ဗင်နီဇွဲလားနိုင်ငံကနေ လူအမြောက်အများ ထွက်ပြေးနေတဲ့ ဖြစ်ရပ်ဟာ မြေထဲပင်လယ်ဒေသ အတွင်းက ဒုက္ခသည် ပြဿနာလိုမျိုးဖြစ်ဖို့ဆီ သွားနေတယ်လို့ ကုလသမဂ္ဂ ရွှေ့ပြောင်း အခြေချ နေထိုင်သူများဆိုင်ရာ အေဂျင်စီက သောကြာနေ့မှာ ပြောလိုက်ပါတယ်။
ဗင်နီဇွဲလားနိုင်ငံမှာစီးပွါးရေး ပြိုလဲနေပြီး နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတာကြောင့် အစားအသောက် နဲ့ နေ့စဉ် အသက်ရှင်သန်နိုင်ရေး လိုအပ်ချက်တွေကြောင့် လူတွေ သိန်းနဲ့ချီပြီး အိမ်နီးချင်း နိုင်ငံတွေဆီ ထွက်ပြေးနေကြ တာပါ။ လာမယ့် သီတင်းပတ်အတွင်းမှာတော့ ကိုလံဘီယာ၊ အီကွေဒေါနဲ့ ပီရူးနိုင်ငံတို့ဟာ Bogota မှာ တွေ့ဆုံပြီး ဒီ ဒုက္ခသည်တွေအရေး ဆွေးနွေးဖို့ ရှိနေပါတယ်။
ဘရာဇီးနိုင်ငံမှာတော့ ဒီလအတွင်း ဗင်နီဇွဲလားကထွက်ပြေးလာသူ ရာနဲ့ချီကို နယ်စပ်ပြန်ပို့ခဲ့သလို ပီရူးနိုင်ငံ ကလည်း နယ်စပ်လုံခြုံရေးတင်းကြပ်ပြီးနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားတဲ့ ဗင်နီဇွဲလား နိုင်ငံသားတွေကို သာ ပေးဝင်မယ်လို့ ပြောပါတယ်။ အီကွေဒေါနိုင်ငံကလည်း အလားတူ စည်းမျဉ်းတွေ သောကြာနေ့က ချမှတ်ခဲ့တာပါ။
IOM နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ ကုလ လက်အောက်ခံအဖွဲ့ ပြောခွင့်ရ Joel Millman က လည်း ဒီလိုအခြေအနေဟာ ဒုက္ခသည်အရေး ပြဿနာကြီးတရပ်ဖြစ်လာနိုင်တဲ့ ရှေ့ပြေးလက္ခဏာတွေအဖြစ် သတိပေးပြောဆိုထားပြီး ရန်ပုံငွေလိုအပ်လာနိုင်တဲ့ အခြေအနေကို ထောက်ပြပါတယ်။
ဗင်နီဇွဲလားနိုင်ငံမှာ နိုင်ငံရေး မငြိမ်မသက်မှုတွေဖြစ်နေပြီး ဒီလဆန်းပိုင်းက ကျင်းပတဲ့ စစ်ရေးပြ အခမ်းအနား တခုမှာ သမ္မတ Nicolas Maduro မိန့်ခွန်းပြောနေချိန် ဖောက်ခွဲရေးပစ္စည်းတွေပါတဲ့ ဒရုန်းယာဉ် နှစ်စင်းနဲ့ တိုက်ခိုက်ခံခဲ့ရပါတယ်။ ဒရုန်းယာဉ်တစင်းက ပစ်မှတ်ကိုမရောက်ခင် လေထဲ မှာပဲ ပေါက်ကွဲသွားပြီး နောက် တစင်းကတော့ အထပ်မြင့်တိုက်ခန်းတွဲကို ဝင်တိုက်မိတာကြောင့် ပေါက်ကွဲသွားခဲ့ပါတယ်။
ဗင်နီဇွဲလားနိုင်ငံဟာ ဒီတိုက်ခိုက်မှုနဲ့ ဆက်စပ်မှုရှိတယ်ဆိုပြီး အမေရိကန်ပြည်ထောင်စုနဲ့အိမ်နီးချင်း ကိုလံဘီယာ နိုင်ငံတွေအပေါ် စွပ်စွဲခဲ့ပါတယ်။
Your browser doesn’t support HTML5