အမေရိကန် ဒုသမ္မတလောင်း စကားစစ်ထိုးပွဲ အကြိုသုံးသပ်ချက်

ရီပတ်ဘလစ်ကန် ဒုသမ္မတလောင်း JD Vance နဲ့ ဒီမိုကရက် ဒုသမ္မတလောင်း Tim Walz

ရီပတ်ဘလစ်ကန် ဒုသမ္မတလောင်း JD Vance နဲ့ ဒီမိုကရက် ဒုသမ္မတလောင်း Tim Walz

လာမယ့် အမေရိကန်ရွေးကောက်ပွဲမှာ ဒုသမ္မတနေရာအတွက် ယှဥ်ပြိုင်ကြမယ့် ရီပတ်ဘလစ်ကန် ဒုသမ္မတလောင်း JD Vance နဲ့ ဒီမိုကရက် ဒုသမ္မတလောင်း Tim Walz တို့ ဒီကနေ့ အင်္ဂါနေ့မှာ ပထမဆုံးနဲ့ တကြိမ်တည်းသော စကား စစ်ထိုးပွဲမှာ ဆုံတွေ့ကြပါလိမ့်မယ်။ ဒုသမ္မတလောင်းနှစ်ဦး နယူးယောက်မြို့မှာ ဒီကနေ့ တွေ့ကြတဲ့အခါ ဘယ်လို အကြောင်းအရာတွေကို အဓိက အခြေအတင် ဆွေးနွေးကြနိုင်ဖွယ် ရှိပါလဲ။ ဗွီအိုအေ သတင်းထောက် Scott Stearns ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပေးပါမယ်။

အမေရိကန်ပြည်ထောင်စု အနောက် အလယ်ပိုင်းပြည်နယ်တခုဖြစ်တဲ့ Ohio ပြည်နယ် အထက်လွှတ်တော်အမတ် JD Vance ဟာ ရီပတ်ဘလစ်ကန်သမ္မတလောင်း Donald Trump နဲ့အတူ ဒုသမ္မတနေရာ ဝင်ပြိုင်မယ့်သူပါ။ ဒီကနေ့ စကားစစ်ထိုးပွဲဟာ နိုင်ငံ့စီးပွားရေးနဲ့ နယ်စပ်လုံခြုံရေးကို ရီပတ်ဘလစ်ကန်တွေ ဘယ်လို တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်မလဲ ဆိုတာကို တင်ပြခွင့်ရမယ့် အခွင့်အလမ်းပါပဲလို့ JD Vance က ပြောပါတယ်။

"အမေရိကန်ပြည်သူတွေကို သူတို့ရဲ့ဘဝတွေ ဘယ်လို တိုးတက်ကောင်းမွန်အောင် လုပ်ပေးနိုင်တယ်။ Donald Trump ရဲ့ မူဝါဒတွေက ပြည်သူတွေ ပိုပြီး သာယာဝပြောအောင်၊ ကမ္ဘာကြီး ပိုငြိမ်းချမ်းအောင်၊ တောင်ပိုင်း နယ်စပ်တွေ ပို လုံခြုံအောင် လုပ်ပေးနိုင်တယ် ဆိုတာတွေကို ကျနော် ပြောပြနိုင်မယ့် အခွင့်အရေးတခုပါ။ ဒါတွေပြောပြရင် ကျနော်တို့ပဲ နိုင်မှာပါ။”

တဘက်မှာ ဒီမိုကရက် သမ္မတလောင်း Kamala Harris နဲ့အတူ ဒုသမ္မတနေရာ ဝင်ပြိုင်မယ့်သူကတော့ အလယ်ပိုင်းဒေသ Minnesota ပြည်နယ် အုပ်ချုပ်ရေးမှူး Tim Walz ပါ။ သူကတော့ သူ့ ပြိုင်ဘက်လို မဟုတ်ဘဲ အလုပ်သမား လူလတ်တန်းစားတွေ အတွက် အဓိက ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

“ကျနော် ကြီးပြင်းခဲ့တဲ့ ဒီဒေသက တခြား သာမန်လူတွေလိုပဲ JD ဟာ Yale တက္ကသိုလ်မှာ ပညာသင်ခဲ့ပါတယ်။ ပြီးတော့ ဆီလီကွန်တောင်ကြားက ဘီလျံနာ သူဌေးကြီးတွေရဲ့ အထောက်အပံ့နဲ့ အသက်မွေးဝမ်း ကျောင်းတယ်။ ကိုယ့်လူမှုအသိုင်းအဝိုင်းကို ပစ်ပယ်ပြီး သူ့အတွက် အရောင်းရဆုံး စာအုပ်ကို ရေးတယ်။ ဒါကို လူလတ်တန်းစား အမေရိကန်လို့ ပြောလို့မရပါဘူး။ ဒီလိုလူနဲ့ အချိန်မဆိုင်း စကားစစ်ထိုးဖို့ စောင့်နေပါတယ်။”

Vance ဟာ တချိန်က သမ္မတဟောင်း Trump ရဲ့ ဝေဖန်ရေးသမား ဖြစ်ခဲ့ဖူးပေမဲ့ အထက်လွှတ်တော်နေရာ ဝင်အရွေးခံချိန်မှာတော့ Trump ထောက်ခံမှုယူခဲ့သူ ဖြစ်ပါတယ်။ အဲ့ဒီအချိန်ကစလို့ အမေရိကားသာ ပထမဦးစားပေး ဖြစ်ရမယ်ဆိုတဲ့ Trump ရဲ့ “America First” မူကို ထောက်ခံလာသူ ဖြစ်ပါတယ်။

