မြန်မာသင်္ကြန် ဒုတိယအကြတ်နေ့ ပွဲတော်များ

ရန်ကုန်မြို့တော် ရေကစားမဏ္ဍပ်များမြင်ကွင်း။ (ပြန်ကြားရေးဝန်ကြီးဌာန MOI)

ဒီကနေ့ ကျရောက်တဲ့ မဟာသင်္ကြန် ဒုတိယအကြတ်နေ့ကိုတော့ ရန်ကုန်မြို့တဝှမ်းမှာ စည်စည်ကားကားနဲ့ ကျင်းပခဲ့ကြပါတယ်။ ဒီကနေ့မှာ ထူးခြားတာကတော့ တယောက်နဲ့ တယောက် အပြန်အလှန်အကူအညီပေးတာတွေ ပိုတွေ့လာရသလို၊ နာရေးကူညီမှုအသင်းကလည်း စည်းကမ်းရှိကြဖို့ရည်ရွယ်ပြီး သင်္ကြန်တွင်း အမှိုက်ကောက် ပညာပေးအစီအစဉ်ကို ရန်ကုန်မြို့တဝှမ်းမှာ လုပ်ဆောင်ခဲ့ပါတယ်။ ဒီကနေ့ သင်္ကြန် ဒုတိယအကြတ်နေ့ အခြေအနေတွေကို ကိုရန်နိုင်က တင်ဆက်ပေးထားပါတယ်။

ရေကစားမဏ္ဍပ်များ

မြန်မာ့ရိုးရာနှစ်သစ်ကူး သင်္ကြန်ပွဲတော်ကို နိုင်ငံတဝှမ်း ဆင်နွဲှနေတာဟာ အခုဆိုရင် ဒုတိယ အကြတ်နေ့ကိုရောက်လာပါပြီ။ ရန်ကုန်မြို့တော်ဝန် ဗဟိုမဏ္ဍပ်မှာ ပင်တိုင်တေးသံရှင် အဖြစ်နဲ့ ဖျော်ဖြေနေတဲ့ အဆိုတော် မီမီဝင်းဖေက သင်္ကြန် အကြတ်နေ့ အခြေအနေနဲ့ ပတ်သက်ပြီး ဗွီအိုအေကို အခုလိုပြောပါတယ်။

"ဒီနေ့ကတော့ မမီက ဗဟိုမဏ္ဍပ်ပေါ့နော် အရင်တုန်းကတော့ မြို့တော်ဝန် မဏ္ဍပ်လို့ခေါ်တယ် အခုတော့ ဗဟိုမဏ္ဍပ်ပေါ့။ အဲ့ဒီ့မဏ္ဍပ်မှာ တနေ့လုံးရှိမယ်။ မနက်၊ နေ့လည် ညအထိရှိမယ်။ ဒီနေ့က သံတမန်အဖွဲ့တွေကို ဖိတ်ထားတယ်။ ဝန်ကြီးချုပ်က ဖိတ်ထားတာကို လာတယ်။ ပရိတ်သတ်တွေ အရှေ့မှာ လာကြည့်ပြီး ရေပက်ခံတဲ့သူတွေ ပွဲလာကြည့်တဲ့သူတွေကို ဖျော်ဖြေတယ်။ ဧည့်သည်တွေ ပြတ်နေတဲ့ အချိန်တွေကို မမီ တာဝန်ယူပြီး ဆိုပေးရတယ်။ သုံးယောက် အထိုင် ဆိုတယ်။ မမီရယ် ပြည့်စုံရယ် လင်းနှစ်ရယ် သုံးယောက်က တောက်လျောက်နေပေးရတယ်။ မိသားစုမဏ္ဍပ်တခုတော့ ဖိတ်လို့လေ မမီသွားပြီး ရေပက်တယ်။ တော်တော်လေး ကို ပျော်တယ်။ တော်တော်လေးကို ပျော်တယ်။ နည်းမျိုးစုံနဲ့ကို ပျော်နေတာ။"

ရေကစားမဏ္ဍပ်များ

အဆိုတော် တင်ဇာမော်ကတော့ အခုနှစ်သင်္ကြန်ကို ရန်ကုန်မြို့မှာ ၃ ရက် ဖျော်ဖြေခဲ့ပြီး၊ ဒီကနေ့ ဒုတိယအကြတ် နဲ့ အတက်နေ့တွေကိုတော့ မန္တလေးမှာ သွားရောက် ဖျော်ဖြေ တင်ဆက်မှာဖြစ်တယ်လို့ ပြောပါတယ်။ အခုနှစ်သင်္ကြန်မှာ ထူးထူးခြားခြား ကြုံတွေ့ခဲ့ရတာနဲ့ ပတ်သက်ပြီး သူပြောတာကတော့-

