Your browser doesn’t support HTML5
တိုင်းရင်းဒေသတချို့မှာ ဗိုလ်ချုပ်အောင်ဆန်းရုပ်ထု ထားရှိရေးကိစ္စကြောင့် ပြဿနာတက်နေပါတယ်။ ဒီလုပ်ရပ်ဟာ တိုင်းပြည်အတွက် ကောင်းကျိုးတစုံတရာဆောင်ကျဉ်း နိုင်ပါသလား၊ ဒါမှမဟုတ် အကျိုးယုတ်စေနိုင်သလား ဆိုတာ ၁၉၉၀ ပြည်ရွေးကောက်ပွဲတုံးက ပုလဲမြို့နယ် NLD ပြည်သူ့လွှတ်တော် ရွေးကောက်ခံကိုယ်စားလှယ် ဒေါက်တာတင့်ဆွေနဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
မေး ။ ။ ဆရာနဲ့ကျနော် မကြာသေးခင်ကမှ မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးစု ပြဿနာတွေအကြောင်းကို ဆွေးနွေးခဲ့ကြပါတယ်။ ဒီကနေ့ ဆွေးနွေးချင်တဲ့အကြောင်းအရာကလည်း အဲဒါနဲ့ ဆက်စပ်နေတယ်လို့ပြောရင် မှားမယ်မဟုတ်ပါဘူး။ မြန်မာ့လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ရုပ်ထုကို တည်ဆောက်ဖို့ ကြိုးစားတာနဲ့ ပြည်နယ်တချို့မှာ ကန့်ကွက်တာတွေ ကြားခဲ့ရပါတယ်။ အခုနောက်ဆုံးကြားရတဲ့ ကယားပြည်နယ်မှာဆိုရင် အကြမ်းဖက်တဲ့အထိ ဖြစ်လာတယ်လို့ ကြားသိရပါတယ်။ ဆိုတော့ တိုင်းရင်းသားတွေနဲ့ ဆက်ဆံရေး အကဲဆတ်နေတဲ့အချိန် အတိမ်းအစောင်း မဖြစ်အောင် ပိုသတိထားရမယ့်အချိန်မှာ ဒီလိုပြဿနာမျိုး ဖြစ်တာဟာ နိုင်ငံရေးအတွက် အလားအလာ မကောင်းလှဘူးလို့ ကျနော် အကြမ်းမျဉ်း မြင်မိပါတယ်။ ဆရာရဲ့ သဘောထားကို အကျဉ်းရုံးပြောပါ။
ဖြေ ။ ။ ဒီသတင်းတွေထွက်လာကတည်းက ကျနော်လည်း အတော်စိတ်မကောင်း ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုပဲဖြစ်ဖြစ်၊ တခုခု လုပ်ကိုင်ရာမှာ သဘောမတူလို့ ဆန္ဒပြတဲ့ကိစ္စတွေမှာ ရိုးရိုးသားသား စစ်စစ်မှန်မှန် မကြိုက်တာကို မကြိုက်ဘူးလို့ ထုတ်ဖော်တာတပိုင်းနဲ့ နောက်တခါ အခုလိုကာလမျိုးမှာ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်မှာ တက်နေတဲ့ အစိုးရနဲ့ဆိုင်တဲ့ဟာကို နောက်ထပ်အတိုက်ခံလို့ ပြောရမယ့် အာဏာမရသေးတဲ့ပါတီတွေက ဒါကို ဆူပူမှုဖြစ်ဖြစ်၊ လူစုလူဝေးနဲ့ဖြစ်ဖြစ် မကြိုက်တာကို ဖော်ပြမှုတွေနဲ့ လုပ်တာလဲ မဖြစ်နိုင်ဘူးလားလို့ စဉ်းစားမိတယ်။ ဒါက အခြေခံကြီးနှစ်ချက်ပေါ့။
တိုင်းရင်းသားပြည်နယ်တွေမှာ ဖြစ်လာတဲ့ကိစ္စကတော့ ပိုပြီးတော့ စိတ်မကောင်းစရာလို့ မြင်ပါတယ်။ တကယ်တမ်းပဲ မနှစ်မြိုတဲ့ တိုင်းရင်းသားလူမျိုးတွေ ရှိပါလိမ့်မယ်။ အဲဒီလိုနေရာမျိုးမှာ ဗိုလ်ချုပ်အောင်ဆန်းလို တိုင်းပြည်ရဲ့ဖခင်၊ တိုင်းပြည်ရဲ့ ဗိသုကာရုပ်ထုကို တည်ထားခြင်း၊ တည်အောင်လုပ်ခြင်းဟာ ဒေသခံတွေနဲ့ ညှိနှိုင်းမှု၊ ပြေလည်အောင်လုပ်မှုတွေ လိုအပ်သလားလို့ ကျနော်ယူဆတယ်။ ချုပ်ပြောရရင်တော့ မဖြစ်သင့်တာတွေ ဖြစ်နေသလားလို့ ကျနော် သံသယ ရှိနေပါတယ်။
မေး ။ ။ နှစ်ချက် ကျနော်က ပြန်လှန်ဆွေးနွေးလိုပါတယ်။ ပထမတချက်ကတော့ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ထုထားတာနဲ့ ပတ်သက်ပြီးတော့ အာဏာရနေတဲ့ အစိုးရမို့လို့ဆိုပြီးတော့ မလိုလားတဲ့ အင်အားစုတွေ၊ အတိုက်အခံတွေဘက်က လုပ်တယ်ဆိုရင်၊ ပြည်မမှာ ဒီလိုမဖြစ်ဘဲနဲ့ တိုင်းရင်းသားပြည်နယ်မှာ လုပ်တယ်ဆိုတော့ တမင်သွေးထိုးဆွပေးသလို ဖြစ်နေသလား။ နောက်တခုက တိုင်းရင်းသားတချို့က ပြောပါတယ် ဒီကိစ္စကို ကန့်ကွက်တဲ့လူတချို့က ဗိုလ်ချုပ်အောင်ဆန်းကို မလေးစားလို့ မဟုတ်ပါဘူးလို့ ပြောတာကိုလည်း ကြားရပါတယ်။ အဲဒါကြတော့ ဒီအချိန်မှာ ဒါထက်အရေးကြီးတာ လုပ်စရာ မရှိဘူးလား။ အဲဒါလဲ မေးစရာတခု ရှိတယ်လို့ထင်တယ်။
ဖြေ ။ ။ ဒီနေရာမှာ နောက်ဆုံးဖြစ်တဲ့ ကယားပြည်နယ်ကိုကြည့်ရင် ကယားပြည်နယ်က ပြည်နယ်တွေထဲမှာ ထူးခြားတဲ့ ပြည်နယ်တခု ဖြစ်ပါတယ်။ အရွယ်အစား အင်မတန်မှ သေးပါတယ်။ သမိုင်းအကြောင်းအရပြောရင် ကိုလိုနီခေတ်မှာ မြန်မာနိုင်ငံနဲ့အပြိုင် ဖြစ်ခဲ့တဲ့နေရာဒေသတခု ဖြစ်ပါတယ်။ ဒီအခြေခံနှစ်ချက်ပေါ်မှာ ပြီးခဲ့တဲ့ ၂၀၁၅ နဲ့ ၂၀၀၀ ခုနှစ် ရွေးကောက်ပွဲတွေကိုကြည့်ရင် ဒီနေရာသေးသေးလေးမှာ အချိုးကျရဆိုရင် အမတ်ဦးရေများတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက အဲဒီနေရာမှာ တကယ့်လူကြီးဆိုတဲ့ ပုဂ္ဂိုလ်တွေ သွားပြီးတော့ ရွေးကောက်ပွဲဝင်ကြတယ်။ တနည်းအားဖြင့် ကယားလို့ဒေသမှာ အရေအတွက်ကိုကြည့်ပြီးတော့ကော၊ နောက်တခါ ဒေသခံလူတွေရဲ့ အရေအတွက်နည်းပါးမှုကို ကြည့်ပြီးတော့ အသုံးချချင်တဲ့နိုင်ငံရေးအင်အားစုတွေလည်း ရှိတယ်လို့ ကျနော်က မြင်တယ်။ ဒါကတော့ တချက်ပေါ့။ နောက်တခါ မွန်ပြည်နယ်မှာ ဗိုလ်ချုပ်အောင်ဆန်းနာမည်နဲ့ တံတားကိစ္စတွေ ဖြစ်ခဲ့ပြီသား။ အဲဒီလို အနုတ်လက္ခဏာပြတဲ့ သတင်းတွေ ထွက်ခဲ့တဲ့အပေါ်မှာ ဆက်ပြီးတော့ လုပ်လာခြင်းဟာ တကယ်တော့ နှစ်ခါပြန်စဉ်းစားရမယ့်ကိစ္စတွေ လိုအပ်သလားလို့ ကျနော်ကတော့ စိုးရိမ်ပါတယ်။
မေး ။ ။ ကျနော်လည်း အဲဒါကို ပြောချင်ပါတယ်။ ဒီအချိန်မှာလုပ်ဖို့ လိုသလား။ နောက်တခုက ဒီလိုလုပ်တယ်ဆိုတာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မူအနေနဲ့ ချမှတ်တာလား။ သို့တည်းမဟုတ် ဒေသအာဏာပိုင်တွေက အတင်းတွန်းပြီးတော့ လုပ်ချင်တာလား။ သူတို့ရဲ့ အာဏာကြီးစိုးမှုကို ပြချင်တဲ့သဘောနဲ့ လုပ်နေသလား။ အဲဒီလိုတွေလုပ်နေတယ်ဆိုရင်တော့ မလုပ်သင့်တဲ့ ခြေလှမ်းလို့ပဲ ထင်ပါတယ်။
ဖြေ ။ ။ ကျနော်လည်း သဘောတူတယ်။ ဘာကြောင့်လဲဆိုတော့ NLD ပါတီဟာ ၁၉၈၈ အုံ့ကြွမှုကြီးအပြီးမှာ ပေါ်ထွက်လာတဲ့ပါတီကြီး။ ဒီထဲမှာ လူမျိုးစုံ၊ အသိပညာမျိုးစုံ၊ အခြေခံမျိုးစုံကလူတွေပါတဲ့ အဖွဲ့အစည်းတခု ဖြစ်ပါတယ်။ အဲဒီအထဲမှာ တချို့ကလည်း Activist လို့ခေါ်ရတဲ့ လှုပ်ရှားတက်ကြွတဲ့ အလုပ်မျိုးကို အင်မတန်မှ စိတ်ထက်သန်တဲ့လူမျိုးတွေ ရှိတယ်။ လူစုလူဝေး လုပ်ချင်တဲ့ဟာ၊ ထင်ပေါ်ချင်တဲ့ဟာကို အားသန်တဲ့လူတွေလည်း ရှိတယ်။ အဲဒီလိုရှိတဲ့နေရာမှာ ကျနော်ထင်တာကတော့ တာဝန်ရှိတဲ့ခေါင်းဆောင်ပိုင်းက ထိန်းကြောင်းမှု လုပ်ပေးနိုင်မှသာလျှင် အကျိုးနဲ့အဆိုး မျှတတဲ့ ဆုံးဖြတ်ချက်ကို ရပါလိမ့်မယ်။ ဒါကြောင့် NLD ပါတီအနေနဲ့ ဒီဟာတွေကို ကြီးကြပ်ကွပ်ကဲ၊ လမ်းညွှန်မှုတွေများ လိုအပ်ချက် ရှိနေသလားလို့ ကျနော် ထင်ပါတယ်။
မေး ။ ။ တချို့ကလည်း ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို၊ ရုပ်ထုတွေကို နေရာတကာမှာလုပ်ဖို့ ကြိုးပမ်းနေတဲ့ လူတွေဟာ ဒေါ်အောင်ဆန်းစုကြည် အလိုကျများ လုပ်နေသလားလို့ ဝေဖန်သုံးသပ်ကြတာ ရှိနေပါတယ်။ ဖြစ်နိုင်ပါသလား။
ဖြေ ။ ။ ပြောရတာတော့ မှန်းပြီးပြောရတာဆိုတော့ သုံးသပ်ချက်က မှန်ကောင်းမှမှန်မယ်။ အခုနက ဆွေးနွေးပြောခဲ့သလို လူတွေကလည်းအမျိုးမျိုးရှိတယ် - မျက်နှာလိုမျက်နှာရ လုပ်ချင်တဲ့လူတွေလည်း ရှိမယ်။ နောက်တခါ ဒီဟာပဲ လုပ်ချင်လုပ်တတ်တဲ့ လူမျိုး။ တကယ့်နိုင်ငံရေးမှာ အရေးကြီးတဲ့ကိစ္စတွေက ဘာလဲလို့ မတွေးတတ်ဘူး။ အခုဆိုရင် ၂၀၁၉ ဆိုတော့ ၂၀၂၀ ရွေးကောက်ပွဲကိစ္စကိုလည်း ကြိုပြီးတော့မြင်ဖို့လိုတယ်။ နောက်တခါ လက်ရှိပြောင်းလဲနေတဲ့ကိစ္စ - ဒီဟာတွေပေါ်မှာလည်း အာရုံစိုက်သင့်တယ်။ ဒီထက်အရေးကြီးတာတွေ အများကြီးရှိတယ်လို့ ကျနော်မြင်တယ်။ ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စ။ အလားတူပဲ တည်ဆောက်ရေးကိစ္စတွေ၊ မှားတာတွေကို မှန်အောင်ပြင်တဲ့ကိစ္စတွေ လုပ်သင့်တယ်။ ဒီရုပ်ထုကိစ္စက အတော်အသင့်လောက်ပဲ လုပ်သင့်တယ်။ အကျိုးနဲ့ နောက်ဆက်တွဲဖြစ်တာကို ချင့်ချိန်းနိုင်မှသာ NLD က ပိုပြီးတော့ရေရှည်မှာကောင်းမယ်။ နေုာက်တခါ တည်ငြိမ်ရင့်ကျက်တဲ့ပါတီဖြစ်အောင် ကြိုးစားဖို့လိုတယ်လို့ ကျနော်မြင်ပါတယ်။
မေး ။ ။ နောက်တခု ကျနော် စဉ်းစားမိတာက ဗိုလ်ချုပ်အောင်ဆန်းက NLD တပါတီထဲပိုင်တာ မဟုတ်ဘူး ဆရာ။ ပြည်ထောင်စုတခုလုံး ပိုင်တယ်။
ဖြေ ။ ။ မှန်ပါတယ်။ အဲဒါလည်း အရေးကြီးပါတယ်။ ပြည်ထောင်စုတခုလုံးနဲ့ အရပ်သားတင်မကဘူး၊ တပ်မတော်ကိုယ်တိုင်လည်း ပိုင်တယ်လို့ ပြောလို့ရတယ်။ ဒီတော့ အားလုံးနဲ့ဆိုင်တဲ့ကိစ္စမှာ ငါတို့ပါတီကပဲဆိုတဲ့ အယူအဆမျိုးဟာ ကျဉ်းမြောင်းတယ်လို့ ကျနော် ယူဆတယ်။
မေး ။ ။ အဲဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုကိုပြပြီးတော့ NLD မဲနိုင်ရေးအတွက် လုပ်တယ်ဆိုရင်တော့ သိပ်မလုပ်သင့်တဲ့ကိစ္စ - ပြန်စဉ်းစားရမယ့်ကိစ္စ ဖြစ်တယ်။
