Your browser doesn’t support HTML5
ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ မြောက်ပိုင်းမဟာမိတ်တွေရဲ့ လုပ်ရပ်ဟာ စိုးရိမ်ဖွယ်ကောင်းတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးအကြီးအကဲဟောင်း Priscilla Clap က ပြောကြားလိုက်ပါတယ်။ တချိန်တည်းမှာပဲ Donal Trump သမ္မတရာထူး လက်ခံပြီးတဲ့နောက် မြန်မာ-အမေရိကန် ဆက်ဆံရေး ရုတ်တရက်ပြောင်းလဲ နိုင်စရာမရှိဘူးလို့လဲ ဆိုပါတယ်။ Priscilla Clap နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
Ms. Priscilla ။ ။ အစိုးရသက်တမ်းက (၁) နှစ် မပြည့်သေးဘူးဆိုတာ ပထမဦးဆုံး ပြောချင်ပါတယ်။ ဒါပေမဲ့ အချိန်တိုအတွင်းမှာပဲ အောင်မြင်မှုတွေ အများကြီး ရရှိနေပြီလို့ ကျမ ထင်ပါတယ်။ ဒါတွေထားပြီးတော့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ကြည့်ကြရအောင်ပါ။ NLD မဟုတ်တဲ့ နိုင်ငံရေး ရည်မှန်းချက်ကိုယ်စီ ရှိနေကြတဲ့ တခြားအဖွဲ့အစည်းတွေက ငြိမ်းချမ်းရေးဖြစ်စဉ်ကို သိပ်ပြီးတော့ ဝေဖန်ကြပါတယ်။ သူတို့က ရလဒ်ကောင်း ချက်ချင်းလိုချင်ကြတယ်။ ကျမအမြင်မှာ ဒါဟာ မဖြစ်နိုင်ပါဘူး။ ဒီတိုက်ပွဲတွေ၊ ပဋိပက္ခတွေဟာ နှစ်ပေါင်းများစွာ အမြစ်တွယ်လာခဲ့တာပါ။ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် အနည်းဆုံး မျိုးဆက်တဆက်လောက် အချိန်ယူရပါလိမ့်မယ်။ အခု ပင်လုံညီလာခံ ပုံစံ လုပ်နေတာဟာ ရှေ့ဆက်သွားဖို့ မှန်ကန်တဲ့ပုံစံလို့ ထင်ပါတယ်။ ဒါပေမဲ့ ရှည်လျားခက်ခဲ့ပါလိမ့်မယ်။ အခု ငြိမ်းချမ်းရေးဖြစ်စဉ်ကို ကြည့်ရင် တိုင်းရင်းသားလူနည်းစု အဖွဲ့တချို့ဟာ တိုက်ပွဲသစ်တွေ စတင်နေကြတာ တွေ့ရပါတယ်။ ဒီအတွက် ကျမ အထူးကို စိုးရိမ်နေပါတယ်။ သူတို့က တပ်မတော်ကို အပြစ်တင်ကြတယ်။ ရှမ်းနဲ့ကချင်မှာ တပ်မတော်ရဲ့ ထိုးစစ်ရပ်ဖို့ လိုပါတယ်။ ဒါပေမဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေအနေနဲ့ လူနေထူထပ်တဲ့ မြို့ပြတွေအထိ တိုက်လာတာဟာ သိပ်ကိုရက်စက်ရာ ကြပါတယ်။ ငြိမ်းချမ်းရေးအတွက် လုံးဝအထောက်အကူ မဖြစ်စေပါဘူး။ ဒါကြောင့် ဒီကိစ္စမှာ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်တင်မယ်ဆိုရင် မမှန်ပါဘူး။