" ကျမအတွက် ထူးခြားတာကတော့ ပထမဆုံး အလှပြယာဉ်နဲ့ ဆိုရတာ ပထမဆုံး ထူးခြားမှုပါပဲ။ တခါမှ သက်တမ်း ၂၂ နှစ်အတွင်းမှာ ဒီလို အလှပြယာဉ်နဲ့ ဆိုခဲ့ရတာ ဒီဟာ ပထမဦးဆုံးအကြိမ်ပါပဲ ဘာပဲဖြစ်ဖြစ် ကျမတို့ကားက ဖျော်ဖြေရေး အလှပြစင်ပေါ့နော်။ လှလည်း လှတယ် အဲ့တာ ပထမဆုံး ထူးခြားမှုပါပဲ။ ဒုတိယ ထူးခြားချက်တွေကတော့ နိုင်ငံရေးပြောင်းလဲမှုအရ တချို့ မဏ္ဍပ်တွေ ပျက်တယ်ပေါ့။ ကြားတာကတော့ တချို့ အနုပညာရှင်တွေ ပွဲတွေကို ရပြီးကာမှ မရတော့ဘူး ဖြစ်သွားတဲ့ ဟာမျိုးတွေလည်း ရှိကြတယ်ဆိုတာ ကြားရပါတယ်။

အဲ့တာကလည်း စိတ်မကောင်းဖြစ်စရာပါ ဒါပေမဲ့လည်း တဖက်ကကျတော့လည်း လိုအပ်တဲ့အချိန်မှာ လိုအပ်လို့ လုပ်တယ်လို့မြင်ပါတယ်။ တချို့တော်တော်များများ ပွဲပြန်ရတယ်လို့ကြားတယ်။ နောက်တခုက ရန်ကုန်မြို့ပေါ်မှာ တချို့ အပျော်လွန်တဲ့ပုံစံနဲ့ပါတဲ့ ဖောျ်ဖြေမှုမျိုး လည်း ရှိတယ် ကြားတယ်။ အတိအကျတော့ မသိပါဘူး။ ဒါပေမဲ့ အခုနှစ်မှာတော့ တော်တော်ကို စစ်စစ်ဆေးဆေးနဲ့ မဏ္ဍပ်တွေလည်း စစ်တယ် အဲ့တာတွေလည်း မရှိကြဘူးပေါ့။ ဘာပဲဖြစ်ဖြစ် မြန်မာ့ရိုးရာ သင်္ကြန်ဆိုတဲ့ ခေါင်းစဉ်နဲ့ အညီတော့ အတတ်နိုင်ဆုံးတော့ ထိန်းကြသိမ်းကြပေါ့လေ။ ဒါကလည်း မင်္ဂလာတပါးလို့တော့မြင်မိပါတယ်။ "

မင်းသားကျော်သူတို့အဖွဲ့ အမှိုက်ကောက်ထွက်စဉ်။

ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူ ဦးဆောင်တဲ့ နာရေးကူညီမှုအသင်းကတော့ - နှစ်သစ်ကူးမှာ နှစ်ဟောင်းက အမှိုက်တွေနဲ့ အတူ ကိုယ်စိတ်ရဲ့ အမှိုက်တွေ ရုပ်ဝတ္တု အမှိုက်တွေကို ရှင်းဖို့ဆိုတဲ့ ရည်ရွယ်ချက် နဲ့ ဒီကနေ့ ရန်ကုန်မြို့ နေရာတချို့မှာ သွားပြီး အမှိုက်ကောက်ခဲ့တယ်လို့ ပြောပါတယ်။

" မနက်က ကိုးနာရီခွဲလောက်စပြီးတော့ ပါရမီမီးပှိုင့်မှာ ဆိုင်းဘုတ်ထောင်ပြီးတော့ ကျနော်တို့ ကလေးတွေ စကောက်တယ်။ ကောက်ပြီးတော့ ပါရမီမီးပှိုင့်ကနေပြီးတော့ ရခိုင်မဏ္ဍပ် ၊ သုဝဏ္ဍရခိုင်မဏ္ဍပ်သွားတယ်။ နောက်ပြီးတော့ တာမွေ၊ ကျောက်မြောင်း၊ အဲ့ဘက်လှည့်တယ် လှည့်ပြီးတော့ ကျနော်တို့ပြန်လာတယ် နေ့လည်ကျ နေအရမ်းပူတော့။

