သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာဒုက္ခသည်ပြန်ရေး မအောင်မြင်မှု ကုလမဟာမင်းကြီး စိုးရိမ်


မြန်မာနိုင်ငံတွင်းက အကြမ်းဖက်မှုတွေနဲ့ ဒုက္ခသည် အဖြစ်ရွှေ့ပြောင်းနေထိုင် ရတဲ့အခြေအနေတွေဟာ စီးပွားရေးလုပ်ငန်းတွေနဲ့ စီးပွားရေး အကျိုးအမြတ် ဆိုင်ရာကိစ္စတွေကြောင့် အဓိက ဖြစ်ပုံရတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet က ပြောဆိုပါတယ်။ နိုင်ငံတွင်း ငြိမ်းချမ်းရေး လုပ်ဆောင်မှုတွေမှာ အပြုသဘောဆောင်တိုးတက်မှုအချို့ရှိပေမယ့်လည်း၊ ရခိုင်ပြည်နယ်တွင်း အစိုးရတပ်နဲ့ ရခိုင်လက်နက်ကိုင်တို့အကြားတိုက်ပွဲတွေကြောင့် ဒေသတွင်း အရပ်သားတွေအပေါ် ထိခိုက်သက်ရောက်မှုတွေ ပိုကြီးလာတယ်လို့လည်း ကုလ မဟာမင်းကြီးက ဒီကနေ့ လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ ပြောဆို သွားပါတယ်။ ကိုသားညွန့်ဦး ဆက်ပြီး ပြောပြပါလိမ့်မယ်။

ကုလမဟာမင်းကြီးဟာ မြန်မာနိုင်ငံတွင်း ခွဲခြားဆက်ဆံမှုတွေ လူကိုလူလို မဆက်ဆံတဲ့ အခြေအနေတွေရှိတာကို ထောက်ပြသလို၊ ရခိုင်မြောက်ပိုင်းက ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေးမအောင်မမြင် ဖြစ်နေတဲ့အပေါ် စိုးရိမ်တဲ့အကြောင်းလည်း ပြောဆိုပါတယ်။ ကမ္ဘာအနှံ လူ့အခွင့်အရေးအခြေအနေနဲ့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံး ရဲ့လုပ်ငန်းများ တနှစ်တာအစီရင်ခံစာအဖြစ်နဲ့ ကုလမဟာမင်းကြီး Michelle Bachelet က ဒီနေ့လုပ်တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကို နှုတ်အားဖြင့် အစီရင်ခံစာ တင်သွင်းတာပါ။

ကမ္ဘာကြီးမှာ မညီမျှမှုတွေကြောင့် အခဲမကြေဖြစ်မှုတွေ အစွန်းရောက်မှုတွေ ပဋိပက္ခတွေဖြစ်ပြီး ငြိမ်းချမ်းရေးနဲ့လုံခြုံရေးကိုပါ ထိခိုက်စေတယ်လို့ မဟာမင်းကြီးက ပြောပါတယ်။ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ပဋိပက္ခတွေဟာလည်း စီးပွားရေးအကျိုး စီးပွားတွေကြောင့် အဓိက ဖြစ်ပုံရတယ်လို့ သူ့ အမြင် လူ့အခွင့်အရေးကောင်စီကို တင်ပြခဲ့ပါတယ်။

“ ရိုဟင်ဂျာတွေကို လူကို လူလို မဆက်ဆံတာတွေနဲ့ အခြား ရေရှည်ဖြစ်နေတဲ့ ခွဲခြား ဆက်ဆံမှုတွေအပါအဝင်၊ မြန်မာစစ်တပ်ကြောင့်ဖြစ်တဲ့ အကြမ်းဖက်မှုတွေနဲ့ ရွေ့ပြောင်းမှုတွေ မှာ စီးပွားရေးလုပ်ငန်းတွေနဲ့ စီးပွားရေး အကျိုးစီးပွားတွေက အဓိက အကြောင်းတရားဖြစ်ပုံရပါတယ်။”