ဖြေ ။ ။ ဒါကိုလည်း ကျနော် သဘောတူပါတယ်။ အဲဒီလိုတော့ မဖြစ်သင့်ဘူး။ ကိုယ့်ပါတီကိစ္စတင် မဟုတ်ဘဲ၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဂုဏ်သိက္ခာ၊ ဂုဏ်အရှိန်ကို ကျနော်တို့က ကြည့်ကြရမှာ။ တတိုင်းတပြည်လုံးနဲ့ဆိုင်တယ်။ လူအားလုံးနဲ့ဆိုင်တဲ့ကိစ္စကို ကျနော်တို့က တင်ကိုပေးရမှာ။ သူများက ဗိုလ်ချုပ်အောင်ဆန်းကို ချီးမြှောက်ရင် ကျနော်တို့က ဘေးကနေ လက်ခုပ်တီး၊ အားပေးပြီး၊ ဝမ်းမြောက်မုဒိတာ ဖြစ်ရမှာ။ ဒို့မှဒို့ဆိုတဲ့ အယူအဆမျိုးကတော့ ကျဉ်းတဲ့ နိုင်ငံရေးအမြင်ပဲ ဖြစ်ပါတယ်။
မေး ။ ။ တသက်လုံး ဗိုလ်ချုပ်အောင်ဆန်းကို တပြည်လုံး လေးစားလာခဲ့ကြတာ အဲဒီလို NLD အဖွဲ့ဝင်တချို့ပဲ ထားပါတော့ သူတို့တွေရဲ့ လုပ်ရပ်ကြောင့် ဗိုလ်ချုပ်အောင်ဆန်းပါ သိက္ခာကျရမယ့်သဘော ဖြစ်နေတာက လုံးဝမလိုလားအပ်တဲ့ ကိစ္စတွေပေါ့။
ဖြေ ။ ။ ကျနော်လည်း တော်တော်လေး စိတ်မကောင်း ဖြစ်မိပါတယ်။ ပါတီက ဒုတိယနဲ့ ပထမကတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဂုဏ်ရှိန်။ နောက်တခါ အားလုံးချုပ်လိုက်လို့ရှိရင် တိုင်းပြည်ရင် သွေးစည်းညီညွှတ်မှု၊ သဘောထားပြေပြစ်မှု လမ်းကြောင်းပေါ်မှာ အဟန့်အတားတခု ဖြစ်ကောင်းဖြစ်လာမယ်ဆိုတော့ စိတ်မကောင်းစရာတခု ဖြစ်ပါတယ်။
မေး ။ ။ နောက်ဆုံး ကယားကိစ္စမှာဆိုရင် အောက်ခြေအာဏာပိုင်တွေရဲ့ ကိုင်တွယ်ပုံကလည်း အတော်လေးလွှဲနေတယ်လို့ ကျနော်က သုံးသပ်မိပါတယ်။
ဖြေ ။ ။ အဲဒါမျိုးလည်း သာဓကမြောက်မြားစွာ NLD အစိုးရတက်မှ ဖြစ်ခဲ့ပါတယ်။ ကျောင်းသားတွေကိစ္စ၊ သတင်းထောက်တွေကိစ္စ စသည်ဖြင့်ပေါ့။ အစိုးရကတော့ အစိုးရနဲ့တူအောင် လုပ်ရတာတွေရှိတာ မှန်ပါတယ်။ နောက်တခါ အစိုးရလို့ ပြောပေမယ့်လဲ ပြည်ထဲရေးကိစ္စတွေမှာ ဝင်မစွက်ဖက်နိုင်သေးတာလဲ မှန်တယ်။ နောက် ဒီထက်မှန်တာတခုကတော့ ဝန်ထမ်းတွေ။ အနှစ်နှစ်အလလ တိုင်းပြည်လစာစားခဲ့တဲ့ ဝန်ထမ်းတွေမှာ နိုင်ငံရေးအပြောင်းအလဲ အသိစိတ်ဓါတ်၊ ခေတ်အပြောင်းအလဲစိတ်ဓါတ်မှာ လိုက်မမီဘဲနဲ့ ဒို့လုပ်စရာရှိတာလုပ်မယ်။ ဒို့ဖမ်းစရာရှိတာ ဖမ်းမယ်။ ဆွဲချစရာရှိ ဆွဲချမယ်ဆိုတဲ့အကျင့်။ ခြစားလာဘ်စားအပါအဝင်တွေက မပျောက်သေးတော့ ဒီဒဏ်တွေပါ NLD အစိုးရက ခံနေရတယ်။ ရှောင်လို့လဲ မရဘူး။ ငြင်းလို့လည်း မရဘူး။ ဒီဟာတွေပါ NLD အစိုးရက ကြည့်သင့်တယ်လို့ ကျနော် မြင်ပါတယ်။
မေး ။ ။ ဆိုတော့ ဒီဘက်က ဗိုလ်ချုပ်ရုပ်ထုထားရှိရေးကိစ္စကို ဇွတ်ဆက်ပြီးတော့ လုပ်နေကြမယ်ဆိုရင် NLD အစိုးရနဲ့ တိုင်းရင်းသားဒေသတွေရဲ့ ကွဲပြားမှုကိုရော ဘယ်လောက်အထိ ရိုက်ခတ်သွားမယ် ထင်ပါသလဲ။
ဖြေ ။ ။ အချိန်အခါတခုလို့ ပြောရမှာပေါ့။ သို့သော်လဲပဲ တိုင်းရင်းသားတွေဘက်ကရော၊ NLD ဘက်ကရော အမျှော်အမြင်ကြီးတဲ့၊ သီးခံစိတ်ရှည်နိုင်စွမ်းရှိတဲ့ ခေါင်းဆောင်တွေလည်း ရှိပါတယ်။ ဒါကြောင့် ကျနော် မြင်တာကတော့ အရေးကြီးဆုံးက တိုင်းရင်းသားသွေးစည်းညီညွှတ်ရေးပါ။ ပြည်ထောင်စုကြီး မပြိုကွဲရေးဆိုတဲ့ ကိစ္စပေါ့။ ဒါ စစ်တပ်ရဲ့ အသုံးအနှုန်းပါ။ သို့သော်လဲ ဒါတွေက မှန်ပါတယ်။ ဒီအတွက်ကတော့ အပြန်အလှန် အစိုးရဘက်ကဖြစ်ဖြစ်၊ ဗမာလို့ပြောတဲ့ဘက်ကဖြစ်ဖြစ်၊ တပ်မတော် စစ်တပ်ဘက်ကဖြစ်ဖြစ်၊ တိုင်းရင်းသားဘက်ကဖြစ်ဖြစ် အမျှော်အမြင်ကြီးတဲ့ ခေါင်းဆောင်တွေက ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်မှသာလျှင် အားလုံးတိုင်းပြည်အတွက် ကောင်းလာမှာပါ။
နိဂုံးမှတ်ချက် -- သောတရှင်များခင်များ … တကယ်တော့ ဗိုလ်ချုပ်အောင်ဆန်းဆိုတာ ပြည်ထောင်စုသားအားလုံးရဲ့ ရင်ထဲအသည်းထဲမှာ ရှိပြီသား ဖြစ်ပါတယ်။ ဒါကိုမှ ပါတီတခုရဲ့ အကျိုးစီးပွားအတွက် ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုကို အတင်းအဓမ္မ တိုင်းရင်းသားဒေသတွေမှာ လက်ခံစေချင်ဟာ ကောင်းကျိုးတစုံတရာ မရှိနိုင်တဲ့အပြင်၊ ဆိုးပြစ်တွေသာ များလာလေမလားဆိုတာကို အလေးအနက် စဉ်းစားသင့်ပါကြောင်း သုံးသပ်တင်ပြလိုက်ပါတယ်။