"အခုဆိုရင် ကျနော်တို့ ရန်သူတွေ၊ ဒီမိုကရက်တွေ အများအပြားက ကျနော်တို့ကို အများအကြိုက်တွေပဲ လျှောက်ပြောနေတဲ့ populists လူပြိုန်းကြိုက်တွေ ဆိုပြီး စော်စော်ကားကား ပြောနေတာရှိပါတယ်။ ဒါပေမဲ့ ဒီ populist တယောက်ကပဲ − လူလတ်တန်းစားတွေကို ပျက်အောင်လုပ်ပြီး အဓိပ္ပါယ်မရှိတဲ့ ပြည်ပစစ်ပွဲတွေမှာ ပါနေတဲ့ အင်အားကြီး အထက်တန်းစား လူနည်းစုတွေထက် ပိုပြီး အလုပ်သမား လူတန်းစားတွေ ဘက်က ရပ်တည်တယ် ဆိုရင် ကျနော် အဲ့ဒီ populist အဖြစ်ပဲ ခံယူပါမယ်။”

ရုရှား ကျူးကျော်စစ်ကို ခုခံနေတဲ့ ယူကရိန်း အတွက် အကူအညီတွေကို အမေရိကန်ထက် ဥရောပ ခေါင်းဆောင်တွေက ပိုပြီးတော့ ပေးသင့်တယ်လို့လည်း Vance က သိပ်မကြာခင်က ပြောဆိုခဲ့ပါတယ်။ Walz ကတော့ Vance နဲ့ Trump တို့ဟာ တခြား ရီပတ်ဘလစ်ကန်တွေနဲ့တောင် မတူဘဲ ကမ္ဘာမှာ အမေရိကန်ရဲ့ ဦးဆောင်မှု ပျောက်အောင် လုပ်နေတယ်လို့ ဝေဖန်ပါတယ်။

“ရီပတ်ဘလစ်ကန်တွေ လွတ်လပ်ခွင့်လို့ ပြောတဲ့အခါ အတော်များများက အမှန်တကယ် ရည်ရွယ်ပြီး ပြောခဲ့ကြတာပါ။ မဟာမိတ်တွေကို ကျောခိုင်းတာမျိုး သူတို့ မလုပ်ခဲ့ပါဘူး။ ယူကရိန်းကိုလည်း သူတို့ ပစ်ထားခဲ့မှာ မဟုတ်ပါဘူး။”

Vance ကတော့ Kamala Harris ဟာ တရားမဝင် ရွှေ့ပြောင်းတွေကို မျက်နှာသာပေးပြီး အမေရိကန် အလုပ်သမားတွေ ထိခိုက် နစ်နာအောင် လုပ်နေတယ်လို့ ပြစ်တင်ပါတယ်။

“အမေရိကန်နိုင်ငံသားတွေသာ ခံစားရမယ့်အရာတွေကို ဒီနိုင်ငံမှာ ရှိမနေသင့်တဲ့ သူတွေကို ပေးဖို့ Kamala Harris က လိုလားနေပုံ ရပါတယ်။ အဲ့ဒါက ဒီတိုင်းပြည်ကို ချွတ်ခြုံကျအောင်၊ သာမန်လူတွေ အိမ်မဝယ်နိုင်အောင်၊ အစားအသောက် ကောင်းကောင်း မတတ်နိုင်အောင်၊ လူမှု လုံခြုံမှု ဆိုတာတွေ မခံစားရအောင် လုပ်နေတာပါ။”

တဘက်မှာ Walz ကလည်း Trump ကိုဝေဖန်ပါတယ်။ Trump ရဲ့ စီးပွားရေး၊ နိုင်ငံရေး အသက်မွေးဝမ်းမှုတွေကို ကြည့်ရင် သူဟာ သူ့လို လူချမ်းသာတွေ အတွက်ပဲ လုပ်နေတယ်ဆိုတာ ပြနေတယ်လို့ ထောက်ပြပါတယ်။

"သူတို့လုပ်နေတဲ့ စီးပွားရေး ဆိုတာက အောက်ခြေ လူတန်းစားတွေကို လှည့်ဖျားပြီး ထိပ်ဆုံးက လူတွေအတွက်ပဲ လုပ်နေတာပါ။ ခင်ဗျားတို့ရဲ့ အသုံးစရိတ်တွေ ပို တက်လာအောင် လုပ်မယ်။ အများတတ်နိုင်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုစနစ်ကို ပယ်ဖျက်ပြီး ကျန်းမာရေး အာမခံ ကုမ္ပဏီတွေက ရောဂါခံရှိသူတွေကို အာမခံငြင်းလို့ရတဲ့ အခြေအနေမျိုး ပြန်ရောက်အောင် လုပ်နေတာပါ။ လူမှုဖူလုံရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေကို လျှော့ချပြီး ရှာဖွေခဲ့သမျှ ဘာတခုမှ မကျန်တော့အောင် လုပ်နေတာပါ။”

လာမယ့် ရွေးကောက်ပွဲအတွက် အကျိတ်အနယ် မဲဆွယ်နေကြတဲ့ ဒုသမ္မတလောင်းတွေရဲ့ ဒီကနေ့ စကားစစ်ထိုးပွဲ ကတော့ နိုဝင်ဘာလ ၅ ရက် ရွေးကောက်ပွဲနေ့ မတိုင်ခင် နောက်ဆုံးကျင်းပတဲ့ စကားစစ်ထိုးပွဲ ဖြစ်ပါတယ်။ ပြည်နယ်တချို့မှာတော့ ရွေးကောက်ပွဲ အကြို မဲပေးမှုတွေ စတင်နေပြီ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

အမေရိကန် ဒုသမ္မတလောင်း စကားစစ်ထိုးပွဲ အကြိုသုံးသပ်ချက်