ရိုဟင်ဂျာတွေအပါအဝင် ဒုက္ခသည်တွေရဲ့ နိုင်ငံသားအခွင့်အရေးနဲ့ သူတို့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေနဲ့အညီ လုံခြုံမှုရှိရှိ ဂုဏ်သိက္ခာရှိရှိနဲ့ သူတို့ ဆန္ဒတိုင်းနေရပ်ပြန်ရေး အစီအစဉ်တွေ မအောင်မမြင်ဖြစ်ခဲ့တဲ့အပေါ် သူ့အနေနဲ့ စိုးရိမ်ကြောင်း ပြောပါတယ်။ မြန်မာငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ပတ်သက်လို့ သူ့စိုးရိမ်မကင်း ဖြစ်မှုကိုလည်း ပြောသွားပါတယ်။

“ ဒေသအချို့မှာ အပစ်အခတ်ရပ်စဲရေးဖြစ်နေတာတွေဟာ အပြုသဘော တိုးတက်မှု သဘောဆောင်ပါတယ်။ ဒါပေမယ့်လည်း စစ်တပ်နဲ့ ဗုဒ္ဓဘာသာ ရခိုင်လက်နက်ကိုင် အုပ်စုအကြားဖြစ်နေတဲ့ ရခိုင်ပြည်နယ်က တိုက်ပွဲတွေကြောင့် အရပ်သားတွေအပေါ် နောက်ထပ် ထိခိုက်သက်ရောက်မှုတွေနဲ့ ပြဿနာသစ်ဖြစ်လာပါတယ်။”

ရခိုင်ပြည်နယ်တွင်းက ရိုဟင်ဂျာမွတ်ဆလင်တွေအနေနဲ့ သူတို့ကိုယ်သူတို့ သတ်မှတ်ခေါ်ဝေါ်တဲ့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုံးသုံးခွင့်အပါအဝင် လူမျိုးစုတွေနဲ့ ဘာသာရေးလူနည်းစုတွေရဲ့ အခွင့်အရေးကို အကာအကွယ်ပေးဖို့ကိုလည်း ကုလ မဟာမင်းကြီးက တိုက်တွန်းခဲ့ပါတယ်။ မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကိုလက်မခံပါဘူး။

အခု ကျင်းပနေတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာ မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေးအထူးကိုယ်စားလှယ် Yanhee Lee ကလည်း လာမယ့် တနလာၤနေ့ကျရင် နှုတ်အားဖြင့် အစီရင်ခံစာတင်ဖို့ရှိပါတယ်။ အဲဒီအစီရင်ခံစာထဲ မြန်မာ့လူ့အခွင့်အရေးအခြေအနေ နဲ့ ပတ်သက်လို့ ဝေဖန်ထားသလို၊ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှူပ်နှံသူတွေနဲ့ လူမှုမီဒီယာတွေအနေနဲ့ လူ့အခွင့်အရေးမြင့်တင်မှု ထောက်ခံအားပေးကြဖို့ သူက တိုက်တွန်းထားပါတယ်။

ဒါ့အပြင် မြန်မာစစ်တပ်နဲ့ဆက်နွယ်နေတဲ့အစုအဖွဲ့တွေ၊ ဘာသာရေး အစွန်းရောက်အဖွဲ့တွေဟာ Facebook ကိုအသုံးပြုပြီး အမုန်းစကားတွေနဲ့ သတင်းမှားတွေ ဆက် ဖြန့်ချီနေတယ်လို့လည်း ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် အစီရင်ခံစာမှာ ပါရှိပါတယ်။ မြန်မာပြည်ထောင်စုဝန်ကြီး ဦးကျော်တင် ကတော့ ရခိုင်မြောက်ပိုင်းအရေးနဲ့ဆက်စပ်ပြီး နိုင်ငံတကာဟာ အဆိုးမြင်ရှုထောင့်ကနေ စိတ်ဝင်စားနေကြတာဟာ စိတ်မကောင်းစရာဖြစ်တယ်လို့ အခု လူ့အခွင့်အရေးကောင်စီ ညီလာခံအစပိုင်းမှာ ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG