Your browser doesn’t support HTML5
အမျိုးသမီးတွေရဲ့ စွမ်းရည်နဲ့ သူတို့ပါဝင်တဲ့အခန်းကဏ္ဍနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲတွေလုပ်ပြီး စာအုပ်စာတမ်းတွေ ထုတ်ဝေတာကို တွေ့ရပါတယ်။ မြန်မာပြည်ဆိုင်ရာမှာတော့ ကုလသမဂ္ဂ UNDP ငြိမ်းချမ်းရေးဆုကို ဒေါက်တာစင်သီယာမောင် ရရှိသွားတာ ထင်ရှားပါတယ်။ ငြိမ်းချမ်းရေးလှုပ်ရှားမှုများမှာ အမျိုးသမီးတွေ တက်ကြွစွာပါဝင်လာအောင် ရည်ရွယ်တဲ့ဆု ဖြစ်ပါတယ်။ ၂၀၀၈ အတွက် ဆုပေးဖို့ ရွေးချယ်ထားသူ (၅၆) ဦး ရှိပါတယ်။ ဒီအထဲမှာ (၁၀) ဦးကို ငြိမ်းချမ်းရေးဆုပေးဖို့ မဲဆန္ဒနဲ့ ဆုံးဖြတ်ခဲ့ပါတယ်။ အင်ဒိုနီးရှား၊ အာဖဂန်နစ္စတန်၊ နေပေါလ်၊ ပါကစ္စတန်၊ ဖိလစ်ပိုင် နဲ့ သီရိလင်္ကာနိုင်ငံတွေကလည်း ဆုရရှိကြပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (၁၀) ဖွဲ့က အမျိုးသမီး (၄၀) ရဲ့ အလုပ်ရုံဆွေးနွေးပွဲ စက်တင်ဘာလက ရန်ကုန်မှာ ပထမဦးဆုံးအကြိမ် ကျင်းပခဲ့ပါတယ်။ ငြိမ်းချမ်းရေးရအောင် ကြိုးပမ်းရာမှာ အမျိုးသမီးပါဝင်မှုနဲ့ ခေါင်းဆောင်မှု မြင့်မားလာဖို့အတွက် ရည်ရွယ်ကြောင်း သိရပါတယ်။ အစဉ်အလာအရ တက်ကြွမှုနည်းတဲ့ အမျိုးသမီးတွေ စိတ်အားထက်သန်ပြီး အလုပ်ပိုလုပ်နိုင်အောင် အလုပ်ရုံဆွေးနွေးပွဲ လုပ်ရတာလို့ ဆိုပါတယ်။ ပြည်ထောင်စုလွှတ်တော်မှာ အမျိုးသမီး (၁၀) ရာခိုင်နှုန်းသာရှိပြီး (၂၁) ရာစု ပင်လုံ ငြိမ်းချမ်းရေးညီလာခံ တက်ရောက်သူတွေထဲမှာ အမျိုးသမီးက (၂၀) ရာခိုင်နှုန်းသာ ရှိပါတယ်။
မြန်မာပြည်မှာ အမျိုးသား-အမျိုးသမီး ခွဲခြားဆက်ဆံမှုနဲ့ ပတ်သက်ပြီး အသေအချာ သုတေသန ပြုလုပ်သင့်တယ်လို့ Paul Minoletti ဆိုသူက ၂၀၁၇ မှာ စာတမ်းတစောင် ရေးခဲ့ဖူးပါတယ်။ မြန်မာ့လူဦးရေးမှာ (၅၂) ရာခိုင်နှုန်းက အမျိုးသမီးလူဦးရေ ဖြစ်ပေမယ့် သူတို့ပါဝင်တဲ့ အခန်းကဏ္ဍဟာ အလွန်နည်းနေတာမို့ Minoletti က ပိုပြီးစိတ်ဝင်စားတာလည်း ဖြစ်နိုင်ပါတယ်။ ပြည်ထောင်စုအဆင့် အမျိုးသမီးဝန်ကြီးဆိုလို့ ဒေါ်အောင်ဆန်းစုကြည် တယောက်တည်း ရှိပါတယ်။ တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ် (၁၄) ဦးမှာ အမျိုးသမီး (၂) ဦးသာရှိပြီး မြန်မာက ဒုတိယအနည်းဆုံး ဖြစ်ပါတယ်။ အစိုးရအမှုထတ်းတဝက်ကျော်ဟာ အမျိုးသမီးတွေဖြစ်ပေမယ့် ဒုအထွေထွေညွှန်ကြားရေးမှူးနဲ့ အထွေထွေညွှန်ကြားရေးမှူးနေရာတွေမှာတော့ အမျိုးသမီး မရှိပါဘူး။ ဒါကြောင့် အပြည်ပြည်ဆိုင်ရာ အရပ်သားအဖွဲ့တွေက အမျိုးသမီးသင်တန်းတွေ ပေးကြပါတယ်။