ဦးကျော်ဇံသာ ။ ။ ရှမ်းနဲ့ကချင်ဒေသမှာ တပ်မတော်ရဲ့ ထိုးစစ်ကို ရပ်ဖို့လိုတယ်လို့ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူ့ရဲ့ ငြိမ်းချမ်းရေးဆန္ဒအတိုင်း တပ်မတော်က လိုက်နာလာအောင် လုပ်ဆောင်နိုင်မယ်၊ ဆွဲဆောင်နိုင်မယ်လို့ ထင်ပါသလား။
Ms. Priscilla ။ ။ တိုင်းရင်းသားတွေက သဘောတူညီချက်တခုကို အားလုံးက တပေါင်းတစည်းထဲ ပါဝင်လက်ခံကြမယ်ဆိုရင် တပ်မတော်က သူ့အလိုလို ပါဝင်လာပါလိမ့်မယ်။ တိုင်းရင်းသားတွေက အခု အဲဒီလို မပါဝင်ကြပါဘူး။ အားလုံး ညှိနှိုင်းထားတဲ့ ပြည်လုံးကျွတ် အပစ်အခတ်ရပ်စဲရေးကို တိုင်းရင်းသား (၈) ဖွဲ့ (၉) ဖွဲ့ပဲ လက်မှတ်ထိုးကြတယ်။ ပါဝင်ဆွေးနွေးကြတဲ့ ကျန်အဖွဲ့တွေကလည်း အခြေခံအားဖြင့် သဘောတူခဲ့ကြတာပါ။ ဆိုတော့ ဆက်လက်ပြီးတော့ အပေးအယူ လုပ်ကြရမှာပါ။ အထူးသဖြင့် မြောက်ပိုင်းမဟာမိတ်တွေပါ ပါဝင်လာရင် တပ်မတော်လည်း ပါလာမယ်လို့ ကျမ ယုံကြည်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ လက်မှတ်မထိုးတဲ့ အဖွဲ့တွေက NCA လို့ ခေါ်တဲ့ ပြည်လုံးကျွတ်အပစ်ရပ်စဲရေးကို ပြန်ပြင်ပေးပါ။ ဒီအချက် ဒီအချက်တွေကိုဆိုပြီး အဆိုပြုတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်က ဒီဟာကို ဘာမှပြန်မပြင်ဘဲနဲ့။ မူရင်းအတိုင်းပဲ ထုတ်ပြန်ပြီးတော့ လက်မှတ်ရေးထိုးဖို့ ပြန်ခိုင်းနေတာကို တွေ့ရပါတယ်။ အဲဒါကြတော့ကော။
Ms. Priscilla ။ ။ ပထမတချက် ပြောချင်တာက သူတို့ သဘောတူပြီးသာ အချက်တွေကိုပဲ သူတို့က ပြန်ပြင်ရမယ်ဆိုပြီးတော့ လုပ်လာကြတာပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး သတင်းမှားတွေကလည်း အများကြီးပါ။ ငြိမ်းချမ်းရေးဖြစ်စဉ် စပြီးတဲ့နောက် အသစ်ဖွဲ့စည်းလာတဲ့ အုပ်စုတွေလည်း ရှိပါတယ်။ ဒါက ဘာသဘောလဲ။ TNLA, AA စတာတွေ တခါ MMDAA လည်း ပြန်ပေါ်လာပြန်ပါတယ်။ ဒီပြဿနာတွေ အမျိုးစုံပဲ။ ကျမအမြင်မှာတော့ ငြိမ်းချမ်းရေးဖြစ်စဉ်ထဲက အမြတ်ထုတ်ဖို့ ကြိုးပမ်းနေတာပဲ။ သူတို့ ရည်ရွယ်ချက်ကို အထူးသံသယ ဖြစ်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဒီမြောက်ပိုင်းမဟာမိတ်ကိစ္စမှာ တရုတ်ရဲ့ အခန်းကဏ္ဍကို ဘယ်လို မြင်ပါလဲ။ တရုတ်ဟာ သူတို့နောက်ကွယ်က ရှိနေတယ်လို့ ဆိုနိုင်မလား။
