နိုင်ငံရေးမှာ တပ်မတော်ဦးတည်မှုကဏ္ဍ ဖွဲ့စည်းပုံမှာ ပြင်ဆင်သင့်

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအဆိုကို အာဏာရ ကြံ့ခိုင်ရေးပါတီက တင်သွင်းခဲ့တာဟာ အများစိတ်ဝင်စား စရာ ဖြစ်လာပါတယ်။ ဒါပေမဲ့လည်း ဖွဲ့စည်းပုံပါ စစ်တပ်ရဲ့ လုပ်ပိုင်ခွင့်တွေကို တကယ်ပဲ လျှော့ချမလား။ လူ့အခွင့်အရေးနဲ့ပတ်သက်လို့ အာမခံချက်တွေ တကယ်ပဲ တိုးလာမလား။ စိုးရိမ်သံသယတွေ ရှိနေတာ တွေ့ရပါတယ်။ AHRC အာရှလူ့အခွင့်အရေးကော်မရှင်က လူ့အခွင့်အရေးရှေ့နေ ဦးမင်းလွင်ဦးရဲ့ အမြင်ကိုတော့ ကိုသားညွန့်ဦး က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ ၂၀၀၈ ခုနှစ်တုန်းက စစ်အစိုးရလက်ထက်မှာ ရေးဆွဲတာကို ခေတ်နဲ့ အညီ ပြန်ပြင်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်ခင်ဗျ။ အဲ့တော့ အခု ဒီမိုကရေစီ အရပ်သားအစိုးရအနေနဲ့ ခေတ်နဲ့ညီအောင်ဆိုရင် ဘယ်လိုအချက်တွေကို ပြင်သင့်တယ်လို့ လူ့အခွင့်အရေးရှေ့နေတဦးဖြစ်တဲ့ ကိုမင်းလွင်ဦးရဲ့ အမြင်ပေါ့။

“ဒီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို စပြောင်းမယ်ဆိုလို့ရှိရင် ပထမဆုံးအနေနဲ့ကတော့ ထိပ်ဆုံးမှာရှိတဲ့ အမျိုးသားနိုင်ငံရေး ဦးတည်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးကို အစဉ်တစိုက် ဦးတည်သည်ဆိုတဲ့ အချက်ကို စတင်ပြီးတော့ ပြောင်းရမှာဖြစ်ပါတယ်။ ဒီမိုကရေစီ နိုင်ငံတော်တွေကို တည်ထောင် တဲ့အခါမှာ တပ်မတော်က အစဉ်တစိုက် ဦးဆောင်တာမဟုတ်ဘဲနဲ့ ပြည်သူတွေ ရဲ့ ရွေးချယ်တင်မြှောက်တဲ့ အစိုးရက အစဉ်တစိုက် ဦးဆောင်သွားတာဖြစ်တယ်။ မဖြစ်မနေ ပြောင်းလဲဖို့ လိုအပ်တဲ့ အချက်တွေ ၁၂ ချက်လောက်ရှိပါတယ်။”
“လွှတ်တော်ကိုယ်စားလှယ်တွေက ပြည်ထောင်စုဝန်ကြီး ဒါမှမဟုတ် ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ထားခြင်းခံရ တယ်ဆိုရင် လွှတ်တော်ကိုယ်စားလှယ်အဖြစ်က နှုတ်ထွက်ပြီးသား ဖြစ် ရမယ်လို့ သတ်မှတ်ထားတယ်။ ဒါပေမဲ့လည်း ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီးဌာနအတွက် ခန့်အပ်ထားတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေကိုကျတော့ အငြိမ်းစားယူရန်၊ နှုတ်ထွက်ရန်မလို ဆိုပြီးတော့ သတ်မှတ်ထားပြန်တယ်။ အဲ့တော့ အဲ့ဒီတွေမှာ လွှတ်တော်ကိုယ်စားလှယ်တွေခြင်း တူလျက်သားနဲ့ အခွင့်အရေးတွေ မတူနေတာတွေကို ပြန်လည် ညှိနှိုင်းပေးဖို့ လိုပါတယ်။”
“နိုင်ငံတော်သမ္မတနဲ့ ဒုသမ္မတ က စစ်ရေးအမြင်ရှိရမယ်လို့ဆိုတယ်။ သို့သော်လည်း ကျနော်တို့ အခု လက်ရှိ ဖြစ်နေတဲ့အချိန်မှာ ပြန်ကြည့်လိုက်ပါ။ ဒုသမ္မတ ဦးစိုင်းမောက်ခမ်း က အရပ်သားအဖြစ်က တက်လာတဲ့သူ ဖြစ်တယ်။ ဒါတွေက အခြေခံဥပဒေနဲ့ကို အခု ကတည်းကကို မကိုက်ညီတဲ့ အချက်အလက်တွေ ဖြစ်တဲ့အတွက် အဲ့ဒီအချက်တွေပါ ကိုက်ညီအောင် ပြုပြင်ပြောင်းလဲဖို့ လိုအပ်တယ်လို့ ကျနော်မြင်ပါတယ်။”

မေး။ ။ ဟုတ်ကဲ့ လူ့အခွင့်အရေးထောင့်ကနေ ပြောလို့ရှိရင် လူ့အခွင့်အရေး တိုးတက်ကောင်းမွန် လာစေဖို့ဆိုရင်ပေါ့ ဖွဲ့စည်းပုံမှာ ဘယ်အချက်တွေက ပြင်ဖို့ လိုအပ်တယ်လို့ မြင်ပါသလဲ။