မြန်မာပြည်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေတ်လိုဖြစ်နေလို့ စွမ်းရည်ရှိတဲ့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍဟာ မထင်မရှား ဖြစ်နေပါတယ်။ ဒါကြောင့် ရန်ကုန်အခြေစိုက် အလွတ်သတင်းထောက် Jennifer Rigby က The Other Ladies of Myanmar ဆိုတဲ့ စာအုပ်ကို မနှစ်က စင်္ကာပူမှာ ထုတ်ဝေလိုက်ပါတယ်။ ကြမ်းတမ်းခက်ထန်တဲ့ဘဝကို ရဲရဲရင့်ရင့် ရင်ဆိုင်ကြပြီး ယုံကြည်ချက်အတွက် ရုန်းကန်လှုပ်ရှားတဲ့ အမျိုးသမီးတွေအကြောင်း ဖြစ်ပါတယ်။ ချင်းအမျိုးသမီး Cheery Zahau စပြီး၊ လယ်သူမ မာမာရွှေ နဲ့ ဆရာလေးဒေါ်ကေတုမာလာတို့အပါအဝင် အမျိုးသမီး (၁၂) ဦးရဲ့ ဘဝဇာတ်ခုံတို့ကို တင်ပြထားပါတယ်။ သူတို့လို စိတ်ဓါတ်ခိုင်မာပြီး စွမ်းရည်ရှိတဲ့ အမျိုးသမီးတွေ အများကြီးလိုအပ်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးစနစ်မှာ အမျိုးသားက လွှမ်းမိုးနေတဲ့အတွက် ဥပဒေပြုပြီး အမျိုးသမီးတွေကို အကူအညီပေးသင့်ကြောင်း ရေးထားတဲ့ဆောင်းပါးကို နိုဝင်ဘာလ (၈) ရက်နေ့ထုတ် Frontier စာစောင်မှာ ဖော်ပြထားပါတယ်။ ရေးသူက ဥပဒေသုတေသီ Alison Chan ဖြစ်ပါတယ်။ သူရဲ့ တင်ပြပုံက ရှင်းပါတယ်။ အမျိုးသမီးနဲ့ အမျိုးသမီးတို့ဟာ လိုအပ်ချက်ချင်း မတူညီကြပါဘူး။ ဒါကြောင့် အစိုးရအသုံးစရိတ် ဘတ်ဂျက်ရေးဆွဲတဲ့အခါမှာ အမျိုးသမီးလိုအပ်ချက်ကို ထည့်သွင်းစဉ်းစားရမယ်လို့ ဆိုပါတယ်။ ဥပမာ အမျိုးသမီးအမှုထမ်း ကိုယ်ဝန်ရှိပြီး ကလေးမွေးတဲ့ကာလမှာ လစာပေးနိုင်ဖို့အတွက် အစိုးရမှာ အသုံးစရိတ် အလုံအလောက်ရှိဖို့ လိုပါတယ်။ ဒီလိုအပ်ချက်ကို မဖြည့်ဆည်းနိုင်ရင် အမျိုးသမီးအမှုထမ်းအနေနဲ့ အလုပ်ဆက်လုပ်ဖို့ အခက်အခဲ ရှိပါတယ်။ ဒါကြောင့် အမျိုးသမီးလိုအပ်ချက်နဲ့ သင့်တော်တဲ့ ဘတ်ဂျက်ကို ပြဌာန်းဖို့ တိုက်တွန်းထားပါတယ်။
အမျိုးသမီးတွေရဲ့ စီးပွားရေးလောကမှာ ပါဝင်လာမှ တိုးတက်ဖွံ့ဖြိုးနိုင်တယ်ဆိုတာကို အများက လက်ခံထားကြပါတယ်။ စီးပွားရေးနဲ့ ဘဏ္ဍာရေးမှာ အမျိုးသမီးတွေပါဝင်လာမှ ဖွံ့ဖြိုးတိုးတက်လာတာကို ကမ္ဘာ့ဘဏ်နဲ့ အခြားဘဏ္ဍာရေးအဖွဲ့တို့ရဲ့ အစီရင်ခံစာတွေမှာ မကြာခဏ တွေ့နိုင်ပါတယ်။ လွန်ခဲ့တဲ့ အောက်တိုဘာလကတော့ သုတေသီ (၇) ဦး ရေးထားတဲ့ Women and the Law စာအုပ်ကို Council of Foreign Relations အဖွဲ့က ထုတ်ဝေလိုက်ပါတယ်။ နိုင်ငံပေါင်း (၁၈၉) နိုင်ငံအနက် (၉၀) ရာခိုင်နှုန်းမှာ အမျိုးသမီးတွေ စီးပွားရေး မလုပ်နိုင်အောင် ဟန့်တားထားတဲ့ ဥပဒေ တစ်ခုလောက်တော့ ရှိတယ်လို့ ဆိုပါတယ်။
အလုပ်ခွင်ထဲမှာ စော်ကားမခံရအောင် ကာကွယ်ပေးနိုင်မယ့် ဥပဒေမရှိတဲ့ နိုင်ငံက (၅၉) နိုင်ငံ ရှိပါတယ်။ မိန်းမအလုပ်လုပ်တာကို ယောကျ်ားက ဥပဒေအရ တားမြစ်ပိုင်ခွင့် (၁၈) နိုင်ငံမှာ ရှိပါတယ်။ အမျိုးသမီးတွေ စီးပွားရေးလုပ်လို့မရအောင် တင်းကျပ်ထားတဲ့ ဥပဒေတွေကလည်း အများကြီးရှိပါတယ်။ အလုပ်မှာ ခွဲခြားခံရမှု ရှိနေဆဲ ဖြစ်ပါတယ်။ အမျိုးသမီးလုပ်နိုင်တဲ့ အလုပ်ဆိုပြီး သတ်မှတ်ထားတဲ့ နိုင်ငံတစ်ရာကျော် ရှိပါတယ်။ (၁၈၉) နိုင်ငံမှာ (၄၀) ရာခိုင်နှုန်းကသာ အမျိုးသား-အမျိုးသမီး လစာတူညီကြပါတယ်။ အလုပ်ခွဲခြား ဆက်ဆံမှုမရှိရင် ကမ္ဘာ့စီးပွားရေးမှာ ဒေါ်လာသန်းပေါင်း (၁၂) သန်း တိုးပွားလာလာဖွယ် ရှိပါတယ်။