Ms. Priscilla ။ ။ မြောက်ပိုင်းမဟာမိတ်တွေရဲ့ မကြာသေးခင်က လုပ်ရပ်တွေဟာ တရုတ်က ဆွပေးတယ်လို့ မထင်ပါဘူး။ သူတို့သဘောနဲ့ သူတို့လုပ်တဲ့ကိစ္စ ဖြစ်ပါတယ်။ တရုတ် ပါဝင်ပတ်သက်တယ်ဆိုတာကတော့ မလွယ်မရှောင်သာတဲ့ ကိစ္စပါ။ တိုက်ပွဲတွေအားလုံး တရုတ်နယ်စပ်မှာ ဖြစ်နေတာပါ။ ဒုက္ခသည်အားလုံး တရုတ်ဘက်ကို ထွက်ပြေးနေကြပါတယ်။ ဆိုတော့ တရုတ်အကျိုးစီးပွားနဲ့ ဆက်စပ်နေပါတယ်။ ဒီနေရာမှာ ကျမအထင် ပြောရရင်တော့ တရုတ်အနေနဲ့ကလဲ မြောက်ပိုင်းမဟာမိတ်တွေကို ဒီလိုမျိုး မလုပ်ဖို့ ဟန့်တားခဲ့မယ်လို့ ကျမက ထင်ပါတယ်။ ပြီးတော့ ဒီတိုက်ပွဲတွေဖြစ်အောင် လုပ်ဆော်ပေးရလောက်အောင်လည်း တရုတ်အတွက် အကျိုးအမြတ် တစုံတရာ ရှိလာနိုင်စရာ မရှိပါဘူး။
ဦးကျော်ဇံသာ ။ ။ ဆိုရင် အခု ဖြစ်နေတဲ့ ပြဿနာ ပြေလည်ရေးမှာ တရုတ်အနေနဲ့ တစုံတရာ ဖိအားပေးနိုင်မယ့်သဘော တွေ့ရပါသလား။ ဖိအားပေးနိုင်မယ့် အလားအလာ ရှိတယ် ထင်ပါသလား။
Ms. Priscilla ။ ။ မြန်မာအစိုးရက ဒီအရေးအတွက် တရုတ်နဲ့ ဆွေးနွေးမှုတွေ လုပ်နေတယ်ဆိုတာကိုတော့ သိရပါတယ်။ ဒါတွေဟာ ကောင်းတဲ့လုပ်ရပ်ပါ။ တရုတ်ဘက်ကလည်း ကူညီရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ မြောက်ပိုင်းမဟာမိတ်တွေအပေါ် ဖိအားသုံးနိုင်တဲ့ အခြေအနေ သိပ်မရှိဘူးလို့ ထင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဒီနေရာမှာ နောက်တခု မေးစရာရှိတာကတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေး၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ အပါအဝင် နိုင်ငံရေးပါတီတချို့က ဒီအရေးဟာ တိုင်းပြည်ရဲ့ လုံခြုံရေးအတွက် ကြီးမားတဲ့ စိန်ခေါ်မှုတရပ် ဖြစ်လာနေတယ်။ ဒါကြောင့် နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေး ခေါ်ပြီးတော့ ဆွေးနွေးဖို့ တောင်းဆိုနေပါတယ်။ သုံးသပ်သူတချို့ကတော့ ဒီပါတီတွေဟာ စစ်တပ်အတွက် လမ်းကြောင်းပေးနေတယ်လို့ ဆိုနေကြပါတယ်။
Ms. Priscilla ။ ။ ဒီပါတီတွေ ဘယ်ကလာတယ်ဆိုတာကို ကြည့်ရင်တော့ အဲဒီသုံးသပ်ချက်ဟာ လုံးဝကို ဖြစ်နိုင်ပါတယ်။ ပါတီနှစ်ခုစလုံး စစ်တပ်က ဖန်တီးခဲ့တာပါ။ ဆိုတော့ သူတို့က စစ်တပ်အတွက် လမ်းကြောင်းပေးနေတာပဲ။ ဒါပေမဲ့ စစ်တပ်ကခိုင်းလို့ ဒီလို ပြောနေရတာလို့ ကျမ မပြောလိုပါဘူး။ ကာကွယ်ရေးနဲ့ လုံခြုံရေးကော်မတီဆိုတာ ၂၀၀၈ ဖွဲ့စည်းပုံထဲမှာ စစ်တပ်က ထည့်သွင်းရေးဆွဲထားတာပါ။
ဦးကျော်ဇံသာ ။ ။ လုံခြုံရေးအခြေအနေ ဆိုးတယ်လို့ ပြောကြတဲ့အထဲမှာ အဆိုးဆုံးအခြေအနေကတော့ ရခိုင်ပြည်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်းတောဒေသ ဖြစ်ပါတယ်။ အဲဒီဒေသမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကြီးအကျယ် ဖြစ်ပွားနေတယ်ဆိုတဲ့ စွပ်စွဲပြောဆိုမှုတွေ ရှိနေပါတယ်။ အစိုးရက ဒါကို ငြင်းဆန်တယ်။ ဒီဟာ မဟုတ်ပါဘူးလို့ ဆိုပါတယ်။ ဆိုတော့ ဒီအစိုးရရဲ့ ပြောဆိုမှုနဲ့ နိုင်ငံတာက အသိုင်းအဝိုင်းတို့ ကမ္ဘာ့မီဒီယာလောကတို့ရဲ့ ပြောဆိုချက်တွေနဲ့အကြား ဘယ်လို မြင်ပါလဲ။
Ms. Priscilla ။ ။ ကျမအမြင်ကတော့ လူတွေကို အဲဒီဒေသ သွားရောက်ခွင့်မပြုရင် ဒေသခံတွေနဲ့ တွေ့ဆုံမေးမြန်းခွင့် မပြုရင် ဘာဖြစ်နေတယ်လို့ ပြောဖို့ သိပ်ခက်ပါတယ်။ အခု ကိုဖီအာနန် ကို မောင်းတောသွားခွင့်ပြုတာ သိပ်ကောင်းတဲ့ လက္ခဏာတရပ်ပါ။ ဒါဟာ ဖွင့်ပေးလိုက်တဲ့ သဘောပါ။ ဒါပေမဲ့ အစိုးရအနေနဲ့ အဲဒီမှာ ပိုပြီးတော့ ပွင့်လင်းမြင်သာမှုရှိအောင် ဖန်တီးပေးဖို့ လိုမယ်လို့ ကျမက ထင်ပါတယ်။ အခုမှားယွင်းတဲ့ ကောလဟာလတွေ ပျံ့နှံ့နေတာ အမှန်ပဲ ဖြစ်ပါတယ်။ ဒါတွေကို တိုက်ဖျက်ချင်တယ်ဆိုရင် လာရောက်စုံစမ်းနိုင်အောင်လို့ ဖွင့်ပေးသင့်ပါတယ်။ အဲဒီဒေသ အခြေအနေကို စုံစမ်းစစ်ဆေးပြီးတော့ အစီရင်ခံဖို့ ကော်မရှင်တရပ်လည်း ဖွဲ့စည်းပေးလိုက်တယ်လို့ သိရပါတယ်။ ပေါ်ထွက်လာမယ့် အစီရင်ခံစာကို စောင့်ကြည့်ရပါလိမ့်မယ်။ ဒါပေမဲ့ အရင်အတွေ့အကြုံတွေအတိုင်း ပြောရမယ်ဆိုရင်တော့ ဒီကိစ္စ အများအပြားဟာ ဆိုးဆိုးဝါးဝါး ပုံကြီးချဲ့ထားတယ်ဆိုတာကို တွေ့ရပါတယ်။ ဒါဟာ ကောလဟာလသမားတွေက လုပ်ကြံဖန်တီပြီးတော့ နိုင်ငံတကာသတင်းလောကထဲကို ထည့်ပေးကြပါတယ်။ ဒီလိုနဲ့ ဟုတ်သယောင်ယောင် ဖြစ်သွားတော့တယ်။ ဆိုတော့ တကယ့်အချက်အလက်ကို၊ ပကတိ အခြေအနေကို စုံစမ်းစစ်ဆေးနိုင်အောင်လို့ အစိုးရက ခွင့်ပြုလိုက်မယ်ဆိုရင်တော့ ထင်ကြေးနဲ့ ပြောဆိုမှုတွေ အမြန်ဆုံး ပျောက်ကွယ်သွားပါလိမ့်မယ်။
ဦးကျော်ဇံသာ ။ ။ ကိုဖီအာနန် ကော်မရှင်အနေနဲ့ ဒီလို ကောလဟာလတွေ ပျံ့နံှ့နေတဲ့ နိုင်ငံတကာ သတင်းလောက က လူ့အခွင့်အရေး လှုပ်ရှားသူတွေရဲ့ အပေါ်မှာ သြဇာသက်ရောက်မှု ရှိနိုင်မယ် ထင်ပါလား။