မင်းသားကျော်သူရဲ့ ကိုယ့်အမှိုက်ကိုယ်ရှင်းလှုပ်ရှားမှု

အဲ့ ကောက်တဲ့အချိန်ကျတော့ ပထမတော့ ကျနော့်ကိုတွေ့ပြီးတော့ ဦးကျော်သူ ဦးကျော်သူ ဆိုပြီးတော့ ဖြစ်တယ် နောက်ကျတော့ ကျနော်တို့ထောင်ထားတဲ့ ကိုယ့်အမှိုက် ကိုယ်ရှင်း ဆိုတဲ့ စာတမ်းကို တွေ့သွားတော့ ကျနော်တို့လည်း အမှိုက်မပစ်ပါဘူး ဘာညာနဲ့ပြောပြီး ရေပက်ခံကားပေါ်က အမှိုက်တွေပေါ့လေ ရေသန့်ဗူးအဟောင်းတို့ အိတ်တို့ ဘာတွေ ကျနော်တို့ ကောက်တဲ့ အိတ်ထဲကို လာထည့်ကြတယ်။ နောက် ကျနော်နဲ့ အမှတ်တရ ဓာတ်ပုံရိုက်မယ့်သူတွေကို ကျနော့်အမျိုးသမီးက သူ အိုင်ဒီယာတခုရပြီးတော့ အမှိုက်တခုကောက်လာရင် ရိုက်လို့ရမယ်ဆို ဝိုင်းပြီး အမှိုက်တွေ ကောက်ပြီးတော့ ကျနော့်နဲ့ ဝိုင်းပြီး အမှတ်တရ ဓာတ်ပုံတွေ ရိုက်ကြတယ်။ အဲ့တော့ ပျော်စရာကောင်းတဲ့ ပွဲလေးဖြစ်သွားတာပေါ့။ ဒီအမှိုက်ပစ်တာ အင်မတန်ကို ရှက်ဖို့ကောင်းတယ်ဆိုတဲ့ အသိတရားလေး ရဖို့ပေါ့လေ။ "

အမှိုက်ကောက်ထွက်ကြစဉ်။

နာရေးကူညီမှုအသင်းအနေနဲ့ ထိခိုက်ဒဏ်ရာရသူ အနည်းအကျဉ်းသာတွေ့ခဲ့ရပြီး၊ ရာသီဥတုကြောင့် နာမကျန်းဖြစ်တဲ့သူတွေကို အကူအညီပေးရတာပိုများတယ်လို့ ဦးကျော်သူကပြောပါတယ်။

အပြန်အလှန်ကူညီ

ဒါ့အပြင် ဒီနှစ်သင်္ကြန်အတွင်း လူတဦး နဲ့ တဦး အချင်းချင်း အပြန်အလှန် ကူညီတာတွေကို ပိုတွေ့လာခဲ့ရတယ်လို့ လည်း အဆိုတော် မီမီဝင်းဖေက ပြောပါတယ်။

"သင်္ကြန်မှာ ပိုသိသာတာက ပိုပြီးတော့ တယောက်နဲ့တယောက် အကူအညီ လို တယ် တယောက်နဲ့တယောက် စည်းကမ်းပိုရှိဖို့ လိုတာပေါ့နော်။ သင်္ကြန်မှာ သူတို့မှာ အဲ့စိတ်တွေရှိတယ်ဆိုတာ ပိုပေါ်လွင်လာတယ်။ တယောက်နဲ့တယောက်လည်း ထိန်းနေကြတယ် စည်းကမ်းရှိအောင် နေကြတယ် အမှိုက်တွေ ဘာတွေ သိပ်မပစ်ဘူး။ နောက် တာဝန်ရှိတဲ့ ဝန်ထမ်းတွေကလည်း ပျော်ပျော်ရွှင်ရွှင်နဲ့ တယောက်နဲ့တယောက် အပြန်အလှန်ပေါ့နော် လူတွေကလည်း ရဲတွေကို ကူ ရဲတွေကလည်း လူတွေကိုကူ အဲ့လိုသဘောမျိုးလေးတွေနဲ့ ပျော်ကြပါတယ် အားလုံး။"

အခုနှစ်ကတော့ ရန်ကုန်မြို့မှာတော့ အရင်က အမြဲလိုလိုမြင်တွေ့ခဲ့ရတဲ့ သင်္ကြန်အကတွေအပြင်၊ သံချပ်တွေ၊ အလှပြကားပြိုင်ပွဲတွေပါ တိုးလာနေတာကို ထူးထူးခြားခြား တွေ့မြင်လာနေရပါတယ်။