“နိုင်ငံသားတွေရဲ့ အခွင့်အရေး၊ တရားဥပဒေဆိုင်ရာ အခွင့်အရေး၊ ဥပဒေပိုင်းဆိုင်ရာ အခွင့်အရေးတွေကို စာအုပ်မှာတင် ရေးထားတာမဟုတ်ဘဲနဲ့ အပြင်မှာ ထိထိရောက်
ရောက် လိုက်နာကျင့်သုံးနိုင်တဲ့ အခြေအနေအထိရောက်အောင် ဆောင်ရွက်ပေးနိုင်တဲ့ အစိုးရတရပ် ပေါ်ပေါက်လာဖို့ လိုတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေက နိုင်ငံတနိုင်ငံလုံးရဲ့ အမြင့်ဆုံး အထွတ်အထိပ် ဥပဒေဖြစ်တဲ့အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေပုံပါ စကားရပ် များနဲ့ ဆန့်ကျင်ကွဲလွဲခြင်း မရှိစေရဆိုတဲ့ အချက်အလက်မျိုးတွေ ထည့်သွင်းဖို့ လိုအပ် တယ်လို့ ကျနော်ကတော့ အကြံပြုချင်ပါတယ်။”

မေး။ ။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံဆိုတာကလည်း ဒီ ဗိုလ်ချုပ်တွေပဲ၊ နောက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို ဦးဆောင်တဲ့သူတွေ သူတို့ပဲ ကိုယ်တိုင် ရေးဆွဲခဲ့တာပါ။ အခုချိန်ကျတော့မှ ဘာကြောင့် ပြင်ဖို့ ကြိုးစားတယ်လို့ မြင်ပါသလဲ။

“နိုင်ငံတကာခရီးစဉ်တွေကို သွားတဲ့အခါမှာ နိုင်ငံတကာက နိုင်ငံတနိုင်ငံရဲ့ အုပ်ချုပ်တဲ့ အခါမှာ တရားဥပဒေ စိုးမိုးမှု ရှိ မရှိ၊ ဒီမိုကရေစီလမ်းကြောင်းကို တကယ် သွားနိုင်ခြင်း ရှိ မရှိ ဆိုတာတွေကို ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေ့လာယုံနဲ့ သူတို့တွေ သိရှိသွားတယ်။ တပ်မတော်က ၂၅ ရာခိုင်နှုန်း ပါနေတာတွေရှိတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဖို့ အတွက်ဆိုရင် ၇၅ ရာခိုင်နှုန်းကျော်က ထောက်ခံမှ ဒါ ပြင်ဆင်လို့ရမယ်ဆိုတဲ့ အချက် အလက်တွေက ဒီမိုကရေစီ နည်းလမ်းမကျဘူး ဆိုတာတွေကို သူတို့ကိုယ်တိုင်ကို နိုင်ငံခြား အစိုးရ ပညာရှင်တွေကလည်း ထောက်ပြလာတာတွေ တွေ့လာရတဲ့အချိန်မှာ ဒါ ပြင်ဖို့
ဖြစ်လာတယ်လို့ ကျနော်တို့ ထင်မြင်ယူဆပါတယ်။”
“နောက်တချက်က ၁ နှစ်ခွဲကာလအတွင်းမှာ အစိုးရသစ်အနေနဲ့ ပြင်ဆင်ထားတာတွေ အများကြီး တော်တော်များများရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရပ်ဘက်မှာရော၊ စစ်တပ်ဘက်မှာရော အုပ်ချုပ်ရေးပိုင်း အားလုံးကို သူတို့ဘက်က အခြေတကျ ပြင်ဆင် ထားပြီး ဖြစ်နေတဲ့အတွက် ဒါကြောင့်လည်း အခုလိုမျိုး ပြောတယ်လို့ ကျနော်တော့ ထင်မြင်ယူဆပါတယ်။”

မေး။ ။ ဟုတ်ကဲ့ တဘက်လှည့်တွေးမယ်ဆိုရင်တော့ အရင်ဖွဲ့စည်းပုံထဲမှာတော့ စစ်တပ်ရဲ့ ပါဝင်မှုက ကြီးပါတယ်။ အခု သူတို့ ဆန်းစစ်မယ် ပြင်မယ်ဆိုရင် စစ်တပ်ပါ ဝင်မှုက ခြေလှမ်း နောက်ဆုတ်သွားနိုင်တယ် ဆိုပြီးတော့ အကောင်းသဘော တွေးလို့ကော မရနိုင်ဘူးလား။ ဖြစ်လာနိုင်ချေပေါ့။

“တွေးလို့မရဘူးလားဆိုတာက ကာကွယ်ရေးနဲ့ လုံခြုံရေးကော်မတီမှာ ၁၁ ဦးရှိတဲ့အထဲမှာ တကယ်တမ်း အဆုံးအဖြတ်ပေးနိုင်တဲ့ ၆ ဦးက စစ်တပ်က ဖြစ်နေတယ်။ ဒါတွေကို သူတို့ လျှော့ပေးမလား။ အဲ့ဒီလိုမျိုး လျှော့ပေးတယ်ဆိုရင်တော့ ဒါတကယ်ပဲ သဘောထား အစစ်အမှန်နဲ့ ပြောင်းလဲတယ်ဆိုတဲ့ အခြေအနေမျိုးလို့ ကျနော်တို့ တစိတ်တပိုင်း လက်ခံလို့ရတာပေါ့။”

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်မှုက စစ်တပ်ရဲ့ လုပ်ပိုင်ခွင့်ကို ဘယ်လိုများ ရိုက်ခတ်နိုင်မလဲဆိုတာ AHRC က ရှေ့နေ ဦးမင်းလွင်ဦး ကို ကိုသားညွန့်ဦး က ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။