Ms. Priscilla ။ ။ ကိုဖီအာနန် ကော်မရှင်အနေနဲ့ ရှိနေတဲ့ တဘက်သတ် စွပ်စွဲပြောဆိုချက်တွေကို မျှမျှတတ ဖြစ်စေနိုင်လိမ့်မယ်လို့ ကျမ ထင်ပါတယ်။ ဒါကြောင့်လဲ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် အနေနဲ့ ကိုဖီအာနန် ကော်မရှင်ဟာ နိုင်ငံတကာအသိုင်းအဝိုင်းဆီ ရောက်ရှိနေတဲ့ သတင်းတွေကို မျှတမှုရှိအောင် စွမ်းဆောင်နိုင်မယ်လို့ မျှော်လင့်ပြီးတော့ ဖွဲ့စည်းပေးခဲ့တာ ဖြစ်ပါလိမ့်မယ်။
ဦးကျော်ဇံသာ ။ ။ နောက်တခု မေးချင်တာက မြန်မာပြည်သူတွေ အများစုတင်မကဘူး၊ တပြည်လုံးက စိတ်ဝင်စားနေတဲ့ ကိစ္စတခု ဖြစ်ပါတယ်။ အဲဒါကတော့ Donald Trump က သမ္မတရာထူး လက်ခံပြီး၊ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ ဘယ်လို ဖြစ်လာနိုင်မလဲဆိုတာ ဖြစ်ပါတယ်။
Ms. Priscilla ။ ။ အမေရိကန် အများအပြားကလည်း အလားတူ ဒါကိုပဲ စိတ်ဝင်စားနေကြတာပါ။ နှစ်နိုင်ငံ အပြန်အလှန် ဆက်ဆံရေးမှာ လောလောဆယ် အပြောင်းအလဲ တစုံတရာ တွေ့ရလိမ့်မယ်လို့ ကျမ က မထင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အစိုးရသစ် တက်လာရင် ပထမဦးစားပေး လုပ်ဆောင်ရမယ့် ကိစ္စတွေက အများကြီးပါ။ ပြီးတော့ အရှေ့အလယ်ပိုင်း၊ ပင်လယ်ကွေ့ဒေသ၊ အီရတ် စတဲ့ ကမ္ဘာ့ကျန်နေရာတွေမှာ အရေးတကြီး ဖြစ်နေတဲ့ကိစ္စတွေ အများကြီးပါ။ နောက်တခု မြန်မာ-အမေရိကန် နှစ်နိုင်ငံ အပြန်အလှန် ဆက်ဆံရေးဟာ ဘဏ္ဍာရေးကဏ္ဍ၊ ပိတ်စို့ဒဏ်ခတ်မှုတွေကို ရုတ်သိမ်းလိုက်ပြီးနောက်ပိုင်း အင်မတန် တည်ငြိမ်တဲ့လမ်းကြောင်းကို ရောက်ရှိနေပါပြီ။ အဲဒီနောက် ရှေ့ဆက်ဆောင်ရွက်ဖို့ နှစ်နိုင်ငံ ဆွေးနွေးညှိနှိုင်းရေးအဖွဲ့ကိုလည်း ဖွဲ့စည်းထားပြီးပါပြီ။ အခက်အခဲတွေကို ကိုင်တွယ်ဖြေရှင်းဖို့ပါ။ ဒါကြောင့် မီဒီယာတွေအပေါ်မှာ တဘက်နဲ့တဘက် အပြန်အလှန် အော်ဟစ်နေစရာလည်း မရှိတော့ပါဘူး။ ဆိုတော့ အမေရိကန်အစိုးရထိပ်ပိုင်းတွေ အနေနဲ့ အပြောင်းအလဲ ရှိရှိမရှိရှိ မြန်မာ-အမေရိကန် နှစ်နိုင်ငံ ဆက်ဆံရေးဟာ ပုံမှန်လမ်းကြောင်းအတိုင်း ဆက်သွားလိမ့်မယ်လို့ ကျမကတော့ ယုံကြည်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဒီနေရာမှာ နှစ်နိုင်ငံဆက်ဆံရေး ဆိုတာထက် ဒေသတခုလုံးအထိ ချဲ့ထွင်ပြီးတော့ ကြည့်မယ်ဆိုရင်ကော။ ဥပမာ အာဆီယံကိစ္စ၊ တရုတ်ကိစ္စနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ထည့်တွက်လာမယ်ဆိုရင် မြန်မာ-အမေရိကန် ဆက်ဆံရေးကို ဘယ်လို ရိုက်ခတ်အုံးမယ် ထင်ပါလဲ။
