထိပ်နားက အက်ကြောင်းတွေ့ရလို့ ကျောက်တိုင်ပေါ် လူတွေ ပေးမတက်ဘဲ အကန့်အသတ်မဲ့ ပိတ်ထားမှာ ဖြစ်ပါတယ်။

အမေရိကန်လွှတ်တော် အဆောက်အအုံ၊ ပင်တဂွန် စစ်ဌာနချုပ်နဲ့ ဗွီအိုအေရုံးချုပ် အပါအဝင် တခြား အစိုးရရုံးတွေ ပိတ်ခဲ့ရပြီး ရုပ်သံထုတ်လွှင့်မှုတွေ ယာယီ ရပ်ဆိုင်းခဲ့ရပါတယ်။

အဲဒီ အစိုးရရုံးတွေရဲ့ ဘေးကင်း လုံခြုံမှုကို ကျွမ်းကျင်သူတွေ စစ်ဆေးပြီးတဲ့နောက် အခုဆိုရင် ဗွီအိုအေ အပါအဝင် အစိုးရရုံးတွေ ပြန်လည် လည်ပတ်နေပြီ ဖြစ်ပါတယ်။ ဗွီအိုအေ အသံလွှင့် အစီအစဉ်တွေကိုလည်း ပုံမှန်အတိုင်း ပြန်လည် ထုတ်လွှင့်ပေးနေတာပါ။

လာမယ့် ရက်ပိုင်းအတွင်းမှာလည်း နောက်ဆက်တွဲ ငလျင်ငယ်တွေ လှုပ်နိုင်တယ်လို့ သတိပေးထားပါတယ်။