မြန်မာနိုင်ငံ ရခိုင် မြောက်ပိုင်းက လူမျိုးရေး ဘာသာရေးဆန်တဲ့ ပဋိပက္ခတွေနောက်ပိုင်း အာဏာပိုင်တွေရဲ့ နယ်မြေရှင်းလင်းမှုတွေကြောင့်ဘင်္ဂလားဒေ့ချ် နိုင်ငံဘက်ကို ထွက်ပြေးပြီးတော့ ခိုလှုံကြတဲ့ ရိုဟင်ဂျာတွေကို ကူညီဖို့ ကမ္ဘာ့ဘဏ်က ဒေါ်လာ ၁၆၅ သန်းပေးဖို့ သဘောတူလိုက်ပါတယ်။
သဘာဝကပ်ဘေးဆိုးတွေရဲ့ ဒဏ်တွေကို ကိုင်တွယ် ဖြေရှင်းဖို့နဲ့ လူမှုရေးရာ ပြန်လည်ထူထောင်ရေးတွေ အခြေခံ ဝန်ဆောင်မှု လိုအပ်ချက်တွေကို သုံးစွဲဖို့ ဖြစ်ပါတယ်။ ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် ကူညီထောက်ပံ့ဖို့ ဒေါ်လာ စုစုပေါင်း သန်း ၅၀၀ လောက်ပေးမယ်လို့ ၂၀၁၈ ဇွန်လမှာ ကမ္ဘာ့ဘဏ် ကတိပြုခဲ့တဲ့ ငွေထဲက အခုက တတိယ အသုတ်ပေးတာပါ။ အစောပိုင်းကတော့ ကျန်းမာရေးနဲ့ ပညာရေးအတွက် ဒေါ်လာ ၇၅ သန်း ကမ္ဘာ့ဘဏ်က ပေးခဲ့ပါတယ်။
အခုပေးအပ်တဲ့ အကူအညီတွေနဲ့ အခြေခံအဆောက်အအုံ ဆောက်လုပ်ပြင်ဆင်ရေး လူမှုအသိုင်းအဝိုင်းအတွင်း ခံနိုင်ရည်စွမ်းအား မြင့်မားရေး၊ ကျား-မ ခွဲခြားပြီးတော့ ဖြစ်ပွားတဲ့ အကြမ်းဖက်မှု တားဆီးရေး၊ ဒါတွေအပြင် ဒုက္ခသည်စခန်းအတွင်း ရေ ပေးဝယ်မှုစနစ် တခုတည်ဆောက်ပြီးတော့ မိုးရေ ခံယူသုံးစွဲဖို့၊ ပိုက်လိုင်းတွေ တပ်ဆင်ပြီးတော့ ရေပေးဝေဖို့နဲ့ မိလ္လာနဲ့ အညစ်အကြေးစွန့် စနစ်ကို ကောင်းမွန်အောင် လုပ်ဆောင်ဖို့တွေလည်း ပါဝင်ပါတယ်။
ဆိုင်ကလုန်း မုန်တိုင်းဒဏ် ခံနိုင်တဲ့ အဆောက်အအုံတွေ၊ လမ်းတွေ တည်ဆောက်ဖို့ကိုလည်း လုပ်ကြမှာပါ။ အခု ရိုဟင်ဂျာ ဒုက္ခသည်တွေ ခိုလှုံနေတဲ့ Cox's Bazar ဒေသဟာ ရာသီဥတုဒဏ်ခံရတဲ့ ဒေသဖြစ်ပြီးတော့ အဲ့မှာ ဒုက္ခသည်တွေက ကြပ်ကြပ်တည်းတည်းနဲ့ နေနေကြရတယ်လို့ကမ္ဘာဘဏ်က ပြောကြားသွားပါတယ်။
Your browser doesn’t support HTML5