Ms. Priscilla ။ ။ ဒါကတော့ ပိုပြီးတော့ ကြီးကျယ်တဲ့ မေးခွန်း ဖြစ်ပါတယ်။ ကျမအနေနဲ့ မဖြေနိုင်သေးပါဘူး။ တက်လာတဲ့ သမ္မတသစ်နဲ့ အစိုးရသစ်အပေါ် မူတည်ပါလိမ့်မယ်။ သူတို့က တရုတ်နဲ့ ဘယ်လို ဆက်ဆံလာမလဲ။ ကျမတို့ရဲ့ အရှေ့အာရှ မဟာမိတ်တွေ ဖြစ်ကြတဲ့ တောင်ကိုရီးယား၊ ဂျပန်တို့နဲ့ ဘယ်လို ဆက်ဆံလာမလဲ။ ဒါ့အပြင် ဖိလစ်ပိုင်သမ္မတ လုပ်နေပုံကိုလဲ စောင့်ကြည့်နေရပါတယ်။ ဒါကလဲ အပြတ်မပြောနိုင်သေးတဲ့ ကိစ္စပါ။ မြန်မာနဲ့ တိုက်ရိုက်မပတ်သက်သေးပေမယ့် အာဆီယံနဲ့ ပတ်သက်လို့ကတော့ အပြောင်းအလဲတချို့ ဖြစ်လာနေပါပြီ။ သမ္မတသစ် တက်လာပြီး (၂) လ (၃) လအတွင်း တခုခု ဖြစ်တတ်တာကတော့ အစဉ်အလာပါပဲ။ အစိုးရသစ်ရဲ့ ဆုံးဖြတ်ချက်ချတဲ့ ယန္တရားကို စမ်းသပ်မှုတွေလိုပဲ ဆိုရပါလိမ့်မယ်။ George W. Bush သမ္မတ ဖြစ်ခါစကဆိုရင် တရုတ်နဲ့ ပြဿနာ တက်ခဲ့ရတာ ရှိပါတယ်။ နောက်ကျမှ ပြေလည်သွားရတာပါ။ ဒီလို သွေးတိုးစမ်းတဲ့ ပြဿနာတွေက အမြဲတမ်း ရှိတတ်ပါတယ်။ ဆိုတော့ ကျမတို့အနေနဲ့က အဆိုးဆုံးအခြေအနေအတွက် ထိုင်ခုံခါးပတ်ကို မြဲမြဲစည်းထားရပါလိမ့်မယ်။ အခုလောလောဆယ်မှာ TPP လို့ခေါ်တဲ့ ပစ္စီဖိတ် တဘက်တချက် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် ပျက်သွားရတာဟာ အမေရိကန်ပြည်ထောင်စုနဲ့တကွ အဲဒီမှာ ပူးပေါင်းပါဝင်ချင်သူတွေအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတရပ် ဖြစ်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ တရုတ်အတွက်တော့ ကြီးမားတဲ့ အောင်မြင်မှုပေါ့။
Ms. Priscilla ။ ။ ဟုတ်ပါတယ်။ တရုတ် စိတ်တိုင်းကျ ဖြစ်သွားတာပေါ့။ မေးစရာတောင် မလိုပါဘူး။ အခု သူတို့စိတ်တိုင်းကျ ကုန်သွယ်ရေး သဘောတူညီချက်ကို သူတို့ အစောတလင် ဆက်လုပ်ပြီး လုပ်ဆောင်နေပါပြီ။ ဒါပေမဲ့ ကျမတို့အားလုံးအတွက်ကတော့ တကယ့်ကို ဆုံးရှုံးမှုပါ။ ဘယ်လို ဖြစ်လာမလဲဆိုတာတော့ စောင့်ကြည့်ရပါလိမ့်မယ်။